ylliX - Online Advertising Network

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ခွေးစကား – MoeMaKa Media


(မိုးမခ) နိုဝင်ဘာ ၂၀ ၊ ၂၀၂၄

“လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုပြီး မအလက မီးပုံးပျံလွှတ်တော့ မူလစစ်ခွေး ရဲခွေးတင်မက နောက်မှ ခွေးဇာတ်သွင်းခံရတဲ့ ပျူခွေးတွေပါ အကုန်လန့်နေကြတယ်။ ကျွန်ဝယ်ရာ အဆစ်ပါမှာက နန်းတွေ။ 

ဟိုအကောင်က သူတို့ကို အကုန်ရင်းဖို့ တပ်လှန့်လိုက်တော့ မလန့်ခံနိုင်ရိုးလား။ သူတို့လဲ သူတို့ရဲ့လားရာကိုသိပြီဆိုတော့ ခေါင်းချင်းဆိုင်သူဆိုင်၊ အသံတိတ်ချိပ်ဆက်တာတွေလုပ်သူ လုပ်ကြရပြီပေါ့။ အင်း ထွက်ပေါက်သာလျက် အပြေးခက် လမ်းတွက်မဟုတ်ချေဆိုသလို ပြေးရဲဖို့ဘဲလိုသမို့လား။ ခွေးစကားယုံရင်တော့ ခွေးဖြစ်ပြီမို့ ခွေးသေဝက်သေ သေရုံဘဲရှိတော့မယ်၊ ရှေ့မှာလဲ သေသွားတာက အများကြီး။ ပင်လယ်လှိုင်းလို တော်လှန် ရေးကတော့ ရပ်မှာမဟုတ်၊ တလှိုင်းပြီးတလှိုင်းပုတ်တော့မှာ။ ပင်လယ်လှိုင်းဆိုတာ အမှိုက်မှန်သမျှ ပုတ်ထုတ်မှာလေ။ လဲ့ပြာကြည်စင်တဲ့ ရေပြင်ကိုဘဲ ဖန်တည်းတာ လှိုင်းရဲ့ဓမ္မ။

ဟိုအကောင်ကတော့ မလုပ်ရဲတာ ဘာမှမရှိလို့ပြောထားပြီးသား။ အေးလေ မလုပ်ရဲစရာလဲ ဘာမှမရှိဘူးပေါ့။ သူ့ဘဝနဲ့ သူ့မိသားစုအသက်မှမဟုတ်တာ။ ဘယ်သူ မုဆိုးမဖြစ်ဖြစ်၊ ကြူခေါ မဲအဖောက်မခံရဖို့၊ ဘယ်သူ ဒုက္ခိတဖြစ်ဖြစ် သူ့ခြေထောက် မပြတ်ဖို့၊ ဘယ်သူ ဖတဆိုးဖြစ်ဖြစ် အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန် ပထွေးကို အဖေမခေါ်ရဖို့၊ ဘယ်ကလေး ဗုံးကျလို့ အသားတစစီနဲ့သေသေ သူ့မြေးမလေးတွေ အပိုင်းပိုင်းပြတ် မသေဖို့ဘဲလေ။ သူ့မိသားစုချည်းကျန် အလံမလှဲစိတ်ဓာတ်ပေါ့။ နေမရတော့ရင် စည်းစိမ်အသာမ တရုတ်လစ်ပြေးကြရုံဘဲမဟုတ်လား။ အသုံးချခံကောင်တွေကတော့ ဘက်မပြောင်းရင် အကြောင်းမလှ အလောင်းမရဘို့ဘဲရှိတာ၊ မအလကတော့ ခြံစောင့်ခွေးအားကိုးနဲ့ မြောက်ကြွမြောက်ကြွ ထောက်ကွထောက်ကွလုပ်နေအုံးမှာဘဲ။

ခွေးအသက်မပြောနဲ့၊ နိုင်ငံ့အချုပ်အချာအာဏာတောင် တရုတ်လက် ဝကွက်အပ် တိုင်းပြည်လိုက်သင်းသပ်လိုက်တဲ့ကောင်ဆိုတော့ ဒီသောက်ဉာဏ်ပု မထုခွဲရဲစရာ ဘာဆိုဘာမှမရှိ။ သူ့ကြောင့် တိုင်းပြည်ပျက်၊ အရင်းအမြစ်ကုန်၊ အမွေအနှစ်မှန်သမျှ ပြာကျ၊ တမြေတည်းနေ တရေ‌တည်းသောက် တပေါက်ထဲမွေးချင်းတောင် အပြန်အလှန်သတ်နေရ၊ ရှေးဘိုးဘေးဘီဘင် အစဉ်အဆက်တည် ဆောက်ထားသမျှ လဲပြို၊ စိတ်ယဉ်ကျေးမှုကစ အကုန်ကြေမွ၊ ဘာသာဓမ္မတွေပါ ပြာကျသွားပြီကော။ 

ဒီလိုအကောင်ယုတ် အကောင်စုတ် အကောင်ပုတ်ကပြောတဲ့ လူ့အသက်ဆိုတာ သူ့အသက်ကိုပြောတာ။ သူ့မယား သူ့သား သူ့သမီးအသက်ကိုပြောတာ။ သူ့မြေးမတွေရဲ့ အသက်ကို ပြောနေတာ။ 

အဇာတသတ် ကိုယ့်ဖအေကို ပြန်သတ်မိလို့ အင်မတန်လှပ အေးမြတဲ့တန်ဆောင်မုန်းလပြည့်ညမှာ စိတ်ချောက်ချားနေတာကို သက်သာရာရဖို့ သမားတော်ဇီဝကက ဗုဒ္ဓထံပါးခေါ်သွား တရားရေအေး တိုက်ကျွေးနေချိန် လူစိတ်ပျောက်နေတဲ့မင်းအောင်လှိုင်ကတော့ အိပ်စက်နေတဲ့ကလေးလေးတွေအပေါ် ဗုံးလိုက်ကြဲခိုင်းနေတာလေ။ မအလဟာ သူ့ကိုယ်သူလူစာရင်းသွင်းပြီး အားတင်းပေမယ့်လို့ တန်ဆောင်မုန်းလပြည့်ညမှာ ထွက်လာတာကတော့ အူသံတွေချည်း။  အမှောင်မှာအသားကျနေတဲ့ခွေးဟာ လရောင်မြင်ရင် ကတုန်ကရင်နဲ့ မအူဘဲမနေနိုင်ဘူးမဟုတ်လား။ ခွေးအိုကြီးတွေရဲ့ ခွေးဇာတ်သွင်းတာကိုမခံမှ အေးမြတဲ့လရောင်ကို ခံစားနိုင်မယ်၊ မဟုတ်ရင် လှပတဲ့လပြည့်ညတွေမှာ ကလေးတွေရဲ့ခိုးခိုးခစ်ခစ်ရယ်သံတွေအစား အမင်္ဂလာအူသံတွေဘဲ လွှမ်းနေတော့မှာ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *