တိုင်းရင်းသား တော်လှန်ရေးတပ်မတော်များက သိမ်းပိုက်နိုင်ခဲ့လို့ နယ်စပ်ဂိတ်တွေကို ပိတ်ချလိုက်တဲ့တရုတ်ဟာ ခုတော့ ကုန်ပစ္စည်းအချို့ကို ပြန်လည်ဖြတ်သန်းခွင့်ပြုနေပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း တရုတ်မြန်မာဂိတ်ပေါက် ကျင်စန်းကျော့ကို တရုတ်ကဖွင့်ပြီး ကုန်ပစ္စည်းအချို့ဖြတ်သန်းခွင့်ပေးခဲ့ပါတယ်။ ဘိန်းအစားထိုးသီးနှံဖြစ်တဲ့ အစေ့ထုတ်ပြောင်း၊ ကြံ စတဲ့ ရာသီပေါ်သီးနှံတွေကို တင်ပို့ဖို့ တရုတ်က မနေ့ကစတင် ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ မူဆယ် ကုန်သွယ်ရေးဇုန်အနီးက ဒေသခံတွေက ပြောပါတယ်။ ကျင်စန်းကျော့ဂိတ်ဟာ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကာလကတည်းက မြောက်ပိုင်းတပ်တွေ ထိန်းချုပ်ထားတာဖြစ်ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ရှစ်မိုင်ခန့်သာ ကွာဝေးပါတယ်။
ခုတော့ ပြောင်းနဲ့ကြံကိုပဲ အကန့်အသတ်နဲ့ တင်ပို့ခွင့်ရနေတယ်လို့သိရကာ မနေ့ကတော့ ပြောင်းကား ၁၀ စီးလောက် ဝင်ခွင့်ရသွားတယ်လို့ဆိုပါတယ်။ ဒါက မြန်မာဘက်ကနေ ပြောင်းနဲ့ကြံ ကုန်အမျိုးအစားတွေ တရုတ်ဘက်ဝင်ခွင့်ရခဲ့တာဖြစ်ပြီး မြန်မာဘက်ကိုတော့ တရုတ်နိုင်ငံမှ ဘယ်ပစ္စည်းမှ သယ်ယူခွင့်မပေးကြောင်း ကုန်သည်များက ပြောပါတယ်။ ဒါကလည်းနယ်စပ်မှာရှိတဲ့ ကုန်သည်တွေနဲ့ ၊ တရုတ်ကုန်သည်များနဲ့ ချိတ်ထားတဲ့သူများကသာ အဆင်ပြေမယ့်အခြေအနေမျိုးဖြစ်ပါတယ်။ သတင်းရင်းမြစ်တွေရဲ့အဆိုအရ တရုတ်ဘက်က ကုန်သည်တွေဟာ သူတို့နိုင်ငံထဲကို မြန်မာဘက်က ကုန်ကြမ်းတွေတင်သွင်းဖို့ အလိုရှိနေပြီး မြောက်ပိုင်းတပ်တွေနဲ့ ဆွေးနွေးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ကြံကဲ့သို့ ကုန်ကြမ်းတွေကို တရုတ်ဘက်က သကြားစက်များလည်ပတ်ဖို့ အလိုရှိနေကြတာပါ။ မနေ့က ပြောင်းနဲ့ ကြံတွေ စတင်ကုန်စည်ကူးသန်းဖို့ကိုလည်း တရုတ်အာဏာပိုင်တွေက မြောက်ပိုင်းတပ်တွေနဲ့သာ ဆွေးနွေးညှိနှိုင်းခဲ့ရပါတယ်။ မြေပြင်အခြေအနေမှန်မှာတော့ စစ်ကောင်စီက ဘာမှမတတ်နိုင်ဘူး။ မြောက်ပိုင်းမဟာမိတ်နဲ့ တရုတ်ကြားမှာ အပြင်လူမသိနိုင်တဲ့ သဘောတူညီမှုတွေ ရှိနိုင်တယ်လို့ ရှမ်းမြောက်နိုင်ငံရေး လေ့လာသူတဦးက သူ့အမြင်ကို ပြောပါတယ်။
တရုတ်အကူအညီယူနေရတဲ့ စစ်ကောင်စီဘက်ကတော့ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်မြို့များကို ဆက်လက်ပိတ်ဆို့ပေးထားဖို့ တရုတ်လူဝင်မှုကြီးကြပ်ရေးအရာရှိများထံမှ ကတိကဝတ်ရခဲ့ကြောင်း နိုဝင်ဘာလ ၂၁ ရက်ညက စစ်ကောင်စီသတင်းဌာနမှာ ကြေငြာသွားပါတယ်။ ကျင်စန်းကျော့ဂိတ်ဟာ တရုတ်မြန်မာနယ်စပ်ဂိတ်များအနက် အရေးပါတဲ့ဂိတ်လည်းဖြစ်ပြီး မြောက်ပိုင်းသုံးဖွဲ့အနက်မှ အေအေရခိုင့်တပ်တော်က အဓိကထိန်းချုပ်ထားရာ ဂိတ်ဖြစ်ပါတယ်။ ဂိတ်မှာကုန်စည်ကူးသန်းမှုတွေ စတင်ရှိလာတာနဲ့ပက်သက်ပြီး မြောက်ပိုင်းတပ်များဘက်က တစုံတရာသတင်းမထုတ်ပြန်ထားပါဘူး။ ကချင်ပြည်နယ်မှာလည်း တရုတ်မြန်မာနယ်စပ်ဂိတ်မြို့တွေဟာ KIA လက်ထဲရောက်ရှိနေပါပြီ။ တရုတ်ဖိအားတွေကြားမှာပဲ KIA က နယ်စပ်မြို့များကိုသိမ်းပိုက်ခဲ့ကြတာပါ။ အဲ့ဒီနောက် တရုတ်က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်ခဲ့သလို KIA ဘက်ကလည်း တချို့ နယ်စပ်ဂိတ်များကို အပြန်အလှန်ပိတ်ထားတဲ့သတင်းတွေလည်း ထွက်ပေါ်နေကြောင်း သိရပါသည်။