မကွေးတိုင်းအတွင်းက သရက်ခရိုင်တပ်ရင်း ၁ ရဲဘော် ၆ ဦးဟာ ယခုလအတွင်းခရီးသွားနေစဉ် စစ်ကောင်စီတပ်နဲ့တိုးပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာတော့ မြို့သစ်မြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ ပစ်ခတ်မှုဖြစ်ကြရာ ၁ ဦးကျဆုံးပြီး ၁ ဦးက အဖမ်းခံခဲ့ရပါတယ်။ နောက်ထပ်လွတ်မြောက်လာသူ ၄ ဦးကလည်း အဆိုပါဖြစ်စဉ်အပြီး နှစ်ပတ်ခန့်အကြာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ နောက်တကြိမ် ရန်သူနဲ့ထပ်မံထိတွေ့ ပစ်ခတ်ခဲ့ကြပါတယ်။ ထိတွေ့တိုက်ပွဲဟာ မြို့သစ်နဲ့ မိုင် ၂၀ ခန့်အကွာ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှု နယ်မြေအနီး လက်ပံပွေ့ရွာတွင် ဖြစ်ခဲ့တာပါ။ အဲ့ဒီနောက် ရဲဘော်များရဲ့သတင်းကို အတိအကျမသိခဲ့ရဘဲ စစ်တပ်ဝါဒဖြန့်တယ်လီဂရန်သတင်းများမှာတော့ တောင်တွင်းကြီးမြို့နယ်၊ ဂွေးပင်ရိုးရွာ အနီး PDF ၆ ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိသည်ဟု နိုဝင်ဘာ ၁၉ ရက်နေ့ကရေးသားထားတာကို တွေ့ရပါတယ်။
ဓာတ်ပုံများမှာတော့ လူလတ်ပိုင်းအရွယ် အမျိုးသားရုပ်အလောင်းများ တွေ့ရပြီး ရင်ဘတ်၊ လက်မောင်းတို့တွင် ထိုးသွင်းဒဏ်ရာဒဏ်ချက်အချို့ကို တွေ့ရပါတယ်။ စစ်ကောင်စီဟာ မကွေးတိုင်း အနောက်ဘက် ချင်းပြည်နယ်တွင် မြို့ ၇ မြို့ကို လက်လွှတ်ထားရပြီး ရခိုင်ပြည်နယ်တွင် မြို့ ၁၀ မြို့မှ ဆုတ်ခွာပေးထားရကာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မကွေးတိုင်းတွင်လည်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာနေပါတယ်။ သရက်ခရိုင် pdf အမှတ် ၁ တပ်ရင်းသည် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း၊ အောင်လံမြို့နယ်အခြေစိုက် တပ်ဖွဲ့ဖြစ်ပါတယ်။ မြို့သစ်မြို့နယ် ထိတွေ့ပစ်ခတ်မှုအပြီးမှာတော့ မကွေး၊ ဆင်ပေါင်ဝဲ၊ တောင်တွင်း ကြီးမြို့နယ်ထဲမှ လမ်းများတွင် စစ်တပ်က ကင်းပုန်းများချပြီး လုံခြုံ ရေးတင်းကျပ်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရပါသည်။
The post သရက်ခရိုင်တပ်ရင်း ၁ မှ ခရီးသွားတော်လှန်ရေးရဲဘော် ၆ ဦးကျဆုံးခဲ့ရပါတယ် first appeared on Voice of Revolution Live News.