ylliX - Online Advertising Network

မြန်မာနိုင်ငံတွင်း အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေက လွတ်လာသူ နိုင်ငံခြားသား ၃၉ ဦး ထိုင်းကယ်တင်



မြန်မာနိင်ငံနယ်စပ် မြဝတီခရိုင်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကနေ ထိုင်းနိုင်ငံကို ထွက်ပြေး လွတ်မြောက်လာကြတဲ့နိုင်ငံခြားသား ၃၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြီးဆုံးတဲ့အခါ လွတ်မြောက်လာသူတွေကို သက်ဆိုင်ရာသံရုံးတွေကို လွှဲပြောင်းပေးမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံ အွန်လိုင်းရာဇဝတ်ဂိုဏ်းကနေ ထိုင်းနိုင်ငံကို လွတ်မြောက်လာသူတွေ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံ မြ၀တီခရိုင်အတွင်းအခြေစိုက်ထားတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ကနေ ထွက်ပြေးလွတ်မြောက်လာကြတဲ့ နိုင်ငံခြားသား ၃၉ ဦးကိုကယ်ဆယ်နိုင်ခဲ့တယ်လို့ ထိုင်း နယ်ခြားစောင့်တပ်က ဒီကနေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ ရချမနူ နယ်ခြားစောင့်တပ်မှူး နက်ထကွန် ရီယမ်ထစ် (Colonel Natthakorn Rueantip, (Commander of the Rajamanu Task Force) က ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

“ထိုင်းပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုကာကွယ်ဖို့နဲ့ အခုလို လိမ်လည်ဂိုဏ်းတွေက ရောင်းစားထားရတဲ့နိုင်ငံခြားသားတွေကို ကြိုးစားပြီးကယ်တင်နေပါတယ်။”

အခုလို မြဝတီမြို့ တဘက်ကမ်းကနေ ထိုင်းနိုင်ငံဘက်ကို မိုးရေးမြစ်ကိုဖြတ်ကူးပြီး ထွက်ပြးလာကြတဲ့ နိင်ငံခြားသား ၃၉ ဦးကို မယ်တောင်မြို့နယ် ဒွန်ချုံအမှတ် ၆ ကျေးရွာအုပ်စုအနီးမှာ ထိုင်းနယ်ခြားစောင့် တပ်က တွေ့ရှိ ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကနေ ထွက်ပြေးလွတ်မြောက်လာကြတဲ့ နိုင်ငံခြားသားတွေကတော့ သီရိလင်္ကာနိုင်ငံသား ၃၂ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊ မလေးရှားတဦးနဲ့ ရုရှားတဦးတို့ဖြစ်ကြပါတယ်။

သူတို့လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံမှာရှိတဲ့သီရိလင်္ကာသံရုံးက ထိုင်းအာဏာပိုင်တွေထံ ကြိုတင် အကောင်းကြားပြီး အကူညီတောင်းထားကြတယ်လို့လည်း ဆိုပါတယ်။

အခုကယ်ဆယ်ထားတဲ့ နိုင်ငံခြားသားတွေကို ထိုင်းတာ့ခရိုင်လ၀ကကနေ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြီးရင် သက်ဆိုင်ရာသံရုံးတွေကိုလွှဲပြောင်းပေးမှာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လကုန်မှာ ထိုင်းအာဏာပိုင်တွေထုတ်ပြန်တဲ့သတင်းအချက်အလက်အရ တရားမဝင် နယ်စပ်ဖြတ်ကျော်ဖမ်းဆီးမှု ၄၆၁ မှုရှိပါတယ်။

ဒီအမှုအခင်းတွေထဲမှာ မလေးရှား နိုင်ငံသား ၂၆ ဦး၊ ယူဂန္ဓာ နိုင်ငံသား ၂၃ ဦး၊ အီသီယိုပီးယား နိုင်ငံသား ၂၅ ဦး၊ဗီယက်နမ်နိုင်ငံသား ၂၂ ဦး၊ လာအိုနိုင်ငံသား ၁၅ ဦး၊ ဩစတြေးလျနိုင်ငံသား ၇ ဦး၊ အမေရိကန် နိုင်ငံသား ၆ ဦး၊ကမ္ဘောဒီးယားနိုင်ငံသား ၆ ဦး၊ အိန္ဒိယနိုင်ငံသား ၆ ဦး၊ ထိုင်ဝမ်နိုင်ငံသား ၃ ဦး၊ ကင်ညာ နိုင်ငံသား ၂ ဦး၊ ပါကစ္စတန်နိုင်ငံသား ၄ ဦးနဲ့ မော်ရိုကိုနိုင်ငံသား ၁၁ ဦးတို့ကို လိမ်လည်ဂိုဏ်းတွေက ကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ် ။ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်၊ ဘေရွတ်၊ ဂျပန်၊ ယီမင် စတဲ့ နိုင်ငံသားတွေလည်း ပါဝင်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။

ပြန်လွတ်လာသူအများစုကတော့ တဦးကိုဘတ်ငွေတသိန်းကနေ ၂ သိန်းကြားပေးပြီး ရွေးထုတ်မှသာ ပြန်လွတ်ကြတာများပါတယ်။ ဒီအတွက် နိုင်ငံတကာသံရုံးတွေက မြ၀တီခရိုင်ထဲက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ညှိနှိုင်းပြီး သူတို့နိုင်ငံသားတွေကို ပြန်ပြီး ရွေးထုတ်ရတာများပါတယ်။ အဲဒီလိုပြန်ရွေးထုတ်ပြီးမှသာ ထွက်ပြေးလွတ်မြောက်ခွင့်ရကြတယ်လို့လည်း သိရပါတယ်ရှင်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *