(မိုးမခ) ဒီဇင်ဘာ ၁ ၊ ၂၀၂၄
30/11/24
Diary in the darkness
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကို တင်လိုက်ပြီ၊ NUG အစိုးရ အဖွဲ့ဝင်များ ပြည်တွင်းပြန်ဝင်ဖို့ NUG သမ္မတကြီးက ပြောကြား။ ဆိုတဲ့ သတင်းနှစ်ရပ်ကို ပြည်တွင်းက နိုင်ငံရေး စိတ်ဝင်စားသူတွေကြား စိတ်ဝင်တစား ပြောကြားနေကြတယ်။
အမေရိကန်ကို ကျောင်းတက်ဖို့ လွှတ်လိုက်တဲ့ သားငယ်အတွက် ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒအသစ်တွေကြောင့် စိုးရိမ်နေတဲ့ မိတ်ဆွေတစ်ယောက် ကျနော်နဲ့ တွေ့တယ်။ သူ့သားအကြောင်းပြောတာက နည်းနည်း မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခံရလို့ ဝမ်းသာကြောင်း ပြောနေတာက များများ။
တရုတ်က မင်းအောင်လှိုင်ဘက်ကို ပြတ်ပြတ်သားသား ရပ်တည်လိုက်လို့ ပြည်တွင်းကလူတွေ ကြား သောကပွားနေချိန်မှာ ဝရမ်းပြေးဖြစ်တော့မယ့် ဆိုတဲ့ မင်းအောင်လှိုင်သတင်းကြောင့် အားလုံးဝမ်းသာနေကြတယ်။ ကုန်ဈေးနှုန်းဒဏ်၊ ရာဇဝတ်မှု များပြားလာတဲ့ဒဏ်၊ တရုတ်လုံခြုံရေးတွေ မြန်မာပြည်ထဲ ဝင်ရောက်လာလို့ စိတ်သောက ရောက်နေရတဲ့ ဒဏ်၊ စစ်မှုထမ်းဥပဒေကြောင့် ပြေးလွှားရှောင်ပုန်းနေရတဲ့ ဒဏ်တွေကြောင့် စိတ်ပင်ပမ်းနေရသူတွေအားလုံး မင်းအောင်လှိုင်ရဲ့သတင်းကြောင့် တက်ကြွလန်းဆန်းလာကြတယ်။ တော်လှန်ရေးအောင်ပွဲလည်း နီးသည်ထက်နီးလာပြီလို့ ခံစားကြရတယ်။
စစ်ကောင်စီတပ်တွေက လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်ထိုးစစ်ဆင်နေတဲ့သတင်းတွေတက်လာသလို စစ်ကောင်စီတပ်တွေ အလံဖြူကလေးကိုင်ကာ ထော့ကျိုးထော့ကျိုးနဲ့ လက်နက်ချနေတဲ့ ဗီဒီယိုဖိုင်တွေလည်း တက်နေပါတယ်။
မီးကမလာ၊ အင်တာနက်လိုင်းတွေက နှေး၊ facebook ကလည်း အဖြတ်ခံထားရတော့ စာဖတ်၊ ပန်းချီရေး ၊ တရားထိုင်၊ အိမ်နောက်ခြံကလေးထဲ စားပင်ကလေးတွေ စိုက်ရင်း လက်ရှိအချိန်ကလေးကိုသာ အာရုံပြုရင်း ရှင်သန်နေရ။ ဒုက္ခနဲ့ သောကတွေကြား အတော်ကလေး နေသားကျ သွားတဲ့ မိမိကိုယ်မိမိ အံ့ဩမိပါရဲ့။
အန်ကယ် တူမီး
30/11/24
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar