နိုင်ငံတကာသာဂိ – ဘိုင်ဒင်လည်း ထရန့်ကို ကြောက်ရသတဲ့လား
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၄
ဒီဇင်ဘာ ၂ ရက် သတင်းထူးကတော့ လက်ရှိ အမေရိကန်သမ္မတ ဘိုင်ဒင်က သူ့သား ဟန်တာဘိုင်ဒင်ကို ကြိုတင်ပြီး လွတ်ငြိမ်းချမ်းသာပေးတဲ့ သတင်းပါ။ ဟန်တာဘိုင်ဒင်ကို လွှတ်တော်ကနေ မူးယစ်ဆေးဝါးမှု၊ လက်နက်မှု၊ အခွန်ရှောင်မှုတွေနဲ့ အရေးယူခဲ့ပြီး ဒီလထဲမှာ ပြစ်ဒဏ်ချမှတ်ဖို့ ရှိပါတယ်။ အစကတော့ အဖေကြီးဘိုင်ဒင်က ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး၊ သူ့သားကို ဥပဒေကြောင်းအရ စီရင်တာ သမ္မတအာဏာသုံး မစွက်ဖက်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါက သူ့သမ္မတပြန်ရွေးမယ်ဆိုတဲ့ ကင်ပိန်းချိန်တုန်းကပါ။ အခုတော့ သမ္မတလည်း ဝင်အရွေးမခံ၊ ဒီမိုကရက်တွေလည်း ရွေးကောက်ပွဲ ရှုံးပြီးနောက် ဘိုင်ဒင်လည်း စိတ်ပြောင်းသွားပါတယ်။ သူ့သားကို သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာ ပေးလိုက်တာပါပဲ။ ဒါကို သတင်းစာတွေကကော၊ နိုင်ငံရေးသမားတွေကိုယ်တိုင်ကပါ ဝေဖန်ကြပါတယ်။ သို့သော် ဘိုင်ဒင်ကတော့ မိဘမေတ္တာကို သည်အချိန် ထုတ်ပြရမယ်လို့ ပြောလိုက်ပါတယ်။
နောက်ကွယ်ကအကြောင်းက ေတာ့ နောက်တက်လာမယ့် ရီပတ်ဘလစ်ကန်သမ္မတကြီး ဒေါ်နယ်ထရန့်က သူ့ရန်သူတွေ အတိုက်အခံတွေကို သူ့လက်ထက်မှာ အပြတ်ချေမှုန်းပစ် မယ်ဆိုတဲ့ ကြိမ်းဝါးစကားကြောင့်လည်း ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်လက်အောက်က တရားစီရင်ရေးက သားဘိုင်ဒင်ကို ထောင်ချပြီး ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်မှာ ဘခင်ကြီးဘိုင်ဒင်က စိုးရိမ်ပုံရပါတယ်။ သမ္မတကြီးသာမက ထရန့်နဲ့ အတိုက်အခံလုပ်ခဲ့သူမှန်သမျှဟာ ခုချိန်မှာ ထရန့်၏ လက်စားချေမှု တန်ပြန်အရေးယူမှုတွေကို ရင်ဆိုင်ဖို့ အပြင်းအထန် စဉ်းစားနေကြပြီလို့ သတင်းတွေက ဖော်ပြ ရေးသားနေကြပါတယ်။
ပြောချင်လည်း ပြောချင်စရာပါ။ လက်ရှိမှာ သမ္မတပြန်လာဖြစ်မယ့် ထရန့်က သူ့အစိုးရအဖွဲ့ကို သူ့ကို သစ္စာစောင့်သိသူတွေနဲ့ ဖွဲ့စည်းဖို့ အမည်စာရင်းတင်သွင်းနေတာ အားလုံးကြားထဲ အငြင်းပွားစရာ ပြောစမှတ်ပြုချင်စရာ ကြီးတွေပါ။ ခန့်ဖို့ အဆိုပြုတဲ့သူတွေအားလုံးဟာ ဝါရင့်နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ထရန့်လိုမျိုး လူပြိန်းကြိုက်သမားတွေ အများစု ဖြစ်နေတာရယ်၊ လက်ရှိ အမေရိကန်ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက် ရန်လိုတဲ့သဘောထားမျိုးတွေ ထားရှိတာကြောင့်ဖြစ်ပါတယ်။ သူတို့တွေက သူတို့နဲ့ မတူ သူတို့ရန်သူသဘောထားမျိုးတွေ ရှိတယ်ဆိုတာ ပေါ်ပေါ်တင်တင်ပြောထားကြပါတယ်။
သတင်းတွေကို ကောက်နုတ်ပြရရင်—
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် Trump သည် Fox News ကြေညာသူနှင့် ပြည်နယ်စောင့်တပ် အရာရှိဟောင်း Pete Hegseth ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ Monterey တွင် ကျင်းပသည့် ရီပတ်ဘလစ်ကန်ကွန်ဖရင့်တွင် အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် ပတ်သက်သည့် ၂၀၁၇ ခုနှစ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြစ်ရပ်နှင့်ပတ်သက်၍ စွပ်စွဲခံထားရသူ ဖြစ်သည်။
ထရမ့်သည် FBI ကို ဦးဆောင်ရန် အမျိုးသားလုံခြုံရေးကောင်စီ အရာရှိဟောင်းနှင့် ထရန့်၏ သစ္စာရှိနောက်လိုက် – Kash Patel ကို ရွေးချယ်ခဲ့သည်။ Patel သည် FBI က Trump ကို အညိုးထားပြီး အနိုင်ကျင့်သည်ဟု ၂၀၁၈ တွင် စာတမ်းရေးသားခြင်းကြောင့် လူသိများသည်။ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးအသိုင်းအဝိုင်းအတွင်း အယုံအကြည်ကျဆင်းစေသည့် ၎င်း၏ အတိတ်လုပ်ရပ်များနှင့် ပါတီတွင်း သွေးခွဲစကားတို့ကြောင့် ဆီးနိတ်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
Robert F. Kennedy Jr. သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာရှေ့နေတစ်ဦးဖြစ်ပြီး ကာကွယ်ဆေးထိုးခြင်းကို အယုံအကြည်မရှိသူ ဖြစ်သည်။ ၎င်းကို ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဌာနကို ဦးဆောင်ရန် အမည်စာရင်းတင်သွင်းထားသည်။ ကာကွယ်ဆေးများနှင့် ပြည်သူ့ကျန်းမာရေးဆောင်ရွက်မှုများအပေါ် ၎င်း၏အငြင်းပွားဖွယ်ရာအမြင်များက ဝေဖန်မှုများ ထွက်ပေါ်လာပြီး အရေးကြီးသော ကျန်းမာရေးမူဝါဒများအပေါ် ၎င်း၏ရပ်တည်ချက်အပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။
ဒါကြောင့်မို့ ဒီမိုကရက်တွေ၏ ခံတပ်ကြီးဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ပြည်နယ်အဓိပတိ နယူးဆွန်ကတော့ အရေးပေါ် လွှတ်တော်အစည်းအဝေးခေါ်ပြီး ထရန့်၏ လက်စားချေမှုတွေ ခြိမ်းခြောက်မှုတွေ တိုက်ခိုက်မှုတွေကို ကာကွယ်ရန် တွန်းလှန်ရန်အတွက် ပြည်နယ်ဥပဒေရေးရာ အကာအကွယ်ရန်ပုံငွေ ဒေါ်လာ ၂၅ သန်း လျာထားဖို့ ရှေ့နေချုပ်ကို အဆင်သင့်ပြင်ဆင်ထားဖို့ တောင်းဆိုလိုက်ပါတယ်။ အဓိက အမျိုးသမီးများအရေး၊ ရွှေ့ပြောင်းနိုင်ငံသားများအရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ နိုင်ငံသားအခွင့်အရေးများ ကာကွယ်ရေးတို့အတွက် ဆောင်ရွက်ပေးကြမယ်လို့ ဆွေးနွေးကြပါတယ်။
သည်နေရမှာ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးအကြပ်အတည်းက အာဏာရနဲ့ အတိုက်အခံတို့ကြားက တိုက်ပွဲတွေ လက်စားချေ ရန်လိုမှုတွေချည်း သက်သက်တွေတင် မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်တို့အပေါ် အာဏာရလူတန်းစားများ အခွင့်ထူးခံများက ဘယ်လို ကိုယ်ကျိုးအတွက် အသုံးချမလဲ။ ပြည်သူတွေကို ဘယ်လို အသုံးချမလဲ ဆိုတာ မေးခွန်းဖြစ်ပါတယ်။ အထက်က ဆိုခဲ့သလို အနားယူတော့မယ့် သမ္မတ ဘိုင်ဒင်ခင်မျာ အာဏာလွှဲပြောင်းမယ့် ထရန့်၏ ရန်လိုမှုတွေကို စိုးရိမ်ပြီး အမှုဆိုင်နေရတဲ့ သားဘိုင်ဒင်ကို သမ္မတ၏ လွတ်ငြိမိးချမ်းသာကြေညာပေးရတဲ့အထိ ဖြစ်ရတယ်ဆိုတော့ နိုင်ငံတော်၏ အကြပ်အတည်း အတိမ်အနက်ကို တွက်ဆနိုင်ပါတယ်။
ဂျွန်စတူးဝပ် ရုပ်သံလူရွှင်တော်ကတော့ အမေရိကန်က ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန်တွေကို အခုလိုဝေဖန်ပါတယ်။ လက်ယာစွန်း ထရန့်အုပ်စုနဲ့ မဘသ ရီပတ်ဘလစ်ကန်ပါတီတိုံ့ဟာ စနစ်ကို အလွဲသုံးစားလုပ်ဖို့၊ ဟာကွက်တွေကို အသုံးချဖို့အတွက် လုပ်ကြတတ်တယ်တဲ့။ loopholes and cheat လုပ်ဖို့ပဲ စဉ်းစားတယ်။ ဒီမိုကရက်တွေကတော့ စနစ်ကို အားကိုးလွန်းပြီး စာအုပ်ကြီးတိုင်း လိုက်နာလွန်းကြတယ်တဲ့။ သူတို့က Norm တွေကို ယုံကြည်ကြတယ်။ ဒါကြောင့် ဥပမာအားဖြင့် – ထရန့်က ရွေးကောက်ပွဲရှုံးတော့ လူအုပ်ကြီးကို မြှောက်ပေးပြီး လွှတ်တော်ကို စီးပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးဖို့ ကြံစည်ပြီး၊ ဒီမိုကရက်တွေကတော့ အာဏာလွှဲပြောင်းဖို့ လွှတ်တော်ကို စိတ်ချလက်ချ သွားတက်ကြတယ်တဲ့။ သေတွင်းထဲ တန်းစီပြီး ဆင်းသွားသလိုပဲ တဲ့။ ပြီးတော့လည်း လွှတ်တော်မှာ အသာစီးရနေတုန်းက အိုဘားမားက သူ လိုချင်တဲ့ ဥပဒေပြုမှုတွေကို စိတ်တိုင်းကျ မလုပ်ခဲ့ဘဲ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေကို အမြဲဆွေးနွေးခဲ့ပြီး အတိုက်အခံ ရီပတ်ဘလစ်ကန်ကတော့ သမ္မတကို အကြပ်ကိုင် ဆန့်ကျင်ပြီး ရပ်တည်ခဲ့ကြတာချည်းပဲ တဲ့။
ဘိုင်ဒင်လက်ထက်မှာ လူများစု ရီပတ်ဘလစ်ကန်လွှတ်တော်က အလုပ်မဖြစ်အောင် အမြဲအကြပ်ကိုင် အနိုင်ကျင့်လေ့ရှိကြပါတယ်။ ဘိုင်ဒင်တို့ကတော့ ဒီမိုကရေစီနည်းကျ ဆိုပြီး လူကြီးလူကောင်းဆန်ပြနေတာနဲ့ အလုပ်မဖြစ်ဘဲ အပြောသက်သက် အချိန်ကုန်တယ်လို့ ဂျွန်စတူးဝပ်က ဝေဖန်ပါတယ်။ အခု ထရန့်တို့ အာဏာရပြီဆိုတာနဲ့ သူတို့နဲ့ ဆန့်ကျင်သူတွေကို ပြတ်ပြတ်သားသား လုပ်ပစ်မယ်ဆိုတာ မြင်နေရပြီလို့ ဆိုပါတယ်။
ဒီနေရာမှာ ဘာမှမဆိုင်တဲ့ မြန်မာပြည်က ၂၀၀၈ ခြေဥအောက်က လွှတ်တော်ကြီးကို သွားသတိရမိပါတယ်။ ၂၅ကျပ်သား စစ်သားလွှတ်တော်အမတ်တွေအောက်မှာ၊ စစ်ဗိုလ် ချုပ်တွေက ကာလုံကြီးနဲ့ အုပ်မိုးထားတုန်းကပေါ့။ အနိုင်ရ အင်န်အယ်ဒီပါတီအမတ်တွေဟာ လွှတ်တော်နည်း လွှတ်တော်ဟန်တွေကို စစ်တပ်အမတ်တွေ စစ်တပ်ဝန်ကြီးတွေ စစ်တပ်အတွင်းဝန်တွေ စစ်ဒါရိုက်တာတွေနဲ့ ထိန်းညှိ လုပ်ကိုင် ကြိုးစားခဲ့ကြတဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။ ဟိုဘက်က သူတို့ ရေးဆွဲထားတဲ့ ခြေဥကို တဘက်အမြတ်ထုတ်၊ အနိုင်ကျင့်ပြီး စစ်တပ်အစွမ်း ကမ္ဘာလွှမ်းအောင် အစွမ်းပြဖို့ လုပ်ကြံခဲ့ကြပါတယ်။ ဥပဒေနည်းအရ မူအရ တရားနည်းလမ်းကျ ရင်ဆိုင်ခဲ့ကြတဲ့ ဓမ္မဘက်တော်သားတွေဟာ နောက်ဆုံးတော့ စစ်ခြေဥအောက်က လွှတ်တော်ကို စွန့်လွှတ်ပြီး နွေဦးတော်လှန်ရေးနဲ့ စစ်မျိုးဆက်ဖြတ်ဖို့ လုပ်ကိုင်နေရတော့တာပါပဲ။
အမေရိကန်လွှတ်တော်နဲ့ အစိုးရကြီးလည်း သမိုင်းနှစ် ရာချီ တည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီရေး ဖယ်ဒရယ်စနစ် နိုင်ငံရေးလမ်းစဉ်နဲ့ တရားနည်းလမ်းကျ မူနဲ့ ဘောင်နဲ့ အကြပ်အတည်းတွေ စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါရဲ့။
နို့မိုဆို – မြန်မာပြည်က လူတွေက တရုတ်ကို ကြောက်ပြီး၊ အမေရိကန်က လူတွေက ထရန့်ကို ကြောက်နေရတယ် ဆိုရင်တော့ – အင်္ဂါဂြိုဟ်ပဲ ပြောင်းနေကြရမယ် ထင်ပါတယ်။ ဒါဆိုရင် ထရန့်ဘက်တော်သား အီလွန်မတ်စ်နဲ့ တည့်အောင် ပေါင်းကြရဦးမှာပေါ့။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar