ကလေးလေးတွေကို ငယ်စဉ်ကတည်းက သေချာလေး ပျိုးထောင်ကြဖို့ ပြောနေကြပေမယ့် တကယ်ကို ကောင်းမွန်စွာ ပျိုးထောင်မိတဲ့ မိဘတွေက အရေအတွက်အားဖြင့်တော်တော်လေး နည်းနေကြပါသေးတယ်။ အချို့သူတွေ အလုပ်ခွင်တွေမှာ ဖြစ်ဖြစ် ကိုယ်ပိုင်ဘဝရဲ့ လက်တွဲဖော်တွေနဲ့ဖြစ်ဖြစ် မိတ်တွေသူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် အဆင်မပြေကြတဲ့အခါ အကြောင်းအရင်းကို သေချာပြန်စစ်ကြည့်ရင် ရလာတဲ့ အဖြေ တော်တော် များများက ငယ်စဉ်ဘဝမှာ ကောင်းမွန်မှန်ကန်တဲ့ ပျိုးထောင်မှု မရခဲ့လို့ဆိုတဲ့ အဖြေပဲ ထွက်လာတာ များပါတယ်။
ငယ်စဉ်မှာ ကောင်းစွာ ပျိုးထောင်မခံရတဲ့သူတွေဟာ အရွယ်ရောက်လာချိန်မှာ လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းကြသလို အလုပ်ခွင်နဲ့ နေ့စဉ်ဘဝမှာလည်း အောင်မြင်မှု ရနိုင်ခြေ အတော်လေး နည်းကြပါတယ်။ ငယ်စဉ်မှာ ကောင်းမွန်စွာ ပျိုးထောင်မခံရသူတွေက ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာကို ဆက်ပြီး ပြောပြပေးသွားမယ်နော်။
လက်ဦးဆရာပီသမှုက ကလေးတစ်ယောက်ရဲ့ အနာဂတ်အတွက် အရေးကြီးပါတယ်
လက်ဦးဆရာပီသမှုက ကလေးတစ်ယောက်ရဲ့ အနာဂတ်အတွက် အရေးကြီးပါတယ် လို့ ပြောရတာက ကလေးတစ်ယောက်ဟာ ငယ်စဉ်မှာ ကောင်းစွာ ပျိုးထောင်ခြင်း မခံရဘူးဆိုရင် အရွယ်ရောက်လာတာနဲ့အမျှ လူမှုဆက်ဆံရေးမှာ အခုလို ပြဿနာလေးတွေ ရှိလာနိုင်ပါတယ်။
- လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းကြဘူး
ကလေးတွေက ငယ်စဉ်မှာ ကောင်းမွန်မှန်ကန်တဲ့နည်းလမ်းနဲ့ ပျိုးထောင်မခံရဘူးဆိုရင် အရွယ်ရောက်လာချိန်မှာ အခြားသူတွေရဲ့ ခံစားချက်ကို နားလည်ပေးနိုင်စွမ်းနည်းသွားကြသလို လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းကြပါဘူး။ ဒီအခြေအနေက ပြင်းထန်လာမယ်ဆိုရင် မူးယစ်ဆေးသုံးတာ၊ စိတ်ကျန်းမာရေး ပြဿနာ ခံစားရတာ၊ ရာဇဝတ်မှုတွေ ကျူးလွန်တာ၊ ကျန်းမာရေးချို့တဲ့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို အခြေခအနေတွေက ကလေးဟာငယ်စဉ်မှာ ပြင်းထန်တဲ့ ချုပ်ချယ်မှုကို ခံရတာ၊ အနိုင်အထက်ပြုခံရတာ၊ အပျက်သဘောဆောင်တဲ့ အုပ်ထိန်းမှုပုံစံနဲ့ အုပ်ထိန်းခံရတာကြောင့် ဖြစ်ပါတယ်။
- စိတ်ခံစားမှု မထိန်းချုပ်နိုင်ကြဘူး
ကလေးက မိဘတွေကို မြင်ပြီး သင်ယူရတဲ့အချိန်မှာ မြင်ရသမျှက မိဘတွေ ရန်ဖြစ်တာ၊ စကားများတာ၊ စိတ်လိုက်မာန်ပါပြုမူတာတွေကိုပဲ မြင်ရရင်း ကြီးပြင်းလာမယ်ဆိုရင် သူတို့ကိုယ်တိုင်ကလည်း အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေအတိုင်းပဲ ပြုမူရင်း အခြေအနေ တစ်ခုခု ကြုံလာတိုင်းမှာ အကြမ်းဖက်တဲ့ နည်းလမ်းတဲ့ ဖြေရှင်းကြတာ များပါတယ်။
- စိတ်ဓာတ်ကျတတ်ကြတယ်
လေ့လာမှုတွေအရ သိလာရတာက ငယ်စဉ်ကတည်းက ဆိုးဝါးတဲ့ အုပ်ထိန်းမှုပုံစံနဲ့ ပျိုးထောင်ခံလာရတဲ့ ကလေးတွေဟာ အခြေအနေတစ်ခုခုကို ကြုံလာရချိန်မှာ အလွယ်တကူ လက်လျှော့အရှုံးပေးရင်း စိတ်ဓာတ်ကျလွယ်ကြတာပါ။ ငယ်စဉ်ကတည်းက စိတ်ရှည်လက်ရှည် ရင်းပြတာမျိုးကို မရတာ၊ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့မရတာ၊ တစ်ခုခုဆို ရိုက်နှက်ဆုံးမ ခံရတာမျိုးတွေ တွေ့ကြုံခဲ့ရတာကလည်း အရွယ်ရလာချိန်မှာ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ခြေ များစေပါတယ်။
- ရန်လိုကြတယ်
လေ့လာမှုတွေအရ သိရတာငယ်စ၁ည်ကတည်းက မိခင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိသူတွေဟာ ဒေါသကို ထိန်းချုပ်နိုင်စွမ်းနည်းကြပြီး တစ်ခုခုဆိုတာနဲ့ အလွယ်တကူ ရန်လိုတတ်ကြပါတယ်။ အရာရာမှာ ဒေါသဖြစ်လွယ်ပြီး အလွယ်တကူပဲ ဒေါသကို ပေါက်ကွဲတတ်ကြပါတယ်။
- သည်းခံနိုင်စွမ်း နည်းကြတယ်
ငယ်ကတည်းက စိတ်ရှည်ဟွာနဲ့ ရှင်းပြတာ၊ ပျိုးထောင်တာမျိုးကို မခံခဲ့ရတဲ့ ကလေးလေးတွေဟာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကို တွေ့ကြုံရချိန်မှာ သည်းခံပြီး ဖြေရှင်းဖို့ထက် ဒေါသထွက် ပေါက်ကွဲပြတာကို ဖြေရှင်းနည်းအဖြစ် အသုံးပြုလေ့ ရှိပါတယ်။
- ကိုယ်ပိုင်မိသားစုကို တည်ထောင်ဖို့ ခက်မယ်
ငယ်ကတည်းက မိဘဆီကနေ ကောင်းမွန်တဲ့ ပျိုးထောင်မှု ချစ်ခင်မြတ်နိုးတန်ဖိုးထားမှုကို ဖော်ပြမခံရတဲ့ ကလေးတွေဟာ မိတ်ဆွေဖွဲ့တဲ့နေရာမှာတင် အခက်တွေ့တာ မဟုတ်ဘဲ ကိုယ်ပိုင်မိသားစု ထူထောင်ဖို့လည်း အခက်အခဲ ရှိကြပါတယ်။ အခြားသူကို ကြိုးကိုင်ခြယ်လှယ်လိုစိတ် ပြင်းကြပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်နိုင်စွမ်း နည်းကြပါတယ်။
- ကိုယ့်ကိုယ် ယုံကြည်မှု နည်းကြတယ်
ကလေးတစ်ယောက်က ငယ်စဉ်မှာ အချစ်မခံရဘူး။ တန်ဖိုးထား မခံရဘူးဆိုရင် အရွယ်ရောက်လာချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းစွာနဲ့ အရွယ်ရောက် ကြီးပြင်းလာတတ်ကြပါတယ်။
ကလေးတစ်ယောက်ရဲ့ ငယ်စဉ်မှာ ကောင်းစွာ ပျိုးထောင်မခံရမှုက သူတို့ရဲ့ အသက်ကြီးတဲ့အချိန်ထိ သက်ရောက်မှု ရှိနေတာကြောင့် ကိုယ်ရဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက သေချာလေး ပျိုးထောင်ကြဖို့ အကြံပြုလိုက်ပါရစေ မေမေဖေဖေတို့ရေ …….
Lotoshin ရဲ့ စကားလက်ဆောင်
ကလေးတစ်ယောက် ကောင်းကောင်းကြီးပြင်းလာဖို့နဲ့ အရွယ်ရောက်လာချိန်မှာ လူတော်လူကောင်း တစ်ယောက်ဖြစ်လာဖို့ ကိုယ်ချင်းစာတတ်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက် လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်လာစေဖို့ဆိုရင် ငယ်စဉ်ကတည်းက မိဘတွေ မိသားစုဝင်တွေရဲ့ ချစ်ခြင်းမေတ္တာနွေးထွေးမှုတွေကို ပြည့်ပြည့်ဝဝ ရရှိဖို့ လိုသလို ကောင်းမွန်တဲ့ အုပ်ထိန်းမှု ပုံစံနဲ့ ပျိုးထောင်ခံရဖို့လည်း လိုပါမယ်။
လူတွေမှာ တော်တယ်ဆိုတဲ့သူ တော်တော်များများဟာ ငယ်စဉ်ဘဝမှာ ကောင်းမွန်တဲ့ မိဘရဲ့ အုပ်ထိန်းမှုပုံစံကို ရရှိခဲ့သလို မိသားစုဝင်တွေရဲ့ မြတ်နိုးတန်ဖိုးထား အချစ်ခံရသူတွေပါ။ ကောင်းမွန်စွာ အချစ်ခံ ပျိုးထောင်ခံရသူတွေဟာ ကိုယ်ချင်းစာစိတ်ပြည့်ဝပြီး စိတ်ရင်းစိတ်ထားကောင်းမွန် ဖြောင့်မတ်သူတွေအဖြစ် ကြီးပြင်းလာကြသလို အများကောင်းကျိုးအတွက် ကိုယ်ကျိုးကို မငဲ့ဘဲ လူပီသသူတွေအဖြစ် ကြီးပြင်းအရွယ်ရောက်လာတတ်ကြပါတယ်။
ကောင်းမွန်တဲ့ ပျိုးထောင်မှုကို မရရှိခဲ့တဲ့ ကလေးတွေကတော့ အပေါ်မှာ ပြောခဲ့သလို လူမှုဆက်ဆံရေးပြဿနာတွေကို တွေ့ကြုံရပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ခံစားရနိုင်ပါတယ်။