ylliX - Online Advertising Network
ကိုသန်းလွင် - သွေးထဲမှ သကြား

ကိုသန်းလွင် – သွေးထဲမှ သကြား


(မိုးမခ) ဒီဇင်ဘာ ၇ ၊ ၂၀၂၄

(၁)  

အမေရိကန်ပြည် တွင် လူ ၃ ယောက်တွင် တစ်ယောက်ထက်ပို၍ ဆီးချိုရောဂါအကြို ဖြစ်နေကြသည်။ သွေးထဲတွင် သကြားပါဝင်နှုန်းသည် ရှိသင့်သည်ထက် ပိုများနေပြီး (Type 2) ပုံစံ ၂ ဆီးချိုရောဂါဖြစ်ရန် သေချာနေသည်။ လူ ၁၀ ယောက်တွင် တစ်ယောက်ထက်ပို၍ ဆီးချိုရောဂါဖြစ်နေကြသည်။ ဤရောဂါ၏ အကျိုးဆက်မှာ မျက်စိရောဂါ၊ နှလုံးရောဂါ၊ စထရုတ်နှင့် အခြားအရေးကြီးသော ကျန်းမားရေးဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်ပါသည်။

ထိုပြဿနာများကို သွေးတွင် ပါဝင်သည့် သကြားပါဝင်နှုန်းကို ထိန်းချုပ်ခြင်းအားဖြင့်တားဆီးနိုင်ပါသည်။ သင် ဘာကို စားသည်၊ ဘယ်အချိန်မှာ စားသည်၊ လေ့ကျင့်ခန်းယူခြင်း အလေ့အထ၊ စိတ်ဖိအားကို ဘယ်လောက် များများ ခံစားရသည်တို့ကို သင့်ကိုယ်ခန္ဓာအတွင်းရှိ သွေးတွင်းသကြားပါဝင်နှုန်းက ဆုံးဖြတ်နေပါသည်။

ထိုအရာများ ဖြစ်ပွားသည့်အချိန်ရောက်အောင် စောင့်ဆိုင်း၍မနေပါနှင့်၊ သင့်အဖို့ တွေးခေါ်ရမည့် အချက်မှာ ထိုအရာများ မဖြစ်ပေါ်အောင် မည်သို့ဆောင်ရွက်ရမည်ဆိုသော အချက်ပင် ဖြစ်ပါသည်။ သင် စားလိုက်သော ကာဗိုဟိုက်ဒရိတ်ကို သင့်အစာအိမ်တွင် ဖြိုချလိုက်ပြီးဂလူးကို့စ် (သကြား) အဖြစ်သို့ ပြောင်းလဲကာ သွေးကြောက စုပ်ယူပါသည်။ ၎င်းသည် သင့်ကိုယ်ခန္ဓာက လိုအပ်သောခွန်အားကို ဖြစ်စေပါသည်။

သင်၏ ပန်ကရိယမှ သင်၏ သွေးထဲတွင် ဂလူးကို့စ် မည်မျှ ပါဝင်သည်ကို စူးစမ်းပြီး လိုအပ်သော ဟိုမုန်း အင်ဆူလင်ကို ထုတ်ပေးပါသည်။ အင်ဆူလင်က သော့သဖွယ်ဆဲလ်များအတွင်းသို့ သကြားဝင်ရောက်ရန် ခွင့်ပြုပါသည်။ ထိုသို့ ဝင်ရောက်မှသာ ကိုယ်ခန္ဓာအတွက် လိုအပ်သောခွန်အားကိုဖြစ်စေပါသည်။

( ၂ )

အချို့သော သကြားများသည် သွေးထဲမှာ ကျန်ရစ်ပြီး ဟေမိုဂလိုဘင်ကဲ့သို့သော ပရိုတိန်းများဖြင့်ပေါင်းစပ်နေပါသည်။ ၎င်းသည် ထုံးစံအတိုင်းဖြစ်ပြီး ပြဿနာမဖြစ်ပါ။ သို့ပါသော်လည်း သကြားအလွန်များလာလျှင် ပြသနာ ရှိနိုင်ပါသည်။ အပြင်တွင် နို့ရည်များ ဖိတ်ကျသည်ကို တွေးကြည့်ပါ၊ နို့ရည်သည် စေးကပ်သည့်သဘော ရှိပါ၏။ သကြားသည် နို့ရည်ကဲ့သို့ ပြုမူပါသည်။ တွေ့သမျှ အရာများနှင့် တွယ်ကပ်ပါသည်။ သွေး (Vessel) ဗက်ဆယ်များတွင်လည်း တွယ်ကပ်နိုင်ပါသည်။ စားထားသော ချွဲငမ်း (Gum) များသဖွယ် ဖြစ်ပါသည်။

သွေးထဲတွင် သကြားပါဝင်နှုန်း များလာသောအခါ အချို့လူများတွင် အင်ဆူလင်ကို ခုခံသော အားဖြစ်  ပေါ်လာပါသည်။ ကိုယ်ခန္ဓာက အင်ဆူလင်ကို တုံ့ပြန်မှုမရှိတော့ဘဲ ဆဲလ်များသည် သွေးထဲမှ သကြားကို စုပ်မယူတော့ပါ။ ပန်ကရိယမှာ အင်ဆူလင်ကို ပိုမိုထုတ်ပေးနေပါသည်။ အကျိုးသက်ရောက်မှုအနေဖြင့် ဂလူးကို့စ် (သကြား) ပါဝင်နှုန်း များပြားလာပြီး ဆီးချိုရောဂါအကြို (သို့) ဆီးချိုရောဂါ ဖြစ်ပွားပါတော့သည်။

အချိန်ကြာလာသည်နှင့်အမျှ သွေးထဲမှ သကြားသည် သွေးဗက်ဆယ်များကို ဖျက်ဆီးပြီး ဆီးချိုရောဂါ  နာတာရှည်ရောဂါသဖွယ် ဖြစ်ပေါ်လာပါသည်။

ဟေမိုဂလိုဘင် AIC test များသည် သင်၏ အနီရောင် သွေးဆဲလ်များတွင် ဂလူးကို့စ် မည်မျှ ကပ်နေသည်ကို တိုင်းတာပါသည်။ ရရှိလာသော အဖြေကို လွန်ခဲ့သော ၃ လအတွင်း ရရှိစေ အဖြေများနှင့် ညှိနှိုင်းပြီး ပျမ်းမျှကို ယူရပါသည်။ ပါဝင်နှုန်းကို ရာခိုင်နှုန်းဖြင့် ဖော်ပြလေ့ရှိသည်။ ထို့ပြင်လက်ချောင်းထိပ်ကို ဖောက်၍ ထွက်လာသော သွေးကို တိုင်းထွားခြင်းအားဖြင့် ထိုအချိန်တွင် ရှိနေမည့် သကြားပါဝင်နှုန်းကို သိနိုင်ပါသည်။ ဆရာဝန်များသည် ဂလူးကို့စ်နှင့် AIC ကို သင်၏ သွေးပြန်ကြောမှ သွေးကို ဖောက်ယူခြင်းဖြင့်လည်း စမ်းသပ်ကြပါသည်။ သင့်ကို အစာမစားစေဘဲ ရှစ်နာရီခန့် နေခိုင်းပြီး သွေးကို ဖောက်ယူပါသည်။ အစာမစားဘဲတိုင်းသော သကြား ပါဝင်နှုန်းနှင့် သင်၏ AIC တို့သည် သင်၏ အခြေအနေကို ပြောပြနိုင်ပါသည်။ ၎င်းတို့သည် သတ်မှတ်ထားသော ပါဝင်နှုန်းထက် များပြားနေပါက သင့်ကို ဆီးချိုရောဂါရှိနေပြီဟု ဆုံးဖြတ်ပါသည်။

ဆရာဝန်များက AIC ပါဝင်နှုန်းကို 7% အောက်မှာ ရှိစေချင်ကြပါသည်။ ဆီးချိုရောဂါကြောင့် အရှုပ်အထွေးများ မဖြစ်ကြစေရန် ဖြစ်သည်။ တဖက်တွင် Hypolycemia ခေါ် သွေးဖိအားနည်းသွားပြီး သကြားပါဝင်နှုန်း လျော့နည်းကာ Lightheadedness ရောဂါ ခေါ် တကိုယ်လုံး ထုံကျင်နေခြင်း၊ သွေးခုန်နှုန်း မမှန်တော့ခြင်းနှင့် အချို့ ဆိုးရွားသော ကိစ္စများတွင် ဦးနှောက်ပျက်စီးသည်အထိဖြစ်နိုင်ပါသည်။

သွေးချိုနှုန်းကို အမြဲတိုင်းတာနေသော  Wearable Sensors ခေါ် သွေးချိုနှုန်း တိုင်းစက်များသည် ဆီးချိုရောဂါရှိသူများ ဝတ်ဆင်ထားသင့်သည်။ ၎င်းသည် ၂၄ နာရီအမြဲတစေ သွေးချိုနှုန်းကို ဖော်ပြနေပြီး သင့်တွင် ရုတ်တရက် သကြားတိုးလာခြင်း (Spike) များ ဖြစ်လာပါက သိရှီနိုင်စေရန် ဖြစ်သည်။

မည်သည့်အချိန်များတွင် သွေးချိုနှုန်းကို တိုင်းထွာသင့်ပါသနည်းဟူသော ပြဿနာရှိလာပါသည်။ မေးခွန်းမှာ လူ၏ ကျန်းမာရေးအခြေအနေပေါ်တွင် မူတည်၍သာ ဆုံးဖြတ်ရပါသည်။ အဝလွန်သူများ ဆီးချိုရောဂါ ဖြစ်ပွားနိုင်သူများကို အချိန်မရွေး တိုင်းတာသင့်သည်။ သင့်တွင် ရောဂါဖြစ်နိုင်သည်ဟု အဖြေထွက်လျှင် နှစ်စဉ် မှန်မှန် သွေးချိုနှုန်းကို တိုင်းတာသင့်သည်။ ဆရာဝန်က သင့်မှာရောဂါမရှိနိုင်ပါဘူးဟု ဆိုလျှင် သုံးနှစ် တကြိမ်တော့ အနည်းဆုံး တိုင်းတာသင့်ပါသည်။ သင်သည် အသက် ၃၅ နှစ် ကျော်ပြီလျှင် သွေးထဲတွင် သကြားပါဝင်နှုန်းကို တိုင်းတာသင့်ပါသည်။

အစားအစာများတွင် သကြားပါဝင်နှုန်းမှာ Starch ခေါ် ကာဘိုဟိုက်ဒရိုက်များ (ဥပမာ- ပတ်(စ)တာ Pasta၊ ဆန်၊ ပေါင်မုန့် နှင့် အာလူး) နှင့် သကြားများသော မုန့်ပဲသရေစာ (Cookies) နှင့် ဆိုဒါ စသည်တို့ ဖြစ်ကြပါသည်။

ဆီးချိုရောဂါဖြစ်သူများ၏ သွေးကြောထဲတွင် သကြားနှင့် အင်ဆူလင်အချိုးအဆမှာ ပျက်ပြားသွားပါသည်။ ရုတ်တရက် သကြားများပြားခြင်း (Spikes) ဖြစ်ပွားပါက အင်ဆူလင်များစွာ ထွက်လာပြီး သကြားပါဝင်နှုန်းမှာ ပျက်စီး (Crash) သွားပြီး သကြားစားလိုစိတ် ပြင်းပြကာ နေထိုင်မကောင်းဖြစ်စေပါသည်။

ပရိုတိန်းနှင့် အဆီပါသော အစာကို ကာဗိုဟိုက်ဒရိုက်နှင့် တွဲ၍ စားပါက သကြားကို ကိုယ်ခန္ဓာမှ စုပ်ယူခြင်းကို တားမြစ်ပြီး သွေးထဲတွင် သကြားပါဝင်နှုန်းကို တည်ငြိမ်စေသည်။ ဆွဲအားမပြင်းထန်သောကြောင့် သကြားပါဝင်နှုန်းမှာလည်း တည်ငြိမ်သွားသည်။ ထမင်းကို နပ်မမှန်ဘဲ စားခြင်း၊ အယ်လ်ကိုဟော အရက်ကို အစာမရှိဘဲ အလွန်အကျွံသောက်ခြင်းကြောင့် သကြားပါဝင်နှုန်း ရုတ်တရက် လျော့နည်းကာ လူကို ထိခိုက်နိုင်ပါသည်။ ရောဂါရှိသူများတွင် ပိုမို၍ဆိုးရွားပါသည်။ လေ့ကျင့်ခန်း လုပ်ခြင်းသည် ခန္ဓာကိုယ်၏စွမ်းအင်ကို သုံးစွဲရခြင်းကြောင့် သွေးထဲတွင်  သကြား ပါဝင်နှုန်းကိုလျှော့ကျစေပါသည်။ ကြွက်သားများ တည်ဆောက်ခြင်းမှာလည်း သကြားပါဝင်နှုန်းကို လျော့ကျစေသည်။ အဆီကို လျော့နည်းစေပြီး ၎င်းက ဆဲလ်များကို အင်ဆူလင် ခုခံအားကို မဖြစ်စေပါ။ 

စိတ်ဖိအားသည်လည်း ကော်တီစောဟိုမုန်း (Cortisol) ကို ပါဝင်နှုန်း မြင့်တက်လာကာ အသည်းကိုအင်ဆူလင် ထုတ်ပေးအောင် လုပ်ဆောင်ပါသည်။ ကောင်းမွန်စွာ မအိပ်စက်ရပါကက သကြားပါဝင်နှုန်းကို ထိခိုက်ပြီး အစားရ ခက်ခဲအောင်၊ အလေးချိန် လျှော့နည်းအောင်၊ လေ့ကျင့်ခန်းမလုပ်နိုင်အောင် စိတ်ဖိအားကိုတွန်းလှန်နိုင်ရန် အင်အားသတ္တိလည်း လျော့နည်းစေပါသည်။ တနည်းပြောရလျှင် အိပ်ရေးမဝသဖြင့် ကော်တီစော ဟိုမုန်း မြင့်တက်စေပါသည်။

ဆီးချိုဖြစ်ပွားရန် တာစူနေသူနှင့် ရောဂါဖြစ်နေသူများ စားသုံးရန်သင့်သော အစားအစာမှာ ထမင်းပန်းကန် ပြားတချပ်တွင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်က တဝက်၊ တစိတ်က ပရိုတိန်း ပါသော ငါးနှင့် ပဲလုံး (Lentils) နှင့် ကျန်တစိတ်မှာသာ ကာဗိုဟိုက်ဒရိတ်ကို ထည့်၍ စီမံသင့်သည်။ မြေထဲပင်လယ်အစာဟု ခေါ်သော အသီးအရွက်များပါသော အစာမှာ ဆီးချိုရောဂါရှိသူရော၊ မရှိသူရောလူတိုင်းစားသင့်သော အစားအစာ ဖြစ်ပါသည်။ လူတို့တွင် လူမျိုးအလိုက် မိသားစုရိုးရာအလိုက် စားနေကျ ဟင်းလျာများရှိကြပါသည်။ အစားအစာကို ပြောင်းလဲရန် အကြံပေးခြင်းမှာ လူတိုင်း မကြိုက်ကြပါ။ မည်သို့ဆိုစေ ကာဗိုဟိုက်ဒရိတ်ကို အစားအစာ၏ တစိတ်သာထားသင့်ပါသည်။ 

လေ့ကျင့်ခန်းယူသည် ဆိုရာ၌ ထမင်းစားပြီး ၁၀ မိနစ်ခန့် လမ်းလျှောက်ခြင်းသည်ပင် သင်၏ သွေးကြောတွင်ရှိသော သကြားပါဝင်နှုန်းကိုလျှော့ချနိုင်ပါသည်။ ကိုယ်အလေးချိန်ကို ကျစေပြီး ဆဲလ်များက အင်ဆူလင်ကို ဆန့်ကျင်ခြင်းအားလည်း တားမြစ်ပါသည်။

( ၃ )

ကာကွယ်ရေးလုပ်ငန်းများက မလုံလောက်တော့ဘဲ ဆီးချိုရောဂါဖြစ်ပွားပြီဟုဆိုလျှင် ပထမဆုံးခုခံ ကာကွယ်နည်းမှာဆေး (Matformin)ဖြစ်ပါသည်။ ထိုဆေးက အသည်းကို သကြားထုတ်လုပ်မှု လျော့နည်းစေရန် ဆောင်ရွက်ပါသည်။ ၎င်းနောက် Sulfonylureas ဆေးမှာ ဈေးချိုသော ပန်ကရိယကို အင်ဆူလင် ပိုမိုထုတ်ပေးစေသော ဆေး ဖြစ်ပါသည်။ သို့သော် ထိုဆေးမှာ သွေးတွင် သကြားပါဝင်နှုန်းကို လျော့ကျစေပြီး အလွန်အကျွံ ၀ စေသော ဘေးထွက်ဆိုးကျိုးများရှိပါသည်။  အခြားဈေးကြီးသော Ozempic နှင့် Jardiance များမှာ အဝလွန်ခြင်းကို အကာအကွယ်ပေးပါသည်။ သကြားပါဝင်နှုန်းကိုလည်း လျှော့ကျစေပါသည်။ နောက်တမျိုးမှာ အင်ဆူလင်ကို ထိုးပေးခြင်းဖြစ်ပြီးဈေးကြီးသည်။

သင့်တွင် သကြား ပြဿနာဖြစ်ပြီဆိုလျှင် ပထမဦးစွာ လုပ်ကိုင်ရမည်မှာ အစားအစာကို ပြုပြင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း လုပ်ကြည့်ပါ။ ဤနည်းဖြင့် သင် ကောင်းကောင်းအိပ်နိုင်ပြီ၊ သင်၏ စိတ်ဖိအားပြဿနာကိုလည်း ကုစားနိုင်ပြီဆိုလျှင် ဆေးကိုလည်း မငြင်းပယ်စေလိုပါ။

ကိုသန်းလွင်

crucial , By Nina Agrawal Ref: Why Controlling Blood Sgar is NY Times 15 October 2024

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *