မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ လူသတ်မုဒိမ်းမှုကျူးလွန်သူကို သေဒဏ်ချတာနဲ့ပတ်သက်ပြီး စလင်းတော်လှန်ရေးအဖွဲ့တွေကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပြီး ဒီဇင်ဘာ ပထမပတ်အတွင်း ကြေညာချက်တွေအသီးသီး ထုတ်ပြန်နေကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေ ဂုန်ညှင်းနွယ်ရွာမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဦးစံ(၄၂ နှစ်)က အဓမ္မပြုကျင့်ပြီးနောက် ရက်ရက်စက်စက်သတ်ဖြတ်မှုကို နိုဝင်ဘာ ၁၅ ရက်နေ့က သေဒဏ်ချမှတ်လိုက်တဲ့အပေါ် သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာပါ။
“ကျွန်တော်တို့အားလုံးမှာ သေဒဏ်စီရင်ခွင့်မရှိပါဘဲ စီရင်ခြင်း၊ မြို့နယ်ပအဖလို့ သုံးစွဲခဲ့ခြင်းတွေကြောင့်သာ တရားဝင်စာထုတ်ကန့်ကွက်ခဲ့ရတာဖြစ်ပါတယ်” လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီပအဖက သေဒဏ်စီရင်မှုဟာ လူသားစာနာ တာဝန်ခံ မဟန်နီကန်တစ်ယောက်တည်းရဲ့ သဘောဆန္ဒအတိုင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပအဖဆီ အသိပေးတာနဲ့ အကြောင်းကြားတာမျိုး လုံး၀မရှိခဲ့တာကြောင့် ပအဖနဲ့ မသက်ဆိုင်ဘူးလို့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
“ကျွန်မတို့ အုပ်ချုပ်ရေးအနေနဲ့ တရားရေးတာဝန်ခံတွေနဲ့ တိုက်ရိုက်ချိတ်ဆက်မှုမရှိပေမဲ့ ကြားထဲကနေ တာဝန်ခံတိုင်းအဆင့်ဆင့်ကနေ ပေးပို့ထားမှုနဲ့ ဖုန်း Call နဲ့ပေးပို့မှုတွေရှိပါတယ်။ ကျွန်မ မြေပြင်မှာ အသေးစိတ်တိုင်းကို တာဝန်ခံဆီကိုရော ရုံးပိုင်းကိုရော Report လှမ်းပေးတယ်။ သူတို့က မြေပြင်နဲ့ ကြားကာလဗဟိုနဲ့ Communicate လုပ်ပေးရမှာ သူတို့အလုပ်ပါ” လို့ မဟန်နီကန်က ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက်စွဲနဲ့ထုတ်ပြန်ချက်ထဲ “မြို့နယ်အတွင်းဆိုးဆိုးရွားရွားဖြစ်ပျက်သွားတဲ့ လူသတ်မုဒိန်းမှုကိုတောင် အာရုံမထား၊ ဂုန်ညှင်းနွယ်ရွာတောင် မရောက်ဘဲ အခုလိုကန့်လန့်တိုက်တာကို ရှုတ်ချပြီး ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်အရ လုပ်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်မယ်” လို့ ဆိုထားပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့က CJ Platform ဖော်ပြခဲ့တဲ့သတင်းထဲ ပြန်လည်ဖြေဆိုပေးခဲ့တဲ့ စလင်းမြို့နယ်ပအဖရဲ့ ဥပဒေရေးရာ ပူးတွဲတာဝန်ခံ မဟန်နီကယ်၊ ဂုန်ညှင်းနွယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပကဖတာဝန်ခံ၊ သတင်းထောက်လှမ်းရေးတာဝန်ခံတို့ရဲ့ လက်မှတ်တွေနဲ့အတူ တာဝန်ရှိသူ ခုနစ်ဦးရဲ့လက်မှတ်တွေနဲ့ ထုတ်ပြန်ထားတာပါ။
“ဥပဒေရုံးအဖွဲ့ကို ကျွန်တော်တို့ မြို့နယ် Meeting ထိုင်ပြီး နို၀င်ဘာ ၁၄ ရက်နေ့က တိုင်ပင်လုပ်ခဲ့တာပါ။ လူကုန်ကူးမှုတောင် ဘာမှလုပ်မပေးတာ လျှို့၀ှက်ပြီးလုပ်ခဲ့တဲ့အမှုတောင် အခု တအားနာမည်ကြီးသွားတဲ့ အမှုဆိုတော့ Media အား၊ ပြည်သူအားနဲ့ မဖြစ်မနေလုပ်လိုက်ရတာ” လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
မှုခင်းအတိုင်း ဆက်လက်စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ပေးဖို့လည်း မှုခင်းဖြစ်ပေါ်ပြီးနောက် လုပ်ငန်းစဥ်တွေနဲ့ စီရင်ချက်ချနိုင်ရေးအတွက် မြို့နယ် ပကဖဘက်က ထောက်လှမ်းရေးကလည်း တာ၀န်ရှိသူတွေဆီ တင်ပြခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ဦးစံကို ပြစ်ဒဏ်စီရင်ရတာမျိုးမရှိသေးဘဲ စလင်းမြို့နယ် ပအဖအချုပ်ထောင်မှာ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စလင်းတော်လှန်ရေးအဖွဲ့တွေရဲ့ မိခင်ဌာန အမျိုးသားညီညွှတ်ရေးအစိုးရဆီ CJ Platform က ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုခြင်းမရှိသေးပါဘူး။
ဒါ့အပြင် NUG ဘက်က ဒီအမှုနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြောတာမျိုး ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့အထိ မရှိသေးပါဘူး။
ဒါ့အပြင် စလင်းမြို့နယ်မှာ ဒီနှစ် ၂၀၂၄၊ သြဂုတ်လ ၂၃ ရက်နေ့က လူကုန်ကူးမှုနဲ့ ဖမ်းမိထားတဲ့ အသက် ၂၀ ကျော်အရွယ် လင်မယားနှစ်ယောက်(မြို့နယ်ပကဖက နာမည်တွေထုတ်မပြောသူတွေ)ကို ပြီးခဲ့တဲ့စက်တင်ဘာလ ၁၀ ရက်နေ့မှာ စာအမှတ် ၀၁၄/စလ အနေနဲ့ တရားရေးဌာနကို ဦးတိုက်ပေးပို့စရာမလိုဘဲ ကြားကာလဗဟိုကိုသာလိပ်မူပေးပို့ပါဆိုတဲ့အတွက် တာဝန်ခံဆီ ပေးပို့ထားတယ်လို့ မဟန်နီကန်က ပြောပါတယ်။
အဲဒီအမှုကိုတော့ ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့အထိ ပြစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိသေးပါဘူး။
ဓာတ်ပုံ – စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
ပုံစာ- စလင်းမြို့နယ်မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဦးစံ