ylliX - Online Advertising Network

နေပြည်တော်သိမ်းအောင် – ဆီးရီးယားမှပေးသော သင်ခန်းစာ – MoeMaKa Media



နေပြည်တော်သိမ်းအောင် – ဆီးရီးယားမှပေးသော သင်ခန်းစာ

(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၄

ဆီးရီးယားနိုင်ငံတွင်း ပြောင်းလဲမှုများနဲ့ ပတ်သက်ပြီး မှတ်ချက်စကားများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီထဲကမှ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ‘ဂီယာပက်ဒါဆင်’(Gier pederson)ရဲ့ ‘တကယ့် အ ဖြစ်မှန်အသစ်တခုအပေါ် ထားရမယ့် နားလည်မှုအသစ်’ ဆိုတာကို သဘောကျမိပါတယ်။ ရှုထောင့်အသစ်ကနေ လက်တွေ့ကျကျ လက်ခံရှုမြင် ပေးကြရမယ့်အချိန်လို့ သဘောပေါက်ကြရမယ့် အခင်းအကျင်းပါ။

အာဏာရှင်ကို ဝိုင်းဝန်းဆန့်ကျင်တိုက်ခိုက်ကြတယ် ဆိုပေမယ့်၊ ဆီးရီးယား အတိုက်အခံ တော်လှန်ရေး အင်အား စုများရဲ့ ကွဲပြားခြားနားမှုတွေက နိုင်ငံတကာကို စိတ်မသက်မသာ တလျှောက်လုံး ဖြစ်နေစေခဲ့တာပါ။ ပထဝီ ကြောင်း၊သမိုင်းကြောင်း၊လူမျိုးစု၊ဘာသာ၊နိုင်ငံရေးယုံကြည်မှု၊ကျောထောက်နောက်ခံ နိုင်ငံ/အဖွဲ့အစည်းများ အစ ရှိတဲ့ မတူညီမှု အများအပြားက နိုင်ငံတကာကို နားလည်မှု ရှုပ်ထွေးစေပါတယ်။

တော်လှန်ရေး အင်အားစုတွေထဲမှာ အခု မြို့တော် ‘ဒမတ်စ်ကတ်စ်’ ကို သိမ်းပိုက်အောင်ပွဲခံခဲ့တဲ့ အဓိကအင်အားစု Hayat Tahrir al-Sham (HTS) လို ကုလသမဂ္ဂနဲ့ ယူအက်စ်တို့က အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထား တာမျိုးလည်း ပါဝင်ပါတယ်။ ဆီးရီးယားနိုင်ငံထဲမှာ အယ်လ်ကိုင်းဒါး၊ ISIS တို့ရဲ့ ဆက်နွှယ်လှုပ်ရှားမှုတွေကိုလည်း တွေ့ရပါတယ်။

‘အာဆဒ်’သာ ပြုတ်ကျသွားခဲ့ရင် ဆီးရီးယားရဲ့ အနာဂတ် ဘယ်လိုဘယ်ပုံ ဖြစ်သွားမလဲ ဆိုတဲ့ သို့လောသို့လော အ တွေးတွေနဲ့ နိုင်ငံတကာကို ပူပင်စိတ်တွေ ရှိနေစေခဲ့ပါတယ်။ ဒီလိုသူတို့တွေးကြတာကို အပြစ်ပြောဖို့လည်း ခက်ပါတယ်။ အဖြေအတိအကျ မရှိနိုင်တာက လက်တွေ့ပါပဲ။

ဒါပေမဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ‘အာဆဒ်’ ပြုတ်ကျသွားဖို့က ဆီးရီးယား တော်လှန်ပြည်သူအများစုရဲ့ အန္တိမ ရည်မှန်းချက်ဆိုတာကို သူတို့ သဘောမပေါက်ခဲ့ကြဘူး။ လာလတ္တံ့၊ဖြစ်လတ္တံ့ ဆိုတာတွေနဲ့ပဲ အတွေးရှုပ်နေ စေခဲ့ တယ်။

မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှာလည်း အဲဒီနိုင်ငံတကာက အလားတူ တွေးနေကြတယ်။ တချိန်ကျရင် ဘာတွေဘယ်လို ဖြစ်ကုန်ကြမလဲ ဆိုပြီးပေါ့။ ‘ဂီယာပက်ဒါဆင်’ကတော့ လက်တွေ့ဖြစ်ရပ်မှန်ကို ဓမ္မဒိဌာန် ကျကျ မြင်ကြနားလည်ကြရမယ်လို့ သဘောပေါက်သွားတဲ့ပုံပါပဲ။ ‘အာဆဒ်’အာဏာရနေသရွေ့ ဆီးရီးယား ပြည်တွင်း စစ်က ငြိမ်းနိုင်မှာမဟုတ်ဘူး ဆိုတဲ့ အထိုင်ကနေ ပြတ်သားရှင်းလင်းစွာ မမြင်ခဲ့ကြသူတွေ အခုသင်ခန်းစာ ယူကြရ ပါလိမ့်မယ်။

ဒီကနေ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ပြီလားဆိုရင်တော့၊ စိတ်ဝင်တစား ဆက်စောင့်ကြည့် နေကြရဦးမှာပါပဲ။ အ ချင်းချင်းကြား တိုက်ပွဲတွေလည်း ပြန်ဖြစ်ရင် ဖြစ်လာနိုင်သေးတာပါပဲ။ ဒါပေမဲ့ ‘အာဆဒ်’ပြုတ်ကျတဲ့ ဇာတ်ဝင် ခန်းကို ထည့်ကိုရိုက်မှဖြစ်မယ့် ဇာတ်ကားတခု ဆိုတာကို နားလည်ကြဖို့ လိုအပ်ပါတယ်။ နောင်ခါလာ နောင်စျေး သဘောထားမျိုး မဟုတ်ပေမယ့်၊ ဆီးရီးယားနဲ့ ‘အာဆဒ်’ ဘယ်လိုမှ ဆက်နှစ်ပါးသွားလို့ မရဘူးဆိုတဲ့ အမြင်ကို တည်ပြီး ကမ္ဘာကြီးက အရင်ကတည်းက ပြတ်ပြတ်သားသား မြင်ခဲ့ကြ၊ ဝိုင်းကြဝန်းကြခဲ့ရမှာပါ။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီအချက်ကို လေးလေးနက်နက်သင်ခန်းစာယူသင့်ပါတယ်။ တကယ်က မြန်မာနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေကြား ကွဲပြားခြားနားမှုက ဆီးရီးယားလောက်ကို မပြင်းထန်ပါဘူး။

နွေဦးတော်လှန်ရေး အင်အားစုတွေအနေနဲ့ ဆီးရီးယားဖြစ်ရပ်ကနေ နောက်ထပ်ခွန်အား ကြီးကြီးမားမား ယူစ ရာရှိပါတယ်။ ‘အာဆဒ်’ အစိုးရမှာ အင်အားတောင့်တင်းတဲ့ လေတပ်ရှိပါတယ်။ Global Fire Power- (၂၀၂၄) ခုနှစ် ကို ကိုးကားရရင် စုစုပေါင်း လေယာဉ် ၄၅၂စီး (အသင့်သုံးနိုင်-၂၇၁စီး)ရှိပါတယ်။ မြန်မာနိုင်ငံ စာရင်းအရကတော့ စုစုပေါင်း လေယာဉ် ၂၉၃စီး (အသင့်သုံးနိုင် -၁၉၀စီး) ဖြစ်ပါတယ်။ တိုက်ခိုက်ရေး၊ပို့ဆောင်ရေး၊အမောင်းသင် ရှိရှိသမျှ အားလုံးကို ဆိုလိုတာပါ။

ဆီးရီးယားမှာ ဖိုက်တာလေယာဉ် ၁၆၈(အသင့်သုံးနိုင် -၁၀၁) ရှိပြီး၊ မြန်မာမှာတော့ ဖိုက်တာလေယာဉ် ၅၈ (အသင့်သုံးနိုင် -၃၈)လို့ စာရင်းပေါက်ပါတယ်။ ဒါကိုကြည့်ရင်ပဲ ဆီးရီးယား အတိုက်အခံတော်လှန်ရေး အင် အား စုတွေ လေကြောင်းတိုက်ခိုက်မှုကိုအကြီးအကျယ် ခံခဲ့ကြရတာ သဘောပေါက်နိုင်ပါတယ်။

ဒီထက်အန္တရာယ်များတာက ရုရှားတို့ငှါးရမ်းထားတဲ့ Hmeimim ရုရှားလေတပ် အခြေစိုက်စခန်း ရှိနေတာပါ။ Su-35s, Su-34s, Su-30s, Su-24s, MiG-29 SMT တို့လို ဖိုက်တာဂျက်တွေ အမြဲတမ်းနဲ့ အဝင်အထွက် ရှိတဲ့ စခန်း ကြီး ဖြစ်ပါတယ်။ဒါ့ကြောင့် ဆီးရီးယား တော်လှန်ရေးအင်အားစုတွေဟာ ရုရှားတို့ ရဲ့ လေကြောင်းတိုက်ခိုက် မှုကိုလည်း ခံကြရပါတယ်။

အဆုံးသတ်မှာတော့ လေကြောင်းတိုက်ခိုက်မှုမှာ ယှဉ်နိုင်စွမ်းမရှိတဲ့ တော်လှန်ရေးအင်အားစုတွေကပဲ ‘အာဆဒ် ’ကို ဖြုတ်ချနိုင်ခဲ့ပြီး အောင်ပွဲခံနေကြပါပြီ။ ဒါဟာ ပကတိ အရှိတရားဖြစ်ပြီး၊ ခွန်အားယူစရာလည်း ကောင်းပါ တယ်။

ရုရှားကို ထွက်ပြေးခိုလှုံရတဲ့ ‘အာဆဒ်’ဟာ နိုင်ငံအကြီးအကဲတယောက် ဖြစ်နေခဲ့သေးလို့ အိုင်စီစီက ဖမ်းဝရမ်း ထုတ်တာကို မလုပ်နိုင်ခဲ့ပါဘူး။ ပြင်သစ်နိုင်ငံ ပါရီတရားရုံးကတော့ ပြီးခဲ့တဲ့ဇွန်လတုန်းက သမိုင်းဝင် ဖမ်းဝရမ်း ထုတ်နိုင်ခဲ့ပါတယ်။ ဒီတော့ ‘အာဆဒ်’ကို ဝရမ်းပြေး တယောက်လို့ သတ်မှတ်နိုင်ပါတယ်။

ဆီးရီးယား အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်သူကမှ တပ်အပ်ဟောကိန်း မထုတ်နိုင်တဲ့ အချိန်ပါ။ ဒါပေမဲ့ အခုဖြစ် ပေါ်ပြောင်းလဲမှုများကနေ ကောက်ချက်ချနိုင်တာကတော့ ‘ပြည်သူ့အားကို ဘယ်ဝရမ်းပြေးမှ မတားနိုင်ဘူး’  ‘ပြည် သူ့ ကျိန်စာကနေ ဘယ်ဝရမ်းပြေးမှ လွတ်အောင်မရှောင်နိုင်ဘူး’ ဆိုတာကိုပါပဲ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *