ylliX - Online Advertising Network

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ နဲ့ လူ့အခွင့်အရေးဆိတ်သုဥ်းနေတဲ့ မြန်မာနိုင်ငံ


မိုးမခ၊ ဒီဇင်ဘာ ၁၁၊  ၂၀၂၄

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ နဲ့ လူ့အခွင့်အရေးဆိတ်သုဥ်းနေတဲ့ မြန်မာနိုင်ငံ

ဒီဇင်ဘာလ ၁၀ ရက်နေ့ကို နိုင်ငံတကာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ နော်ဝေ နိုင်ငံအခြေစိုက် နိုဘယ်ဆုကော်မတီက ချီးမြှင့်တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုအပါအဝင် အခြားသော သိပ္ပံပညာဆိုင်ရာ၊ စာပေ နိုဘယ်ဆုတွေကိုလည်း ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ချီးမြှင့်တာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း လူ့အခွင့်အရေး နဲ့ပတ်သက်တဲ့ နှိုးဆော်မှု၊ တိုက်တွန်းမှုနဲ့ အသိအမှတ်ပြု ဆုချီးမြှင့်မှု စတဲ့ လှုပ်ရှားမှုတွေကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လုပ်ဆောင်ကြတာပါ။ မြန်မာနိုင်ငံ အနေနဲ့လည်း ဒီဇင်ဘာ ၁၀ ရက်နေ့ နဲ့ ဆက်နွယ်တဲ့ နောက်ခံအဖြစ်အပျက်တွေ မဝေးသေးတဲ့ သမိုင်းမှာ ရှိခဲ့ကြတာပါ။ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံရပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ကျောင်းသားတက်ကြွလှုပ်ရှားသူတွေ နိုဘယ်ဆုရရှိခြင်းကို ဂုဏ်ပြုပြီး အာဏာသိမ်းထားတဲ့ စစ်အစိုးရကို ဆန္ဒပြခဲ့ကြရာက တက်ကြွလှုပ်ရှားသူ ရာနဲ့ချီ အဖမ်းခံခဲ့ကြရတဲ့ သမိုင်းဖြစ်ရပ် ဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ် မတိုင်ခင် မဆလ ခေတ်ကတော့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးက မြန်မာလူထုနဲ့ မရင်းနှီးတဲ့ စကားလုံးဖြစ်ပါတယ်။ ၁၉၈၈ အရေးတော်ပုံကာလ နောက်ပိုင်းမှသာ လူ့အခွင့်အရေး ဆိုတဲ့စကားလုံးက မြန်မာလူထုအကြား ရင်းနှီးလာခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုမှတ်တမ်းတင်တာ၊ လူ့အခွင့်အရေး နဲ့ပတ်သက်တဲ့ အသိပညာပေး ရေးသား၊ ဟောပြောမှုတွေ၊  သင်တန်းတွေ အစရှိတဲ့ လူ့အခွင့်အရေး အသိ၊ နားလည်မှု၊ စောင့်ထိန်းလိုက်နာဖို့ နှိုးဆော်မှုတွေ ၂၀၁၂ ကနေ ၂၀၂၁ ကာလအထိ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပညာပေးမှု၊ ဖြန့်ဝေမှုတွေ များပြားလာခဲ့ပေမယ့် တဖက်မှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ အာဏာရ အစိုးရတွေရဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေ ရဲ့ ချိုးဖောက်မှုတွေက ပြည်တွင်းစစ် မချုပ်ငြိမ်းနိုင်သရွေ့ ဖြစ်ပွားနေတဲ့ သဘောလည်း ဖြစ်ပါတယ်။

 ၂၀၁၁ ခုနှစ် ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ လက်ထက် ၅ နှစ်နဲ့ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက် ၅ နှစ် စုစုပေါင်း ၁၀ နှစ်တာကာလတွေမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ လူမျိုးရေး၊ ဘာသာရေး အပေါ် အခြေပြုပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချကြတဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ၊ ရိုဟင်ဂျာ လူနည်းစုတွေ အပေါ် ကျူးလွန်ကြတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးသုဥ်း သတ်ဖြတ်မှုတွေလို့ ICJ တရားရုံးက ဆင့်ခေါ်ခံရတဲ့အထိ ရုပ်ဆိုး ရက်စက်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီကာလရဲ့နောက် ၂၀၂၀ ရွေးကောက်ပွဲအပြီး ဖြစ်ပွားတဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ရဲ့ ပြင်းထန် ကျယ်ပြန့်စွာ ဖြစ်ပွားတဲ့အဆင့်ဆီ ကူးပြောင်းရောက်ရှိခဲ့ပြီး လက်နက်ကိုင် တိုက်ပွဲတွေ အတွင်း အရပ်သားတွေ စွပ်စွဲသတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေ နဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေက နေ့စဥ်လိုလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

လူ့အခွင့်အရေးချိုးဖောက်မှုလို့ ဆိုရာမှာ သေးငယ်တဲ့ ချိုးဖောက်မှုတွေထက် အသက်အန္တရာယ် ထိခိုက်စေတဲ့ ကြီးမားတဲ့ ပြစ်မှုတွေ၊ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို အဓိက လက်သည်အဖြစ် စစ်ကောင်စီ တပ်တွေ၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေက ကျူးလွန်ကြသလို စစ်ကောင်စီဘက်က ကျူးလွန်တဲ့ အရေအတွက်နဲ့ မနှိုင်းယှဥ်သာသည့်တိုင် အချို့သော တော်လှန်ရေး အင်အားစုတွေလည်း အရပ်သားတွေ နဲ့ စစ်သုံ့ပန်း၊ သတင်းပေးလို့ သံသယရှိသူတွေ အပေါ် ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ကြတဲ့ အဖြစ်အပျက်တွေ ရှိနေတာပါ။ 

စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့၊ ရဲ၊ ပြည်သူ့စစ်နဲ့ အကျဥ်းထောင်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင် ထားကြပေမယ့် လတ်တလောမှာ အရေးယူနိုင်ခြင်း မရှိသေးပါဘူး။ အဲဒီလို ကျူးလွန်သူ တွေထဲက အရေအတွက်အားဖြင့် အနည်းငယ်မျှသော သူတွေကိုသာ လက်နက်ကိုင်တိုက်ပွဲတွေ အတွင်း ဖမ်းဆီးရမိတဲ့ အဖြစ်မျိုး ရှိပါတယ်။ ရခိုင်ပြည်နယ် စစ်ပွဲတွေ အတွင်း လက်နက်ချတာ၊ လက်ရဖမ်းမိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ဟာ လူ့အခွင့်ချိုးဖောက်မှုတွေကို ကျူးလွန်သူတွေ ဖြစ်နေကြတာပါ။ တိုက်ပွဲတွေ ဖြစ်ပွားနေစဥ်ကာလ၊ စနစ်ကျတဲ့ တရားစီရင်ရေး ယန္တရားတွေ မတည်ဆောက်နိုင်သေးတဲ့ အခြေအနေမှာ ကျူးလွန်တဲ့ ပြစ်မှုတွေ အတွက် တရားဥပဒေအရ တာဝန်ခံမှုမျိုးကို စီရင်နိုင်ဖို့ အခြေအနေလည်း အားနည်းနေဆဲ ဖြစ်ပါတယ်။ တဖက်မှာလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ၊ PDF တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေ ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကျူးလွန်မှုတွေ ဖော်ထုတ်တွေ့ရှိခဲ့ရင် မြန်မြန်ဆန်ဆန် ကိုင်တွယ်အရေးယူတာမျိုး၊ အလားတူ ဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားရအောင် အကာအကွယ် ပေးတဲ့ဆောင်ရွက်မှုတွေလည်း အရေးတကြီး လိုအပ်တာ ဖြစ်ပါတယ်။ 

NUG အနေနဲ့ တရားရေးဝန်ကြီးဌာန ဖွဲ့စည်းထားပြီး ဖြစ်သလို လူ့အခွင့်အရေး နဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာနလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဆိုပါ ဝန်ကြီးဌာန ၂ ခုအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကို စောင့်ကြည့်ပြီး မှတ်တမ်းတင်ထားဖို့ လိုအပ်သလို လက်ရှိ စီရင်ဆောင်ရွက်နိုင်တဲ့ အမှုအခင်းတွေကို လက်ရှိကာလမှာပဲ ကြားနာစီရင်ကြရမှာ ဖြစ်ပါတယ်။ လတ်တလော ကာလမှာ အဆိုပါ ဝန်ကြီးဌာနက ယန္တရားတွေ မြေပြင်မှာပြည့်ပြည့်စုံစုံ မတည်ဆောက်နိုင်သေးတာကြောင့် ပြည့်ပြည့်ဝဝ မစီရင်နိုင်သည့်တိုင် လက်လှမ်းမှီတဲ့ အဖြစ်အပျက်တွေကို စီရင်ဆောင်ရွက်တာ၊ လက်လှမ်းမမှီတဲ့ ကျူးလွန်ချိုးဖောက်မှုတွေကို မှတ်တမ်းပြုစုထားပြီး အချိန်ကာလတခုမှာ စီရင်ဆောင်ရွက်နိုင်ဖို့လည်း အရေးကြီးပါတယ်။ 

အထူးသဖြင့် အရပ်သားတွေ အပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မှားယွင်းတဲ့ စွပ်စွဲသတ်ဖြတ်မှုတွေကို တာဝန်ခံမှုရှိလာစေဖို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ တရားစီရင်ရေး ယန္တရား အနေနဲ့ လုပ်ဆောင်ဖို့ တာဝန်ရှိနေတာလည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *