မိုးမခ၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၄
မောင်တောက နခခ (၅) ဆုံးရှုံးမှုနဲ့ ဗိုလ်မှူးချုပ်အဆင့် ဖမ်းဆီးခံရခြင်းရဲ့ ဂယက်
ခုရက်ပိုင်းအတွင်း မောင်တောမြို့နယ်က နောက်ဆုံးကျန်ရှိတဲ့ စစ်စခန်းလို့လည်း ဆိုနိုင်တဲ့ နယ်ခြားစောင့် စခန်းခွဲ (၅) ကို အာရက္ခတပ်တော် AA က သိမ်းယူခဲ့ပြီးနောက် အဆိုပါစခန်းထဲကနေ နောက်ဆုံး တာဝန်ယူ အမိန့်ပေးကွပ်ကဲခဲ့တဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၁၅ ရဲ့ စခန်းမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း နဲ့ နောက်ပါ ဒါဇင်နဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA က လက်ရဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ သြဂုတ်လဆန်း ကတည်းက နခခ (၅) စခန်းကို AA တပ်ဖွဲ့တွေက ပိတ်ဆို့ထားခဲ့ပြီး ၃ လ ကျော် ၄ လ ဝန်းကျင်အကြာမှာ စခန်းကျသွားသလို စကခမှူး ဗိုလ်မှူးချုပ်တဦးကိုပါ လက်ရဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မောင်တောမြို့နယ်ထဲက စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်အမှတ် (၁၅) ကျပြီးနောက်မှာ အဆိုပါ စကခ စခန်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် သူရိန်ထွန်းက နခခ (၅) ထဲမှာ အခြေစိုက်ကာ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှာ တခုတည်းသော ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့် စခန်းမကျဖို့ ဆက်လက်ခုခံနေခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်တွေမြို့၊ ကျောက်ဖြူမြို့ ၊ မာန်အောင်မြို့၊ အမ်းမြို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်စခန်း နဲ့ ဂွမြို့တို့သာ ကျန်ရှိတော့တဲ့ အနေအထားဖြစ်ပြီး အဆိုပါ ၅ မြို့ အနက် အမ်းမြို့မှာလည်း မြို့ကို AA သိမ်းယူပြီးဖြစ်ကာ နပခ စစ်ဌာနချုပ် စခန်းဝင်းသာကျန်ရှိတဲ့အနေအထား ဖြစ်ပါတယ်။
နေပြည်တော်က စစ်ကောင်စီရဲ့ စစ်ရုံးအနေနဲ့ ရခိုင်ပြည်နယ်မှာ ဟိုတကွက်သည်တကွက် ကျန်ရှိတဲ့ စစ်စခန်းတွေ ဆက်လက် ခုခံထားနိုင်ဖို့ လိုအပ်တဲ့ အကူအညီဖြစ်တဲ့ ရိက္ခာ၊ လက်နက်၊ စစ်သည်အင်အား အစရှိတဲ့ အထောက်အကူတွေ လုံလောက်အောင် ပို့ဆောင်ပေးနိုင်ခြင်း မရှိခြင်းက စစ်ကောင်စီ တပ်တွေအဖို့ နောက်နောင်ဆို အသေအကြေ ခုခံကာကွယ်ကြဖို့ စိတ်ဓာတ်ပျက်စီးစေလိမ့်မယ့် အလားအလာ ရှိလာနေတာပါ။ နောက်ဆုံးအချိန်ထိ ခုခံတိုက်ခိုက်ပေမယ့် စကခ မှူးကိုယ်တိုင် ရန်သူလက်ထဲ ဖမ်းဆီးခံရတဲ့ အဖြစ်က နောက်တန်းက အထောက်အကူ အားနည်းတဲ့အချက် အစီအစဥ် မရှိခြင်း သို့မဟုတ် စစ်ခေါင်းဆောင်တွေရဲ့ ညံ့ဖျင်းတဲ့ စီမံကွပ်ကဲမှုကို စစ်ကောင်စီ လက်အောက်က တပ်ဖွဲ့ဝင်တွေအဖို့ မကျေနပ်စရာ ဖြစ်ရပ်တခု ဖြစ်လာနိုင်ပါတယ်။
ရခိုင်ပြည်နယ်က စခန်းတွေ၊ အချို့မြို့တွေ ဝိုင်းပတ်ပိတ်ဆို့ခံရပြီး အမြောက်အမြား တိုက်ပွဲမှာသေဆုံးရတာ သို့မဟုတ် ဖမ်းဆီးခံရတာတွေက စစ်ပွဲတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ အရာမျိုးတော့မဟုတ်ပါဘူး။ ညံ့ဖျင်းတဲ့ ကွပ်ကဲမှုနဲ့ တာဝန်ယူမှု အားနည်းတဲ့ ခေါင်းဆောင်မှုတွေ၊ လက်ရှိပကတိ အခြေအနေနဲ့ မကိုက်ညီတဲ့ အမိန့်တွေပေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီအဖြစ်အပျက် မတိုင်ခင် ယခုနှစ်ဆန်းပိုင်း ရခိုင်ပြည်နယ် ကျောက်တော်မြို့က တပ်ရင်းတွေ ဆုတ်ခွာလာစဥ်ကတည်း ကုလားတန်မြစ်ထဲ AA ရဲ့ ကုန်းနဲ့ ရေ နှစ်ဖက်ညှပ် ပိတ်ဆို့တိုက်ခိုက်ခံရ တဲ့ဖြစ်စဥ်တွေမှာလည်း စစ်ကောင်စီတပ်တွေ အနေနဲ့ အလားတူ အတွေ့အကြုံမျိုး ရှိခဲ့ကြဖူးပါတယ်။
အဲဒီနောက် ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲ၊ ငပလီကမ်းခြေ တိုက်ပွဲဖြစ်ပွားစဥ်မှာလည်း ရေတပ်က ကယ်တင်ဖို့လာတဲ့ အဖြစ်အပျက်မှာလည်း ၄င်းတို့ တပ်ကို ရေတပ်စစ်သင်္ဘောကနေ ပြန်ပစ်ခတ်တယ်ဆိုတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ဖူးပြီး အခု မောင်တော နခခ (၅) တိုက်ပွဲမှာလည်း နောက်တန်းက လုံလောက်တဲ့ အကူအညီ မပေးနိုင်တဲ့ အဖြစ်အပျက် ဒါဇင်နဲ့ချီတဲ့ ၄င်းတို့ တပ်ဖွဲ့ဝင် ရန်သူလက်ကျရောက်သွားတာကို ကူညီကယ်တင်ဖို့ လုံလောက်တဲ့ ကြိုးပမ်းမှုတွေ မလုပ်ခဲ့ကြဘူးလို့ ယူဆချက်က စစ်ကောင်စီတပ်တွေကို စိတ်ဓာတ်ပျက်ပြားစေမှာ အသေအချာပဲ ဖြစ်ပါတယ်။
ရခိုင်မှာ ၄င်းရဲ့တပ်ဖွဲ့ဝင်တွေ အခက်ခဲဆုံး အခြေအနေကို ကျော်ဖြတ်နေရချိန်၊ ရန်သူ့လက်ထဲ အဖမ်းခံကြရချိန်၊ အမြောက်အများ အသက်ဆုံးရှုံးရချိန်မှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ နေပြည်တော်မှာ အားကစားပွဲတော် ဖွင့်ပွဲကျင်းပနေတာက အခြေအနေကို အရေးမထားတဲ့ အသွင်မျိုး ၄င်းရဲ့ တပ်ဖွဲ့ဝင်တွေ ခံစားရစေမှာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်အနေနဲ့ ၄င်းထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ အများအပြားကျန်သေးတယ်ဆိုတဲ့ စဥ်းစားချက်မျိုး ရှိကောင်းရှိနိုင်မှာ ဖြစ်ပေမယ့် လျင်မြန်စွာ နယ်မြေတွေ လက်လွှတ်နေရတဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ၁၀၂၇ စစ်ဆင်ရေး ပထမ နဲ့ ဒုတိယ အကျော့ ၂ ခါလုံးမှာ ရှမ်းမြောက်က နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးထားရတဲ့ အခြေအနေတွေက လျစ်လျူရှုလို့မရပါဘူး။
နောက်ထပ် နယ်မြေတွေ ဆက်လက်ဆုံးရှုံးနိုင်ခြေ အများအပြားရှိနေတဲ့ အနေအထားမှာ စစ်ခေါင်းဆောင်ဖြစ်သူက အားကစားပွဲတော် ဖွင့်ပွဲကို တက်ရောက်အားပေးနေပြီး အရေးမကြီးတဲ့ အခမ်းအနားတွေကို ဟန်မပျက် တက်ရောက်အားပေးနေခြင်းက ၄င်းကို ထောက်ခံတိုက်ခိုက်ပေးနေတဲ့ တပ်ဖွဲ့ဝင်တွေကို အလေးမထားရာကျတဲ့ ထင်မြင် ယူဆချက်တွေ ပေါ်ထွက်လာစေမှာ ဖြစ်ပါတယ်။
အာဏာ၊ ရာထူးတွေ လက်လွတ်ဆုံးရှုံးပြီး အချို့က တိုင်းပြည်ကနေ ဒရောသောပါး ထွက်ပြေးရတဲ့ အာဏာရှင်တွေ အနေနဲ့ ဆုံးရှုံးမှုတွေ ရင်ဆိုင်နေရချိန်၊ ခက်ခဲကျပ်တည်းတဲ့ အခြေအနေကြုံနေရချိန်ကို ကောင်းစွာ သဘောမပေါက်ဘဲ ရာထူး၊ အာဏာ လက်လွတ်ဆုံးရှုံးရတဲ့ နောက်ဆုံးအချိန်ထိ အာဏာရှင်တွေရဲ့ ထုံးစံ ပွဲလမ်းတွေ သို့မဟုတ် ပုံမှန်လုပ်နေကျ အစည်းအဝေးလိုမျိုး၊ နိုင်ငံတည်ငြိမ်အေးချမ်းနေတဲ့ သဘော အပြကောင်းအောင် လုပ်ဆောင်တဲ့ ပွဲလမ်း အခမ်းအနားတွေ တက်ရောက်ပြီး မိန့်ခွန်းခြွေ၊ လက်ပြ နှုတ်ဆက်လေ့ရှိတဲ့ နိုင်ငံအချို့က သာဓကတွေအတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကောက်ချက်ချရမယ့် သဘောဖြစ်ပါတော့တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar