ylliX - Online Advertising Network

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်နိုင်ခြေနဲ့ တရားဝင်မှု


မိုးမခ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၄

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်နိုင်ခြေနဲ့ တရားဝင်မှု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ အဲဒီအချိန်က ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီး အစိုးရဖွဲ့ဖို့ ရက်ပိုင်းအလိုမှာ  NLD ပါတီရဲ့ မဲစာရင်း မှားယွင်းမှုအချို့ ရှိခြင်းကို မဲမသမာမှု အဖြစ်စွပ်စွဲပြီး အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းစဥ်ကတည်းက ရွေးကောက်ပွဲပြန်လည် ကျင်းပမယ်လို့ ယေဘုယျအားဖြင့် ဆိုခဲ့ပေမယ့် အခုလို ၃ နှစ်ခွဲကျော်လာတဲ့အထိ ရွေးကောက်ပွဲရက်သတ်မှတ်နိုင်ခြင်း မရှိတာကို ကြည့်ရင် အာဏာသိမ်း စစ်တပ်အနေနဲ့ ရွေးကောက်ပွဲကို မြန်မြန်ဆန်ဆန် မကျင်းပလိုတဲ့ သဘောထားက သိသာထင်ရှားပါတယ်။ 

အာဏာသိမ်းပြီးကာစ ၂၀၂၁ ခုနှစ်အတွင်းမှာ NLD ပါတီ သေသွားတဲ့ အဖြစ်မျိုးဖြစ်အောင် ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်ခဲ့သလို အမြို့မြို့ အနယ်နယ်က NLD ပါတီ ရုံးခန်းတွေ ဖျက်ဆီးခံရတဲ့ အဖြစ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ 

အခုလို လက်နက်ကိုင် တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ပွားသေးတဲ့ အခြေအနေမျိုးမှာလည်း ရွေးကောက်ပွဲ လုပ်ဖို့ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေ မရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ လုပ်မယ့်အချိန်ကာလကို ဆွဲဆန့်နေခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နှောင်းပိုင်း ၂၀၂၂ ခုနှစ် အစပိုင်းနဲ့ နှိုင်းယှဥ်ရင် လက်ရှိအခြေအနေကမှ ရွေးကောက်ပွဲ ကျင်းပဖို့ မြို့ပေါင်း ၈၀ ကျော်၊ အချို့သော ပြည်နယ်တခုလုံးနီးပါး စစ်ကောင်စီ ထိန်းချုပ်မှုအောက် မရှိတော့တဲ့ အနေအထားရောက်ရှိနေပြီး ရွေးကောက်ပွဲ ကျင်းပမယ် ဆိုခဲ့ရင်တောင် အဲဒီဒေသတွေမှာ ကျင်းပနိုင်မယ့် အခြေအနေ မရှိတာ သေချာနေပြီ ဖြစ်ပါတယ်။ မကြာသေးခင်က စစ်ကောင်စီ ထိန်းချုပ်မှုအောက်က ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံရာမှာ လုံခြုံစိတ်ချရတဲ့ မြို့နယ် ၁၆၀ ကျော်လောက်မှာ ကျင်းပနိုင်လိမ့်မယ်လို့ ပြောဆိုကြောင်း သတင်းမီဒီယာတွေမှာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အနက် ၁၆၀ ကျော်သာ ပထမအဆင့်အနေနဲ့ ကျင်းပနိုင်ပြီး ကျန်တဲ့မြို့နယ်တွေကို လုံခြုံရေးပေးနိုင်တဲ့ အချိန်မှာ ကျင်းပမယ်ဆိုတဲ့ သဘောမျိုး ဆိုလိုတာလို့လည်း အချို့သော နိုင်ငံရေးပါတီကိုယ်စားလှယ်တွေက သတင်းမီဒီယာကို ပြောဆိုထားတာ တွေ့ရပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ်လို့  ၂၀၂၄ မှာ ဘာကြောင့် ခပ်စိပ်စိပ် ပြောဆိုလာရတာလဲ လို့မေးရင် စစ်ရေးအရ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေ သိသာစွာ လျော့ကျလာသလို နိုင်ငံတကာ အသိုင်းအဝိုင်းမှာ သံတမန်ရေးနဲ့ စီးပွားရေးအရ ထောက်ခံအားပေးနိုင်တဲ့ တခုထည်းသော အင်အားကြီးနိုင်ငံ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ရွေးကောက်ပွဲကို ကျင်းပဖို့ မလုပ်မဖြစ် လုပ်ရတော့မယ့် အခြေအနေလို့ဆိုရမှာပါ။ ရုရှားဖက်ဒရေးရှင်းကို စစ်ကောင်စီက မျှော်လင့်အားကိုးပေမယ်လို့ ရုရှားအဖို့ ယူကရိန်းစစ်ပွဲနဲ့ နစ်နေချိန် ရုရှားဟာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံလည်း မဟုတ်သလို အရှေ့တောင်အာရှမှာလည်း အကျိုးစီးပွားနဲ့ ပါဝင်ပတ်သက်မှု ကြီးကြီးမားမား မရှိတဲ့ ရုရှားအဖို့ စစ်ကောင်စီကို အကာအကွယ် အကူအညီ ထူးထူးခြားခြား ပေးနိုင်စွမ်းမရှိပါဘူး။ အနောက်အုပ်စုနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ နိုင်ငံတနိုင်ငံကို စိတ်ဓာတ်ရေးအရ ထောက်ခံရပ်တည်တာ အုပ်စုဖွဲ့တာ၊ လက်နက်ခဲယမ်း ရောင်းချပေးတာ၊ စစ်ရေးဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ပေးတာ ထက်ပိုပြီး ပါဝင်ပတ်သက်ဖွယ် အလားအလာမမြင်တွေ့ရပါဘူး။ 

အထက်က ဆိုခဲ့သလို တရုတ်နိုင်ငံက စစ်ကောင်စီ အနေနဲ့ ဆက်လက်အာဏာကို ထိန်းချုပ်ထားနိုင်ဖို့ နိုင်ငံရေးနည်းအရ ထွက်ပေါက် တခုအဖြစ် ရွေးကောက်ပွဲကို ကျင်းပဖို့ တိတိလင်းလင်း ဖိအားပေး တိုက်တွန်းမှုကြောင့် လုပ်ရမယ့် ရွေးကောက်ပွဲက ဘယ်လောက်ထိ တရားဝင်မှု ရှိနိုင်မလဲ။ 

နိုင်ငံရဲ့ နယ်မြေ ထက်ဝက်လောက်သာ ကျင်းပနိုင်တဲ့ ရွေးကောက်ပွဲက တရားဝင်မှု မရှိနိုင်တဲ့ သဘောမျိုး သက်ရောက်နေတာလည်း အသေအချာဖြစ်သလို ရခိုင်၊ ကရင်နီဒေသ၊ ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ ချင်းပြည်နယ်တို့လိုမျိုးတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အနေအထား မရှိတာကြောင့် ဒီ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲက နိုင်ငံရဲ့ တစိတ်တပိုင်းမှာသာ ကျင်းပတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါလိမ့်မယ်။ ၁၉၄၉ မှာ စတင်ဖြစ်ပွားပြီး ၃ နှစ်ဝန်းကျင် ကြာမြင့်တဲ့ ဖဆပလ အစိုးရလက်ထက်ပြည်တွင်းစစ်ကာလ တုန်းကလည်း ရွေးကောက်ပွဲကို ၁၁ လကြာကာလအတွင်း ကျင်းပခဲ့ရတဲ့ အတိတ်က နှိုင်းယှဥ်စရာသာဓက ရှိသော်လည်း ၁၉၅၁ ခုနှစ် နှစ်လယ်ပိုင်း ရွေးကောက်ပွဲ စတင်ကျင်းပချိန်မှာ ဖဆပလ အနေနဲ့ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကိုပြန်လည် သိမ်းယူနိုင်နေတဲ့ အခြေအနေမျိုးဖြစ်ပြီး လက်ရှိစစ်ကောင်စီ အနေနဲ့တော့ အဲဒီကာလ အခြေအနေမျိုး စစ်ရေးအင်အားမျိုး မရှိဘူးလို့ဆိုရမှာပါ။ 

မှန်းဆချက်အားဖြင့် ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ်လို့ ဆိုတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ ပြည်တွင်းက နိုင်ငံရေး အင်အာစုတွေ လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ ဘယ်လို သဘောထားကြသလဲ။ ဘယ်လို တုံ့ပြန်ကြမလဲ။ နိုင်ငံတကာက ဘယ်လို သဘောထားသလဲ၊ နိုင်ငံတကာအနေနဲ့ ရပ်တည်ချက် တခုတည်း ရှိကြသလား သို့မဟုတ် ရပ်တည်ချက်တွေ ကွဲပြားနေကြသလား။  

လက်နက်ကိုင် အင်အားစုတွေ ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ NUG လက်အောက်က PDF အဖွဲ့တွေနဲ့ NUG အစိုးရတို့ကတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့ သဘောထား၊ ဆန့်ကျင်ရမယ်၊ တားဆီးရမယ် ဆိုတဲ့ ယေဘုယျ ရပ်တည်ချက် ရှိကြတာတွေ့ရမှာပါ။ စစ်ကောင်စီ၏ ရွေးကောက်ပွဲပြင်ဆင်လာမှုအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ PDF တပ်ဖွဲ့တွေ အားလုံးအပေါ် အသေးစိတ် တသမတ်တည်း ဖြစ်တဲ့ ညွှန်ကြားချက် မူဝါဒတော့ ရှိမနေတဲ့ သဘောလည်း တွေ့ရပါတယ်။ အချို့သော လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဥ်မှာ ပါတဲ့ အရပ်ဘက် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ပင်လျင်စစ်ကောင်စီ ထောက်တိုင်အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးတာ၊ အသက်အန္တရာယ်ပြုတာတွေ ဖြစ်ပွားနေတာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်တာ သေချာပါတယ်။ ဒီထက်ပိုပြီး ရွေးကောက်ပွဲမှာ ပါဝင်လုပ်ဆောင်ပေးရတဲ့ အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဖြစ်တဲ့ ပညာရေးဝန်ထမ်းတို့လိုကိုလည်း ရွေးကောက်ပွဲ အောင်မြင်အောင် ကူညီမှုနဲ့ တိုက်ခိုက်တာ၊ ဖမ်းဆီးတာ၊ အန္တရာယ်ပေးတာတွေ ဖြစ်ပွားကောင်း ဖြစ်ပွားနိုင်ပါတယ်။ 

ဒါ့အပြင် ရွေးကောက်ပွဲမှာ ပါဝင် ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေလည်း လက်နက်ကိုင် အဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။  တရားဝင်မှု မရှိတဲ့ ရွေးကောက်ပွဲက နိုင်ငံတွင်းမှာ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုတွေ ပိုမိုမြင့်တက်လာစေမယ့် အလားအလာလည်း ရှိနေတာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *