ylliX - Online Advertising Network

စစ်ကောင်စီတပ် ကိုယ်စားလှယ် အပစ်ရပ်ဆွေးနွေးဖို့ တရုတ်နိုင်ငံ ကူမင်းမြို့ရောက်


မိုးမခ၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၄

စစ်ကောင်စီတပ် ကိုယ်စားလှယ် အပစ်ရပ်ဆွေးနွေးဖို့ တရုတ်နိုင်ငံ ကူမင်းမြို့ရောက် 

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ အရှိန်မြင့်တက်လာနေခြင်းကို လျော့ချနိုင်ဖို့ တရုတ်နိုင်ငံရဲ့ ကြိုးစားမှုတွေက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက စတင်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် လအနည်းငယ်အတွင်းမှာပဲ တရုတ်နိုင်ငံက ၄င်းနဲ့ နယ်နိမိတ်ထိစပ်တဲ့ မြန်မာနိုင်ငံ ရှမ်းမြောက်၊ ကချင်ပြည်နယ်တို့က လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ဆွေးနွေးမှုတွေပေါ်ထွက်လာဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ် ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာ စစ်ကောင်စီဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ဖေါ်ဆောင်ရေးကော်မတီ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ခေါင်းဆောင်တချို့တို့ တက်ရောက်ကြတဲ့ ယူနန်ပြည်နယ်ထဲက အပစ်ရပ်ဆွေးနွေးညှိနှိုင်းမှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 

၂၀၂၃ ခု ဒီဇင်ဘာလထဲမှာ ကျင်းပတဲ့ ဆွေးနွေးမှုမှာ အပစ်အခတ်ရပ်ဖို့ ရလဒ်ထွက်ပေါ်ခြင်း မရှိခဲ့ပေမယ့် ၂၀၂၄ ခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ ၁၀၊ ၁၁ ရက်တွေမှာ ကျင်းပတဲ့ဆွေးနွေးမှုတွေမှာတော့ အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ဒီသဘောတူညီမှုကို ဟိုင်ဂင်သဘောတူညီမှုလို့ ရည်ညွှန်းခေါ်ဆိုကြပါတယ်။ အဲဒီသဘောတူညီမှု ထွက်ပေါ်ပြီးနောက် လအတန်ကြာ ပစ်ခတ်တိုက်ခိုက်မှု ကြီးကြီးမားမား မရှိခဲ့ပဲ ဇွန်လနှောင်းပိုင်းကျမှ တိုက်ခိုက်မှုတွေ တကျော့ပြန်ဖြစ်ပွားခဲ့တာပါ။ 

၁၀၂၇ စစ်ဆင်ရေး ပထမအကျော့ ဖြစ်တဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတုန်းက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ရှမ်းမြောက်က နယ်မြေတွေ၊ မြို့တွေကို စစ်ကောင်စီအနေနဲ့ ပြန်သိမ်းယူဖို့ ကြိုးပမ်းရင်းနဲ့ နောက်ထပ်မြို့တွေနဲ့ စစ်စခန်း၊ တိုင်းစစ်ဌာနချုပ်တွေပါ ယခုနှစ် ဇူလိုင်၊ သြဂုတ်လတွေမှာ ထပ်မံဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ 

နယ်မြေသိမ်းယူမှုတွေ၊ မြို့နဲ့ တိုင်းစစ်ဌာနချုပ်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက သိမ်းယူနိုင်တဲ့ အနေအထားအရောက်မှာ သြဂုတ်လထဲမှာတော့ တရုတ်နိုင်ငံရဲ့ မူဝါဒ သိသာထင်ရှားစွာ ပေါ်ထွက်လာပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းရေး၊ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာရေး၊ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေ အကာအကွယ်ပေးရေး၊ မြန်မာ့ပဋိပက္ခ အပေါ် တခြားပြည်ပနိုင်ငံတွေ ပါဝင်စွက်ဖက်ခြင်း မပြုရေးတို့ကို လူသိရှင်ကြား ကြေညာပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားတွေ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သြဂုတ်လလယ်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ မဲခေါင်-လန်ချန်းအစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ 

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ အစိုးရ တရပ်ရှိနေဖို့ လိုလားတာ ဖြစ်ပြီး အဲဒီအစိုးရဟာ ဒီမိုကရက်တစ် အစိုးရ ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ ဖက်ဒရယ် စနစ်ကျင့်သုံးခြင်း မကျင့်သုံးခြင်းတို့က တရုတ်နိုင်ငံအနေနဲ့ အရေးမထားဘဲ မြန်မာနိုင်ငံရဲ့  ဗဟိုအစိုးရ တနည်းအားဖြင့် အနောက်အုပ်စု အထူးသဖြင့် အမေရိကန်ပြည်ထောင်စုလို နိုင်ငံတွေနဲ့ ရင်းနှီးခြင်း မရှိတဲ့ အစိုးရဖြစ်ဖို့သာ လိုလားတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ရေနံ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နောက်ထပ် ဖောက်လုပ်ဖို့ ရည်ရွယ်တဲ့ ရခိုင်ကမ်းရိုးတန်းကို ပေါက်မယ့် ကုန်စည်သယ်ဆောင်မယ့် ရထားလမ်း စတာတွေကို ထိခိုက်ဟန့်တားမှု မရှိမယ့်၊ ဗဟိုချုပ်ကိုင်မှုရှိတဲ့ အစိုးရမျိုးကို လိုလားခြင်း စတာတွေက တရုတ်နိုင်ငံရဲ့ မြန်မာနဲ့ပတ်သက်တဲ့ မူဝါဒ အခြေခံအချက်၊ တနည်းအားဖြင့် အကျိုးစီးပွားတွေ လို့ဆိုရမှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ အနောက်ဘက်မှာ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင် နဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့လို အရှေ့အာရှက နိုင်ငံတွေ အနေနဲ့ တောင်အာရှ နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့ ဥရောပတို့ကို ရေလမ်းက ဆက်သွယ်သွားလာတဲ့ ကုန်သွယ်ရေး၊ ရေလမ်းကြောင်း ဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းပေါ်မှာ ရှိနေပြီး တရုတ်နိုင်ငံ အဖို့တော့ အဲဒီရေလမ်းကြောင်းကို အတိုဆုံး ဖြတ်နိုင်တဲ့ ကုန်းလမ်းအနေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မြန်မာနိုင်ငံဘက် ခြမ်းက ရှမ်းမြောက်၊ မန္တလေးတိုင်း၊ မကွေးတိုင်း ၊ ရခိုင်ပြည်နယ်တွေကို ဖြတ်သန်းတဲ့ ပထဝီမြေမျက်နှာပြင်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ 

ဒီအနေအထားတွေက မြန်မာနိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ ပထဝီနိုင်ငံရေး အနေအထားဖြစ်ပြီး တရုတ်နိုင်ငံက မြန်မာ့နိုင်ငံရေး ပြဿနာကို အိမ်နီးချင်း နိုင်ငံတနိုင်ငံထက် ပိုတဲ့အချက်၊ အလေးထားရမယ့် အချက်လည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံက ထည့်သွင်းတွက်ချက်ရာမှာ ကုန်သွယ်ရေး အချက် တခုတည်းမဟုတ်ဘဲ ကမ္ဘာမှာ စီးပွားရေး စစ်ရေး အရ ဒုတိယ အင်အားအကြီးဆုံး နိုင်ငံဖြစ်လာတဲ့နောက် ၄င်းနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု သြဇာခံတဲ့ အစိုးရလို၊ လက်နက်ကိုင် အဖွဲ့အစည်းတွေလိုမျိုး မကြီးထွားလာဖို့ အရေးကလည်း တရုတ်နိုင်ငံရဲ့ တာဝန်တခုလို ဖြစ်လာနေတဲ့ သဘောပါ။ 

ဒီအခြေအနေကို သဘောပေါက် နားလည်တယ်ဆိုရင် တရုတ်နိုင်ငံအပေါ် ဘယ်လို သဘောထားမလဲ ဆိုတဲ့ အခြေခံမူဝါဒကို ချမှတ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ လက်ရှိ အနေအထားမှာ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကို ဖိအားပေးမှုတွေရော ကူညီမှုတွေပါ၊ အပေးအယူ ကတိကဝတ် သဘောတူညီမှု ရှိထားလိမ့်မယ်လို့ ယူဆကြည့်ရင် မမှားနိုင်ပါဘူး။ 

တဖက်မှာလည်း တရုတ်နိုင်ငံ အနေနဲ့ မင်းအောင်လှိုင် ဖြစ်လို့၊ စစ်တပ် ဖြစ်လို့ ဆိုတာထက် ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ သွားတဲ့ အဖွဲ့အစည်းတခု ရှိနှင့်ပြီးသား အဖွဲ့အစည်းတခု ဖြစ်တာကြောင့် မဟာမိတ် အနေအထားကို ရွေးချယ်ဆက်ဆံတာလို့ ယူဆရပါတယ်။ လောင်းကစားဝိုင်းမှာ ဒီအကွက်ကို ထိုးရတဲ့ အကြောင်းက ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းထက် လက်ရှိအချိန်မှာ ရွေးခြယ်စရာ နည်းလမ်းတွေ အနက်က အဲဒီနည်းလမ်းက အလုပ်ဖြစ်မယ်လို့ ယူဆချက်ကြောင့် ရွေးချယ်လိုက်တာလို့ ကောက်ချက်ချနိုင်ပါလိမ့်မယ်။ အခြားသော အလားအလာကောင်းရှိတဲ့ ရွေးချယ်စရာ မိတ်ဖက်အဖွဲ့အစည်း ပေါ်ထွက်လာခဲ့ရင် တရုတ်က ပြောင်းလဲရွေးချယ်ဖို့ ဝန်လေးလိမ့်မယ်လို့ မယူဆပါဘူး။ 

ဒီလို သဘောထား၊ မူဝါဒ၊ အကျိုးစီးပွား ဆိုတဲ့ အခြေခံတွေအပေါ် တည်ထားတဲ့ မြန်မာနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒ၊ လတ်တလော တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပတော့မယ့် ရှမ်းမြောက်က လက်နက်ကိုင် အဖွဲ့တချို့နဲ့ စစ်ကောင်စီတို့ရဲ့ ဆွေးနွေးပွဲ ရလဒ်က ဘာဖြစ်နိုင်မလဲ ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ 

NUG အနေနဲ့  တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို အသိပေးထုတ်ပြန်တဲ့အခါ ထုတ်ပြန်ချက်ထဲက ပြောဆိုချက်ထက် မြေပြင်က လက်တွေ့အခြေအနေတွေကို တရုတ်နိုင်ငံက ပိုအလေးထားစဥ်းစား ဆုံးဖြတ်မယ့် သဘောလည်း ဖြစ်နိုင်ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ NUG ဟာ ဗဟိုချုပ်ကိုင်မှု အားကောင်းတဲ့ စနစ်နဲ့ သွားနေတဲ့ အဖွဲ့အစည်းလား၊ မြေပြင်မှာ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် တိတိပပ ထိန်းချုပ် အမိန့်ပေးနိုင်တဲ့ အဖွဲ့အစည်း ဖြစ်သလား၊ အနောက်အုပ်စု အစိုးရတွေ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်များ ဖြစ်နေမလားဆိုတဲ့ သံသယတွေလည်း ရှိနေလိမ့်မှာ ဖြစ်ပြီး အထက်က ၂ ချက်က တရုတ်နိုင်ငံရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒ အခြေခံအချက်ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *