တရုတ်နိုင်ငံကို ဆွေးနွေးပွဲ သွားရောက်ခဲ့တဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ အဖွဲ့ဟာ ဌာနချုပ်လိုင်ဇာကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး တရုတ်အစိုးရနဲ့ နယ်စပ်တည်ငြိမ်ရေး၊ တိုက်ပွဲတွေ ရပ်ဆိုင်းရေးနဲ့ နယ်စပ်ဂိတ်ကိစ္စရပ်တွေအပြင် မြေရှားသတ္တုနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ လောလောဆည်မှာတော့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲရှိသလို ခေါင်လန်ဖူးမြို့နယ်ဘက်မှာလည်း KIA က ပြည်သူ့စစ်စခန်းတခုကို သိမ်းယူခဲ့တာတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးရသတင်းတွေကို ရန်ကုန်က ပေးပို့ထားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဒီလဒီဇင်ဘာလ ၈ရက်နေ့က တရုတ်နိုင်ငံကို သွားရောက်ခဲ့တာပါ။ အခုအခါမှာတော့ KIO ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဌာနချုပ်လိုင်ဇာကို ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နဲ့ အဓိက ဆွေးနွေးတဲ့အချက်တွေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါ တယ်။
“ ဟုတ်ကဲ့။ ပြန်ရောက်ပြီ။ တရားဝင် ကျနော်တို့ကို ပြောတာကတော့ မရှိဘူး။ ဒါပေမဲ့ ကြားတာကတော့ ခါတိုင်းလိုပေါ့။ ခါတိုင်းလို နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအကြောင်းတွေ၊ ဟို တိုက်ပွဲတွေ ရပ်ဖို့ ကိစ္စတွေ ပြောတယ်လို့ ကြားတယ်။ နောက်နယ်စပ်ဂိတ်ကိစ္စတွေပေါ့လေ။ အဲဒါတွေ ဆွေးနွေးတယ်လို့ကြားတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက် တခုခု ချုပ်ထားတာကတော့ ကျနော်တို့ မကြားသိရဘူး။အဲဒါကတော့ မရှိလောက်ပါဘူး။ ”
KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ အဖွဲ့ဟာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ဗဟိုကော်မတီအဖွဲ့ဝင် Wu Ken နဲ့ တွေ့ဆုံခဲ့ကြောင်းလည်း ဗိုလ်မှုးကြီးနော်ဘူက အတည်ပြုပါတယ်။
ဒီလ ၁၂ရက်နေ့ ကူမင်းမှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ ကချင်ပြည်နယ်တလျောက်ရှိ နယ်စပ်ဂိတ်တွေကို ပြန်လည် ဖွင့်လှစ်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့အထိ နယ်စပ်ဂိတ်တွေမှာ လူနဲ့ ကုန်ပစ္စည်း အဝင်အထွက်တွေဟာ အရင်လို ပုံမှန် ပြန်လည် မဖြစ်သေးပါဘူး။
လောလောဆည်မှာတော့ ဗန်းမော်မြို့မှာ စစ်ကောင်စီနဲ့ KIA တပ်ပေါင်းစုတွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒီရက်ပိုင်းမှာတော့ ခေါင်လန်ဖူးဒေသက ပြည်သူ့စစ်စခန်းတခုကို သိမ်းယူတာရှိခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ ဗန်းမော်ဘက်မှာ တိုက်ပွဲတော့ ဆက်ဖြစ်ပါတယ်။ သိပ်ပြီးတော့ ထူးခြားတာ မရှိပါဘူး။ ၅ရက်နေ့၊ ၅ရက်နေ့ ညနေပိုင်းမှာ ခေါင်လန်ဖူးဘက်က ဌာနေ ပြည်သူ့စစ်၊ အင်အား ၇၀ ဝန်းကျင်လောက်ရှိတဲ့ ဌာနေ ပြည်သူ့စစ်စခန်းတခုကို သိမ်းတာ ရှိပါတယ်။ ဒေသအခေါ် လဟယ်စီးလို့ ခေါ်တယ်။”
ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ ဒီလ ၁၅ရက်နေ့က သိမ်းယူတာဖြစ်ကြောင်း ဖော်ပြတာတွေ ရှိပါတယ်။ ဒီလ ၁၂ရက်နေ့ကတော့ မိုးကောင်းမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရှမ်းနီပူးပေါင်းတပ်စစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဗိုလ်မှုးကြီးနော်ဘူကတော့ မကြားသိရကြောင်း ပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ မြေရှားသတ္တုထွက်ရှိရာ ပန်ဝါဒေသနဲ့ နယ်ခြားကုန်သွယ်ရေးစခန်းတည်ရှိရာ ကန်ပိုက်တီ အပါအဝင် ယခင် ကချင်အထူးဒေသ ၁ နယ်မြေအားလုံးကို သိမ်းယူခဲ့ပါတယ်။ ယခင် ကချင်အထူးဒေသ ၁က လျှပ်စစ်ကားတွေ၊ စမတ်ဖုန်းတွေ၊ လေစွမ်းအင်သုံး တာဘိုင်တွေမှာ အဓိကသုံးတဲ့ မြေရှားသတ္တုထွက်ရှိရာ ဒေသဖြစ်ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေရှားသတ္တု အများဆုံးထွက်တဲ့ နေရာလည်းဖြစ်နေတယ်လို့ Global Witness က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ ဒီလို ထွက်ရှိတဲ့ မြေရှားသတ္တုဟာ တရုတ်နိုင်ငံကို အဓိက တင်ပို့နေပြီး ယခင် ၃နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁ဒဿမ ၄ဘီလီယံရှိကြောင်းလည်း ဖော်ပြပါတယ်။
ပြီးဆုံးသွားတဲ့ KIO ဥက္ကဋ္ဌရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ မြေရှားသတ္တုထုတ်လုပ်တင်ပို့ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာ ရှိ၊ မရှိ မေးမြန်းရာမှာတော့ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဖြေကြားပါတယ်။
“ အဲဒါတွေလည်း ပါတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ဘယ်လို ဆွေးနွေးတယ်ဆိုတဲ့ အတွင်းရေးကတော့ ကျနော်တို့ မသိရသေးပါဘူး။ ”
လက်ရှိမှာတော့ ကချင်ပြည်နယ်အတွင်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသခံတွေကို ဆက်သွယ်မေးမြန်းနိုင်ဖို့ အခက်အခဲတွေလည်း ရှိနေသလို ကချင်ပြည်နယ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာလည်း မရှိပါဘူး။