ylliX - Online Advertising Network

စစ်ကောင်စီနှင့်အပစ်ရပ်ရန် KIO/KIA ကို တရုတ်ထပ်မံတိုက်တွန်း – Myanmar Now


စစ်ကောင်စီနှင့်ဖြစ်နေသည့် တိုက်ပွဲများအဆုံးသတ်ရန် ကချင်လွတ်လပ်ရေး (KIO/KIA) ထိပ်ပိုင်းခေါင်းဆောင်များကို တရုတ်အစိုးရကိုယ်စားလှယ်များက ထပ်မံတိုက်တွန်းလိုက်သည်ဟု KIO/KIA ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဗဟိုအဖွဲ့ဝင် ဝူကန် (Wu Ken) ဦးဆောင်သည့် တရုတ်အစိုးရ ကိုယ်စားလှယ်များသည် ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သည့် KIO/KIA ခေါင်းဆောင်များနှင့် ဒီဇင်ဘာ ဒုတိယသတင်းပတ်အတွင်းက  တရုတ်နိုင်ငံ ကူမင်းမြို့တွင်ပြုလုပ်ခဲ့သည့် သီးသန့်ဆွေးနွေးပွဲအတွင်း ယင်းကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“မင်းအောင်လှိုင်အဖွဲ့နဲ့ ပစ်ခတ်ရပ်စဲရေးလုပ်ပါဆိုပြီးမှ ပြောဆိုလာတဲ့ဟာတွေပါတယ်”ဟု KIO/KIA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက  ပြောသည်။ 

တရုတ်ဘက်ကတိုက်တွန်းမှုများရှိသော်လည်း  KIA တပ်များသည် တရုတ်နယ်စပ်မှ အချက်အချာကျသည့် ဗန်းမော်မြို့ကို ဆက်လက်ထိုးစစ်ဆင်နေသည်။ 

ဗန်းမော်မြို့ကိုသိမ်းပိုက်ရန် ရည်ရွယ်သည့် KIA ၏ထိုးစစ်သည် ဆက်လက်ပြင်းထန်နေပြီး မြို့ကိုသိမ်းပိုက်နိုင်ရန် ကြိုးစားနေသည်ဟုလည်း  KIO/KIAပြောရေးဆိုခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA ဂေါ်ရခါးတပ်ဖွဲ့ဝင်များကို သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းတစ်ခုရှေ့တွင် ယခုနှစ်လယ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Go Pal Rimal)

အာဏာသိမ်းစစ်ကောင်စီကို အပြင်းထန်ဆုံးဆန့်ကျင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များထဲမှ တစ်ခုဖြစ်သည့် KIO/KIA သည် နှစ်နိုင်ငံနယ်စပ်စီးပွားရေးအရ အရေးပါသည့် ကချင်အထူးဒေသ (၁) ကို စစ်ကောင်စီနှင့် ပြည်သူ့စစ် လက်ထဲမှ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက သိမ်းပိုက်ထားသည်။ 

ကချင်အထူးဒေသ (၁) တွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ် ကံပိုက်တီ၊ မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ ပန်ဝါဒေသများ ပါဝင်သည်။ 

ယင်းမတိုင်ခင်က ယခုနှစ်မတ်လဆန်းထိုးစစ်များအတွင်း ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဆော့လော်၊ ဖီမော်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်နှင့် နယ်စပ်ကုန်သွယ်ရေးမြို့လွယ်ဂျယ်တို့ကို KIO/KIA က သိမ်းပိုက်ထားသည်။

မြန်မာနယ်စပ်တွင်  KIO/KIA ၏ ထိန်းချုပ်ဧရိယာကျယ်ပြန့်လာပြီးနောက်  KIO/KIA ထိပ်ပိုင်းခေါင်းဆောင်များနှင့် သီးသန့်ဆွေးနွေးရန် တရုတ်အစိုးရက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ 

နှစ်ဖက်အကြား ယခင်အစည်းအဝေးများတွင် တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းကဦးဆောင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဗဟိုအဖွဲ့ဝင် ဂျာမနီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်း ဝူကန်ဦးဆောင်ခဲ့ရာ  ပိုမိုအဆင့်မြင့်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ကြခြင်း ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် လုံခြုံရေးဆိုင်ရာ သုတေသနပြုလုပ်နေသူ ဒေါ်ငြိမ်းငြိမ်းသန့်အောင်ကလည်း တရုတ်အစိုးရက ထိုတွေ့ဆုံမှုကို ယခင် တွေ့ဆုံမှုထက် အလေးထားဟန်ရှိသည်ဟု သုံးသပ်သည်။ 

 “KIAအနေနဲ့ ပုံမှန်ဆွေးနွေးနေကျ ပြည်တွင်းစစ်ကိစ္စအပြင် နိုင်ငံရေး၊ နယ်စပ်ကုန်သွယ်ရေး၊ တိုင်ရင်းသားရေးကိစ္စတွေကို တရုတ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးနိုင်တဲ့အနေအထားဖြစ်သွားတာ။ အရင်က အထူးကိုယ်ကိုယ်စားလှယ်တွေနဲ့ တွေ့တယ်ဆိုရင် တရုတ်အစိုးရရဲ့ Message(သတင်းစကား) ကိုပဲ သယ်လာတာ။ CPPCCနဲ့တွေ့တာက တရုတ်အစိုးရအနေနဲ့ KIAကို နိုင်ငံရေးအရ ပြောဆိုဆက်ဆံဖို့ တရားဝင်အသိအမှတ်ပြုလိုက်တဲ့ အနေထားလို့ နားလည်ရပါတယ်”ဟု ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် လုံခြုံရေးဆိုင်ရာ သုတေသနပြုလုပ်နေသူ ဒေါ်ငြိမ်းငြိမ်းသန့်အောင်က ပြောသည်



ဆွေးနွေးပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့များ အပြန်အလှန်ပိတ်ထားကြသည့် KIO/KIA ကထိန်းချုပ်ထားသော တရုတ်-မြန်မာ နယ်စပ်ဂိတ်များပြန်ဖွင့်ရေး၊ နယ်စပ်တစ်လျှောက်တည်ငြိမ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု  ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တရုတ်အစိုးရသည် ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ပန်ဝါမြို့ကို KIA ကထိုးစစ်ဆင်သည့် 

အောက်တိုဘာ ၁၈ မှစပြီးနယ်စပ်ဂိတ်များကို ပိတ်ထားခဲ့သည်။ နောက်ပိုင်းတွင် KIO/KIA ဘက်ကလည်း နယ်စပ်ဂိတ်များကို တန်ပြန်ပိတ်ဆို့ခဲ့သည်။

နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံနေစဉ် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များကို တရုတ်အစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ 

“ပြည်သူလူထုအတွက် လိုအပ်တဲ့ပစ္စည်းတွေ အဝင်အထွက်လုပ်နိုင်ဖို့အတွက် ဖွင့်ရအောင်ဆိုတဲ့ ပုံစံမျိုးပါပဲ။ ဒါပေမယ့် တံခါးကတော့ အခုထက်ထိကတော့ တံခါးဖွင့်ထားပြီးမှ လူဝင်လူထွက်လည်းမ ရှိဘူး။ ပစ္စည်းအဝင်၊ အထွက်လည်းမရှိပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြေရှားသတ္တု တူးဖော်သန့်စင်ရာတွင် အသုံးပြုသည့် တွင်းဟောင်းကြီးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ကချင်ပြည်နယ်တစ်နေရာ၌ တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

၁၉၆၀ က စတင်ဖွဲ့စည်းခဲ့သည့် မြန်မာ-တရုတ်နယ်စပ် လိုင်ဇာမြို့အခြေစိုက် သက်တမ်းရင့် ကချင်တော်လှန်ရေးတပ် KIA သည်တပ်ဖွဲ့ဝင်အင်အား ၁၂၀၀၀ မှ ၁၅၀၀၀ အကြားရှိနိုင်သည်ဟု သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ခန့်မှန်းထားသည်။

ထိုတပ်ဖွဲ့သည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကိုလက်နက်ကိုင်ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့ကြသည့် တပ်သားသစ်များ၊ မဟာမိတ်တပ်ဖွဲ့အသစ်များနှင့်ပူးပေါင်းခဲ့ပြီးနောက် ယခင်ထက်အင်အားပိုမို တောင့်တင်းလာသည်။

KIO/KIA နှင့် စစ်တပ်တို့အကြား ၁၉၉၄ တွင်အပစ်ရပ်ရန် သဘောတူခဲ့ကြသော်လည်း ၂၀၁၁ တွင်ပြင်းထန်သည့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ 

ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရကာလများတွင် ဆွေးနွေးခဲ့ကြသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) တွင်လည်း KIO/KIA ပါဝင်ဆွေးနွေးမှုများ ရှိခဲ့သော်လည်း အပြီးသတ်လက်မှတ်ရေးထိုးထားခြင်းမရှိသေးပါ။





Source link

Leave a Reply

Your email address will not be published. Required fields are marked *