မော်လမြိုင်, ဒီဇင်ဘာ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိကစက်မှုကုန်ကြမ်းထွက်ကုန်တစ်ခုဖြစ်သည့် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်စေရန်ရည်ရွယ်၍ “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မွန်ပြည်နယ် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၏ ရော်ဘာစိုက်ပျိုးဧက (၅) သိန်းကျော်တွင် အစေးခြစ် ဧကမှာ (၃)သိန်းကျော်ရှိပြီး ရော်ဘာစိုက်ဧရိယာ၏ (၉၀)ရာခိုင်နှုန်းမှာ လုပ်ကွက်ငယ် ခြံငယ်ရှင်များဖြစ်ပြီး ခြံလတ်၊ ခြံကြီး နှင့် ကုမ္ပဏီစိုက်ခင်းများအနေဖြင့် (၁၀%)အောက် စိုက်ပျိုးထားကြောင်း၊ မွန်ပြည်နယ်တွင် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်လာစေရေးအတွက် အထွက်နှုန်းနှင့် အရည်အသွေးမြင့်မားရေး ဆောင်ရွက်ရန်အပြင် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products) တိုးမြှင့်ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရော်ဘာပင်အိုများအား ခုတ်လှဲပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ရော်ဘာသစ်၊ ပရိဘောဂ၊ သစ်ပါးလွှာ၊ အထပ်သားလုပ်ငန်းများလည်း ထုတ်လုပ်လျက်ရှိကြောင်းနှင့် မွန်ပြည်နယ်အတွင်း ရော်ဘာသစ်ခွဲသား/ သစ်ပါးလွှာစက်ရုံ (၂၃)ရုံရှိပြီး ၂၀၂၃ – ၂၀၂၄ ခုနှစ်တွင် ရော်ဘာသစ်ခွဲသား/ သစ်ပါးလွှာ (၂၂၉၀၆၁) တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ငွေဖြင့် ရော်ဘာတောင်သူ(၇၁၇)ဦးအား တစ်ဧကလျှင် နှစ်သိန်းကျပ်နှုန်းဖြင့် (၄၃၆၄)ဧကကို ထုတ်ချေးနိုင်ခဲ့ကြောင်း၊ အရည်အသွေးကောင်းမွန်သော ရော်ဘာများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မှိုင်းရုံလုပ်ငန်းရှင်တစ်ဦးလျှင် ကျပ်သန်း (၁၀၀)နှုန်း ချေးငွေထုတ်ချေးပေးလျက်ရှိရာ မှိုင်းရုံလုပ်ငန်းရှင်(၁၁)ဦးအား ကျပ်သန်း(၁၀၃၅) ထုတ်ချေးနိုင်ခဲ့ကြောင်း၊ RSS-1 ကဲ့သို့ မှိုင်းခံရော်ဘာများကို Export တင်ပို့နိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်း ရော်ဘာများအား သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လွတ်လပ်စွာ သယ်ယူရောင်းချနိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများက လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ပြုပြင်ထုတ်လုပ်တင်ပို့သူများမှ ဆောင်ရွက်ရမည့်အချက်များကို ပြည်နယ်အကျိုးအတွက် ရှေ့ရှုပြီး အလေးထားလိုက်နာဆောင်ရွက်သွားဖို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က online မှတစ်ဆင့် ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြှင့်မားရေးအတွက် ဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌက ရောဂါပိုးမွှားများ ကျရောက်မှုအခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌက မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အခန်းကဏ္ဍများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာတမ်းရှင်များအား အမှတ်တရလက်ဆောင်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုတယ်ဝန်းအတွင်း ခင်းကျင်းပြသထားသည့် သဘာဝမြေသြဇာများ၊ ဓာတ်မြေသြဇာများ၊ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သည့် ရော်ဘာသစ်၊ ပရိဘောဂ၊ သစ်ပါးလွှာ၊ အထပ်သားများ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးမြှင့်မားသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် စာတမ်းရှင် ၈ ဦးက စာတမ်းများဖတ်ကြားခဲ့ကြပြီး အစုအဖွဲ့ ၅ ခုတို့မှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စည်သူ
https://t.me/MyanmarNationalPost