(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၄
ဒေါ်နယ်ထရန့် ဒုတိယအကြိမ် မင်းပြန်ဖြစ်ခွင့်ရတော့ အမေရိကန်ပြည်ကြီးဟာ ပယောဂမှန်ရင် တုန်ဆင်းလာစေရမယ် ဆိုသလို အားလုံး တုန်ဆင်းကုန်ုကြတာပဲ လို့ ပြောရမယ်။
ဘိုင်ဒင်က သူ့သားကို ကွန်ကရက်နဲ့ တရားရေးဌာနက ပြစ်ဒဏ် မဆုံးဖြတ်ခင်မှာ သမ္မတ အာဏာသုံးပြီး လွတ်ငြိမ်းချမ်းသာပေးလိုက်တယ်။ ထရန့် ကတောင် မှ သူသမ္မတဖြစ် ဖြစ်ချင်း ပထမနေ့မှာ ၂၀၂၁ ဇန်နဝါရီ ၆ သူ့အတွက် လွှတ်တော်ဝင်စီးပေးသူတွေကို အကုန် အပြစ်လွှတ်ပေးမယ် ပြောထားတာတောင် ဖြစ်မလာသေးဘူး၊ ဘိုင်ဒင်တို့ တုန်ဆင်းနေပြီလို့ သတင်းတွေက ဝေဖန်ကြပါတယ်။
ထရန့်ကိုယ်တိုင်က အာဏာရှင်လို သူ ထင်ရာစိုင်းမယ် ဘယ်လိုပြောပြော အမေရိကန် ဒီမိုကရေစီစနစ်ကို ယုံကြည်တယ်ဆိုရင် ဘိုင်ဒင်ကြီး တရားနည်းလမ်းကျ ရင်ဆိုင်ရမှာပေါ့။ စနစ်ကို ယုံပြီး ရပ်တည်ပြရမှာပေါ့။ အထက်တန်းလွှာတွေ အင်အားကြီးသူတွေက သည်လို ကြိုပြီး ကြောက်နေကြတယ် ဆိုရင် အားနည်းသူ ဆင်းရဲသားတွေ အသားရောင်ကွဲပြားသူတွအတွက် နေစရာ ရပ်တည်စရာတောင် ရှိပါတော့မလား။
မရှိတာတော့ သေချာတယ်။ ထရန့်ဒေးဝမ်းမှာ နယ်စပ်ဖြတ်ကျော်တွေ၊ အထောက်အထားမဲ့ နေထိုင်သူတွေ၊ ခိုလှုံခွင့် လျှောက်ထားသူတွေကို အမြန်ဆုံး အများဆုံး နှင်ထုတ်မယ်၊ ရှင်းလင်းမယ်လို့ ထရန့်က ကြိမ်းထားတာကြောင့် အဲသည်လူတန်းစားတွေမှာ စိုးရိမ်ပူပန်မှုတွေ တိုးမြင့်နေကြပြီ ဖြစ်ပါတယ်။ အားနည်းသူတွေကို ကာကွယ်စောင့်ရှောက်လေ့ရှိတဲ့ ဒီမိုကရက်တွေ ကြီးစိုးရာ ကယ်လီဖိုးနီးယား၊ နယူးယောက်ပြည်နယ်တွေကလည်း အကာအကွယ်ပေးဖို့ စိန်ခေါ်မှုတွေ ရင်ဆိုင်ဖို့ ပြင်ဆင်နေကြရပါတယ်။ ထရန့်မတက်ခင် ဘိုင်ဒင်အစိုးရခင်ဗျာ တက်သုတ်ရိုက်ပြီး ပြည်ဝင်ခွင့် ဗီဇာတွေ ထုတ်ပေး၊ စီးပွားရေးမြုပ်နှံမှုတွေ တိုးမြှင့်၊ မဟာမိတ်တွေကို အကူတွေ တိုးပေး စသည်ဖြင့် အလုပ်တွေ အတင်းပြီးအောင် ဇွတ်တွန်းနေကြရပါတယ်။ ထရန့်က ဘိုင်ဒင် လက်နဲ့ ရေးတာ ခြေနဲ့ ဖျက်လိုက်လို့ ရတယ် မဟုတ်လား။
ထရန့် ခန့်မယ့် ဝန်ကြီးတွေ အတွင်းဝန်တွေ ဒါရိုက်တာတွေက လူပြိန်းကြိုက် ဆူပါတွေချည်းပဲ ဆိုတော့ အစိုးရယန္တယားတွေ ငါးပါးမှောက်မှာကတော့ သေချာတယ် ဆိုကြတယ်။ အီလွန်မတ်စ်လို သူကြွယ်ကြီးတွေကလည်း အစိုးရကို အရေခွံနွှာပြီး ချွတ်ပစ်မယ် ဆိုတော့ အစိုးရ၏ ဥပဒေတွေ အကာအကွယ်တွေကိုယ်တိုင်တောင် မင်းမဲ့စရိုက်တွေ ဖြစ်ကုန်မယ့် သဘောပဲ။ အမေရိကန်က အမျိုးသားလုံခြုံရေးဌာန အက်ဖ်ဘီအိုင် ဒါရိုက်တာကြီးကတောင် ထရန့်က မဖြုတ်ရသေးဘူး၊ အလိုက်တသိနဲ့ သူ့ဘာသာ ရာထူးကနေ နုတ်ထွက်လိုက်ပါသတဲ့။ မ စရာတော့ ဘောမရှိတဲ့ ဒါရိုက်တာကြီးလို့ လူတွေက ပြက်ရယ်ပြုကြပါတယ်။
ထရန့်၏ ဖလော်ရီဒါက မာလီရာဂိုနန်းတော်ကြီးကို ကြိုတင် အခစားဝင်ကြတဲ့ နိုင်ငံရေးသမားများ၊ ပြည်ပက အစိုးရခေါင်းဆောင်တွေ၊ စီးပွားရေးသမားကြီးတွေ၊ သတင်းမီဒီယာသမားတွေဆိုတာ ကြိတ်ကြိတ်တိုးနေတယ် ပြောတယ်။ ထရန့်က မြိန့်မြိန့်ကြီး စင်ပေါ်ကနေ အဖူးမြော်ခံနေပါသတဲ့။ အမေဇုံကုမ္ပဏီကြီးက ဘေဇယ်၊ အက်ပဲက စီအီးအို တွန်ကွတ်၊ တစ်တော့က စီအီးအို စင်ကာပူသား၊ စုံလို့ စုံလို့။
မီဒီယာသမားတွေ သောက်ရှက်တော်ကွဲရတဲ့ အညံ့ခံဒူးထောက်မှုတခုကတော့ ABC သတင်းဌာနက သူတို့ အင်တာဗျူးတခုမှာ ထရန့်ကို သရော်စော်ကားပြောဆို မိုက်ရိုင်းလိုက်မိတာ လက်လွန်ကြက်သွန်ဖြစ်သွားလို့ တောင်းပန်တဲ့အနေနဲ့ ဒေါ်လာ ၁၅ သန်းကို ထရန့်ကြီး လိုရာသုံးဖို့ လှူဒါန်းပါသတဲ့။ ထရန့်က ပြုံးပြုံးကြီး လက်ခံပြီးတော့ အစိုးရမဖြစ်ခင် ခုလိုအချိန်မှာကတည်းက တရားစွဲပြီး အကြောင်းပြရမယ်လို့ မီဒီယာတွေကို ခြိမ်းခြောက်လိုက်ပါသတဲ့။ သူ တရားစွဲထားတဲ့ မီဒီယာကုမ္ပဏီကြီးတွေက အကုန်နီးပါးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာတုန်းက သူ့ကို ချေချေငံငံ မဆက်ဆံတဲ့ မီဒီယာမှန်သမျှ ဆန့်ကျင်ချေမှုန်းကြ ဆိုတဲ့ ပေါ်လစီမို့ သတင်းသမားတွေတောင် ပြည်ပကို ပြေးပြီး မြောက်ကိုရီးယားတို့ ရုရှားတို့မှာ ခိုလှုံခွင့်ပြန်လျှောက်ရမယ့် ဘ၀လို့ ဆိုရမလိုပဲ။
ဒေါ်နယ်ထရန့်နဲ့ လက်ယာစွန်း ရှေးရိုးစွဲတွေ၏ အဓိက ပေါ်လစီကတော့ သူတို့ အင်အားကြီးသူတွေ၊ အာဏာလက်ကိုင်ထားသူတွေ၊ ဥစ္စာဓန ကြွယ်၀သူတွေက ကျန်သူတွေအားလုံးအပေါ် ဗိုလ်ကျ စိုးမိုး လက်ဝါးကြီးအုပ် အနိုင်ကျင့်ရေး အမြတ်ထုတ်ရေး လက်စားချေရေးပဲ ဖြစ်ပါတယ်။ လူဖြူကြီးစိုးတဲ့ ကျွန်ပိုင်ရှင် မြေပိုင်ရှင် ပဒေသရာဇ်ကြီးတွေ ဘုရင်ကြီးတွေ မူးမတ်ကြီးတွေလိုမျိုး လက်အောက်ခံ အခွန်ပေးနေရတဲ့ ပြည်သူတွေကို စိုးမိုးရေး ခြယ်လှယ်ရေးပါပဲ။ ဒါကြောင့် မြွေမြွေချင်း ခြေမြင်တဲ့ အထက်တန်းစားတွေ အချင်းချင်း ဒေါ်နယ်ထရန့်ဆီ အပြေးသွားပြီး သစ္စာခံကြ၊ ဝပ်တွား အညံ့ခံကြ လုပ်နေကြတာ ဖြစ်ပါတယ်။ ဒါတောင် သမ္မတတောင် မဖြစ်သေးဘူး။
ထရန့်က ပထမ သမ္မတသက်တမ်းမှာ သိပ်လူပါးမ၀လိုက်ရတော့ သူ့မှာ ဒီမိုကရက်တွေ ပြည်သူတွေ၏ ပညာပေးတာတွေ ခံထားရတာ မကျေမချမ်းဖြစ်ရရှာပါတယ်။ အခု ဒုတိယသက်တမ်းမှာ သူ အတွေ့အကြုံရသွားပြီဆိုတော့ သူ့ဖက်ကတော့ အစွမ်းကုန် လူပါး၀ပြီး ပညာပြမယ်ဆိုတာ သေချာသလောက်ပါပဲ။ မြန်မာတွေထဲက အချို့ကတော့ လူဖြူကြီး၊ သူဌေးကြီး၊ အာဏာရှင်ကြီး ထရန့်ကို ကြိုက်ကြ၊ ကြိုဆိုကြ၊ ခေါင်းရင်းခန်းမှာ ဓာတ်ပုံချိတ်ပြီး ပူဇော်ပသကြနဲ့ အတော် သဲသဲလှုပ်ကြတယ် ကြားပါတယ်။ လူဖြူအစွန်းရောက်တွေကို သူတော်ကောင်းတွေ ဆိုပြီး ဘယ်လိုပဲ အထင်တွေ ကြီးနေကြပါစေ၊ နောက်ဆုံးတနေ့ – အမေရိကန်ပြည်ဆိုတာ အားနည်းသူတွေ၊ မတူကွဲပြားသူတွေ၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မှီခို အားကိုးရာ၊ စိတ်ကူးယဉ်ခွင့် ကိုယ်သန်ရာ သန်ရာ ရှင်သန်ကြီးထွာခွင့် ရှိရာ အကာအကွယ်ပေးရာ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုဆိုတာကို မစတေးပစ်လိုက်ကြဖို့သာ လိုပါတယ်။
ဘိုင်ဒင် တို့၊ ဟဲရစ် တို့၊ အိုဘားမား တို့ ဒီမိုကရက်တွေလည်း နှစ်သစ်မှာ တုံးကျော်နိုင်ကြလိမ့်မယ်လို့ မျှောလင့် ဆုတောင်းပေးလိုက်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar