မိုးမခ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၄
စစ်ကောင်စီ တပ်ထိပ်ပိုင်း ရာထူးအပြောင်းအလဲလုပ်ခြင်းရဲ့ အကြောင်းခံ၊ ထိုင်းနိုင်ငံက မြန်မာ့အရေး ဆွေးနွေးပွဲ
ခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ စစ်တပ်အတွင်း တာဝန်ယူထားတဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်တွေထဲက ကာကွယ်ရေးဝန်ကြီးရာထူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နဲ့ အချို့စစ်အရာရှိချုပ် အစရှိတဲ့ ရာထူးတာဝန်တွေကို အပြောင်းအလဲ လုပ်ဆောင်တာကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရေတပ်က လာတဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီးရာထူးကနေ ဝန်ကြီးချုပ်ရုံးဝန်ကြီး နဲ့ ဒုဝန်ကြီးချုပ် ရာထူးသို့ပြောင်းလဲလိုက်ပြီး ၄င်းရာထူးကို ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ခန့်အပ်ကာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မျက်စေ့ကျခြင်း ခံရတဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့ ရာထူးဖြစ်တဲ့ စစ်ဦးစီး အရာရှိချုပ်ရာထူးကိုတော့ မုံရွာအခြေစိုက် နမခ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကို ခန့်အပ်လိုက်ပါတယ်။
အခုရာထူးအပြောင်းအလဲရဲ့ အဓိက အချက်က ကာကွယ်ရေး ဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို အားမရတဲ့ သဘောကြောင့် အရေးမကြီးတဲ့ရာထူး နာမည်ခံသဘော သက်ရောက်တဲ့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ရာထူးကို ရွှေ့ပြောင်းလိုက်တဲ့ သဘောဖြစ်ပြီး ၄င်းနေရာမှာ ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို တာဝန်ပေးကာ လစ်လပ်သွားတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးကို မင်းအောင်လှိုင် သဘောကျတဲ့ စစ်ရေးအတွေ့အကြုံ ကြီးကြီးမားမား မရှိသူ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ခန့်အပ်လိုက်တာလို့ ဆိုနိုင်ပါတယ်။
အခုလို စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ တပ်ထဲက ထိပ်ပိုင်းရာထူးတွေ မကြာခဏ အပြောင်းအလဲ လုပ်နေရတာ ဘာသဘောဆောင်သလဲလို့ သုံးသပ်ကြည့်ရင် အာဏာသိမ်း စစ်ကောင်စီတပ် ရင်ဆိုင်နေရတဲ့ စစ်ရေးရှုံးနိမ့်မှု၊ လက်နက်ချ၊ စခန်းကျ၊ မြို့ကျ တဲ့အဖြစ်အပျက်တွေအတွက် မင်းအောင်လှိုင်နဲ့ စိုးဝင်းက လွဲပြီး ကျန်အဆင့် စစ်ခေါင်းဆောင်တွေအပေါ် အပြစ်တင်လိုတဲ့ သဘော၊ ၄င်းတို့ရဲ့ အမိန့်ပေးကွပ်ကဲမှုကို အားမရတဲ့ သဘောလို့ ဆိုနိုင်သလို အရှုံးတွေကို စစ်တပ်ရဲ့ ထိပ်ပိုင်းအရာရှိကြီးအချို့ အပေါ် ပုံချကာ မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ရဲ့ ဂုဏ်သိက္ခာကို ဆယ်ဖို့ ကြိုးစားမှု တခုလည်း ဖြစ်နိုင်ပါတယ်။ လတ်တလော အဖြစ်အပျက်တွေကို ကြည့်ရင် စကခမှူး ဗိုလ်မှူးချုပ်အဆင့် ရှိသူ ရခိုင်ပြည်နယ် မောင်တော နယ်ခြားစောင့်စခန်း ကျဆုံးပြီးနောက် AA လက်ထဲ ဖမ်းဆီးခံရသလို အဆိုပါ စခန်းကျဆုံးပြီးနောက်မှာပဲ တပ်မမှူးတာဝန်ယူထားသူ ရာထူးအားဖြင့် ဗိုလ်မှူးကြီး အဆင့်ရှိသူတဦးလည်း AA လက် မကျရောက်အောင် တိမ်းရှောင်ဆုတ်ခွာရင်း မိုင်းနင်းမိကာ သေဆုံးခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားနေတာတွေ့ရမှာပါ။
အခုဖြစ်ရပ်တွေ မတိုင်မီပြီးခဲ့တဲ့ သြဂုတ်လတုန်းက ရှမ်းပြည်နယ်မြောက်ပိုင်း အဓိကအချက်အချာ အကျဆုံးမြို့ ဖြစ်တဲ့ လားရှိုးမြို့ ကျပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်ပါ လက်လွှတ်ဆုံးရှုံးခဲ့ရသလို စစ်ကောင်စီ တပ်ဖွဲ့ဝင် နဲ့ မိသားစု ထောင်နဲ့ချီ သုံ့ပန်းအဖြစ် အဖမ်းခံရတဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ပွားခဲ့တာပါ။ လတ်တလောမှာ အမ်းမြို့မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကျလုကျခင် အခြေအနေလည်း ဖြစ်တာကြောင့် ဒီလို စစ်တပ်ရဲ့ ဆုံးရှုံးမှုတွေအတွက် စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် အချို့ပေါ်မှာ ပုံချဖို့ လိုအပ်ကောင်း လိုအပ်မှာ ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက် မကြာခဏ တပ်တွင်းထိပ်ပိုင်းရာထူးတွေ အပြောင်းအလဲလုပ်တာ နေရာရွှေ့တာ၊ တာဝန်က အနားပေးတာ၊ ငွေကြေးကိစ္စတွေနဲ့ စွပ်စွဲပြီးဖမ်းဆီး ရုံးတင်ကာ ကြီးမားတဲ့ ပြစ်ဒဏ်ချမှတ်တာတွေ လုပ်ဆောင်နေရခြင်းဟာ စစ်ကောင်စီတပ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေ တည်တည်ငြိမ်ငြိမ် မရှိတဲ့သဘောကို တွေ့မြင်နိုင်ပါတယ်။ စစ်အရာရှိကြီးတွေကို မကြာခဏ ရာထူး တာဝန်တွေ အပြောင်းအလဲလုပ်ခြင်းက ရှုထောင့်တခုကကြည့်ရင် ကောင်းစွာ ထိန်းသိမ်းနိုင်တယ်၊ မင်းအောင်လှိုင် အနေနဲ့ ရာထူးတာဝန်အရွှေ့အပြောင်း ကိစ္စတွေမှာ ၄င်းဆန္ဒရှိသလို လုပ်ဆောင်နိုင်ပြီး ၄င်းရဲ့အာဏာ သြဇာကိုအာခံမယ့်သူ မရှိဘူးဆိုတဲ့ သဘောမျိုး ကောက်ချက်ချရင် ချနိုင်ပေမယ့် အခြားတဖက်မှာလည်း ပြီးခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်နီးပါးအတွင်း စစ်ရာထူးအပြောင်းအလဲ အကြိမ်များစွာ လုပ်ဆောင်နေရခြင်းက မတည်မငြိမ် ဖြစ်နေတဲ့ လက္ခဏာလို့ ဆိုရမှာ ဖြစ်ပါတယ်။ စိတ်တိုင်းမကျလို့ တယောက်ပြီးတယောက် လဲလှယ်ကာ စစ်ရေးအတွေ့အကြုံထက် ၄င်းနဲ့ နီးစပ်သူကိုသာ ဆီလျော်လိုက်ဖက်ခြင်းမရှိတဲ့ ရာထူး တာဝန်ခန့်အပ်ခြင်းက စစ်ကောင်စီတပ် အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့ အကြောင်းရင်းတွေထဲက တချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဒီနေ့ သတင်းအကြောင်းအရာတွေ အနက် ထိပ်ဆုံး သတင်းအကြောင်းအရာတခုက ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂ ရက်တာ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အဆောက်အဦမှာ ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ကျင်းပနေတဲ့ အကြောင်းဖြစ်ပါတယ်။
ဒီအစည်းအဝေး ဖြစ်ပေါ်လာဖို့ ပြီးခဲ့တဲ့ လတွေက အာဆီယံ ခေါင်းဆောင်အစည်းအဝေးတွေ ကျင်းပစဥ်မှာ ထိုင်းနိုင်ငံ အစိုးရဘက်က အဆိုပြုခဲ့တာဖြစ်ပြီး အခုအစည်းအဝေးက အာဆီယံနဲ့တိုက်ရိုက် မသက်ဆိုင်ဘဲ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဖြစ်တဲ့ နိုင်ငံ ၅ နိုင်ငံ အပေါင်း မြန်မာနိုင်ငံ စုစုပေါင်း ၆ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးနဲ့ အထက်တန်းအရာရှိ စတဲ့ကိုယ်စားလှယ်တွေ တက်ရောက်ကြတာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ဒီအစည်းအဝေးကို မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို နိုင်ငံတို့က တက်ရောက်လာကြတာပါ။
ဒီအစည်းအဝေးမှာ အာဆီယံ မူ ၅ ချက်လို ကိစ္စရပ်တွေကို ဆွေးနွေးတာထက် မြန်မာနဲ့ နိုင်ငံနယ်နိမိတ် ထိစပ်နေတဲ့ နိုင်ငံတွေ အနေနဲ့ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ အကျိုးသက်ရောက်မှုဖြစ်တဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့ ၄င်းနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်မှုခင်းတွေကို ဆွေးနွေးကြမယ်လို့ ယေဘုယျ နားလည်ကြပါတယ်။ သို့ပေမဲ့ စစ်ကောင်စီဘက်ကတော့ ၄င်းတို့ ပြင်ဆင်နေတဲ့ ၂၀၂၅ ခုနှစ် မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲ အကြောင်းကို ရှေ့တန်းတင် ပြောဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းမီဒီယာတွေကို ပြောဆိုချက်တွေအရ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့တော့ မြန်မာနိုင်ငံ နယ်နိမိတ်ကို ကျော်ပြီးရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည်တွေ၊ လက်နက်ခဲယမ်း မှောင်ခိုရောင်းဝယ်မှု၊ မတည်မငြိမ်ဖြစ်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ အပေါ် သက်ရောက်မှုနဲ့ စစ်ပွဲတွေက မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို ပိုမိုအရှိန်မြင့်စေမယ့် အရေးတွေကို စိုးရိမ်ကြလိမ့်မယ်လို့ ယူဆရပါတယ်။
ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံကိုယ်စား စစ်ကောင်စီ အစိုးရကိုသာ အသိအမှတ်ပြုဖိတ်ကြားပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ တို့လို အဖွဲ့တွေ ပါဝင်ခြင်းတော့မရှိတာ တွေ့ရမှာဖြစ်ပါတယ်။ အခုအစည်းအဝေးက မြန်မာ့အရေး ဖြေရှင်းဖို့ဆိုတာထက် မြန်မာနိုင်ငံထဲက မတည်ငြိမ်မှု လက်နက်ကိုင် တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် ပေါ်ထွက်လာတဲ့ ပြဿနာတွေကို စစ်ကောင်စီအစိုးရနဲ့ ဆွေးနွေးပြီး အဖြေရှာဖို့ ကြိုးပမ်းမှုတခုလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar