ထန်းလျက်ဆိုတာက တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်သလို အချို့ဆိုရင် ထန်းလျက်ကို ထမင်းစားပြီးချိန်မှာ အချိုတည်းတဲ့ အနေနဲ့ပါ စားကြတာမျိုးတွေ ရှိပါတယ်။
ထန်းလျက်က အပူငြိမ်းစေဖို့ အစာကြစေဖို့ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ စားကြပေမယ့် ကျန်းမာတဲ့ ပမာဏလောက်နဲ့ ထန်းလျက်လေးကို စားပေးမယ်ဆိုရင် အခုလို ကောင်းကျိုးလေးတွေ ရရှိစေမှာပါ။
ထန်းလျက်လေးကို အလွန်အကျွံ မစားဘဲ ထိုက်သင့်တဲ့ ပမာဏအနေနဲ့ စားပေးမယ်ဆိုရင်တော့ –
- အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်တယ်
ထန်းလျက်က အဆိပ်ပြေစေနိုင်တယ်လို့တော့ တော်တော်များများ သိထားပြီး ဖြစ်နိုင်ပေမယ့် ထန်းလျက်လေးကို စားပေးတာက အသည်းက အဆိပ်အတောက်တွေကိုရော ကိုယ်တွင်းရဲ့ စနစ်ထဲက အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အသည်းကျန်းမာစေဖို့နဲ့ ကိုယ်တွင်း အဆိပ်အတောက်ကင်းစေဖို့ စားပေးလို့ ရပါတယ်။
- အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်
ထန်းလျက်က သဘာဝအခြေခံ အစားအစာတစ်မျိုးဖြစ်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ လှုပ်ရှားမှု ကောင်းသလို အူလမ်းကြောင်းထဲက ဘက်တီးရီးယား ပမာဏကိုပါ ထိန်းညှိပေးပါတယ်။ ဝမ်းချုပ်တာကို သက်သာစေနိုင်သလို အစာမကြေတာမျိုးကိုလည်း သက်သာစေနိုင်ပါတယ်။
- ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေတယ်
ထန်းလျက်ကို စားပေးတာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်တတ်တယ်ဆိုရင် ပုံမှန် ထန်းလျက်လေး နည်းနည်းစီ စားပေးလို့ ရပါတယ်။
- ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်
ထန်းလျက်စားပေးတာက ရာသီလာချိန်မှာ ခံစားရတဲ့ စိတ်ခံစားမှု ပြောင်းလဲတာနဲ့ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တဲ့ endorphins ဟော်မုန်းကို ထွက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ ထန်းလျက်ကို စားပေးလို့ ရပါတယ်။
- ကိုယ်အလေးချိန် ထိန်းပေးနိုင်တယ်
ထန်းလျက်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ်တွေကို ထိန်းညှိပေးတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
- အသားအရေ ကျန်းမာစေတယ်
ထန်းလျက်မှာ မဂ္ဂနီဆီယမ်နဲ့ သံဓာတ်တွေ ပါဝင်နေတာကြောင့် အရေပြားက အရေးအကြောင်းတွေကို သက်သာစေပြီး အသားအရေကို ကျန်းမာစေဖို့ထောက်ကူပေးနိုင်ပါတယ်။
- သွေးအားနည်းတာကို သက်သာစေတယ်
ထန်းလျက်မှာ သံဓာတ် ပါဝင်နေတာကြောင့် သွေးအားကောင်းစေပြီး သံဓာတ်ချို့တဲ့တာကြောင့် သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
- အဆစ်နာတာကို သက်သာစေတယ်
ထန်းလျက်မှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးသိပ်သည်းဆ ကောင်းစေပြီး အရိုးတွေကို ကျန်းမာစေသလို အဆစ်တွေ နာကျင်တာမျိုးကိုလည်း သက်သာစေနိုင်ပါတယ်။
ချိုချိုမွှေးမွှေးလေးနဲ့ စားကောင်းတဲ့ ထန်းလျက်လေးက အခုလို ကျန်းမာရေး ကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။
လိုတိုရှင်းရဲ့ စကားလက်ဆောင်
ထန်းလျက်က မြန်မာ့ရိုးရာ အစားအစာ တစ်ခုဖြစ်သလို ဝယ်ယူရလည်း လွယ်ကူပြီး အိမ်တိုင်းလိုလိုမှာလည်း ဆောင်ထားတတ်ကြတဲ့ စားစရာတစ်မျိုးပါ။ ထန်းဦးရည်ကို ကျိုချက်ပြီး ထုတ်လုပ်တဲ့ ထန်းလျက်က အာဟာရတွေ သတ္တုဓာတ်တွေ ပါဝင်နေပြီး ခန္ဓာကိုယ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဒါကြောင့် ကိုယ်တိုင်က ဆီးချိုရောဂါလိုမျိုး ကျန်းမာရေး ပြဿနာ တစ်ခုခု မရှိဘူးဆိုရင်တော့ ထန်းလျက်ကို နေ့စဉ် စားသုံးမှုမှာ အတန်အသင့်ထည့်သွင်းစားသုံးပေးလို့ ရပါတယ်။
The post ကျန်းမာစေမယ့် ရိုးရာအစားအစာလေးတစ်ခု (သို့မဟုတ်) ထန်းလျက် appeared first on LOTOSHINN.