ylliX - Online Advertising Network

စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးရက်တွေ ရေတွက်နိုင်တော့မလား – MoeMaKa Media


မိုးမခ၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၄

စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးရက်တွေ ရေတွက်နိုင်တော့မလား 

ခုသီတင်းပတ်တွေမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အာဏာသိမ်းစစ်ကောင်စီ တပ်တွေရဲ့ အခြေအနေမလှ ဖြစ်နေတာ သတင်းတွေမှာ ကြားသိနေကြပြီး ဖြစ်ပါလိမ့်မယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့်စခန်းခွဲ အမှတ် (၅) ကျဆုံးပြီး ဗိုလ်မှူးချုပ် အဆင့်ရှိသူ စစ်အရာရှိကြီး တဦး AA ရဲ့ ဖမ်းဆီးတာ ခံရသလို၊ တပ်မမှူးတာဝန်ယူထားသူ ရာထူးအားဖြင့် ဗိုလ်မှူးကြီး အဆင့်ရှိပေမယ့် တပ်မမှူးတာဝန်ယူထားသူ တဦးကတိုက်ခိုက်မှုတွေအကြား မိုင်းနင်းမိပြီး သေဆုံးရတဲ့ ဖြစ်ရပ်၊ ရခိုင်ပြည်နယ်ရဲ့ စစ်ရေးကို စီမံအမိန့်ပေးတဲ့ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကျသွားပြီး ဒုစစ်တိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ၂ ဦးတို့ကို စစ်တိုင်း ဌာနချုပ်အတွင်းမှာ AA ကဖမ်းဆီးလိုက်တဲ့ ဖြစ်ရပ်၊ ရခိုင်ပြည်နယ် တောင်ပိုင်းအကျဆုံးမြို့နယ် ဂွမြို့နယ်ကို AA က အပြင်းအထန် တိုက်ခိုက်နေသလို ဂွနဲ့ ဧရာဝတီတိုင်းထဲက ငါးသိုင်းချောင်းမြို့ အကြား အနောက်ရိုးမပေါ်က ကားလမ်းကိုလည်း AA လက်နက်ကိုင် အဖွဲ့တွေက ပိတ်ဆို့ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ အနေအထားလည်း ခပ်လှုပ်လှုပ်ဖြစ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ၈၀/၉၀ ရာနှုန်းလောက် AA လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လက်ထဲရောက်ရှိနေပြီး စစ်ကောင်စီ အနေနဲ့ ရခိုင်ပြည်နယ်တခုလုံးကို မကြာခင်မှာ လက်လွှတ်လိုက်ရမယ့် အခြေအနေရောက်ရှိနေပြီး ဖြစ်ပါတယ်။ 

မောင်တော၊ အမ်းနဲ့ ဂွတို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ သီတင်းပတ်နဲ့ချီ ကြာမြင့်သလို အပြင်းအထန် ခုခံတိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်တဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုသိမ်းယူဖို့ကြိုးစားရာမှာရော နယ်ခြားစောင့် စခန်းခွဲ အမှတ် (၅) ကို ရဖို့တိုက်ခိုက်ရာမှာပါ သီတင်းပတ်နဲ့ချီ ကြာမြင့်တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ ရိက္ခာ၊ စစ်အင်အား အကူပို့ဖို့ ထောက်ပံ့ရေး လမ်းကြောင်းတွေ သီတင်းပတ် သို့မဟုတ် လနဲ့ချီဖြတ်တောက်ခံရတဲ့နောက်မှာ စိတ်ဓါတ်ရော ရုပ်ပိုင်းဆိုင်ရာအရပါ အင်အားချိနဲ့လာပြီး အရေအတွက်ရော အရည်အချင်းအရပါ ကျဆင်းလျော့နည်းလာတဲ့ စစ်ကောင်စီ တပ်တွေ နောက်ဆုံး စခန်းကို စွန့်ခွာတာ သို့မဟုတ် လက်နက်ချတာကလွဲပြီး အခြားနည်းလမ်းက တိုက်ပွဲမှာ သေဆုံးခြင်းသာ ရွေးချယ်စရာ ရှိတော့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်းနဲ့ တိုင်းစစ်ဌာနချုပ် ဝိုင်းပိတ်ဆို့ တိုက်ခိုက်ခံနေရချိန်မှာ စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က နေပြည်တော်မှာ အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ပြီး မိန့်ခွန်းပြောကာ ကြည့်ရှုအားပေးနေနိုင်တဲ့ အဖြစ်ကို စစ်ကောင်စီအတွက် ဝါဒဖြန့် စိတ်ဓါတ်စစ်ဆင်ရေး လုပ်ပေးနေကြတဲ့ တယ်လီဂရန်ချန်နယ်တွေကတောင် ဝေဖန် ကဲ့ရဲ့မှုတွေ ရှိနေတာပါ။ တိုင်းစစ်ဌာနချုပ် တခုလုံး ကျလုကျခင် အခြေအနေမှာ စစ်တပ်ခေါင်းဆောင် ဖြစ်သူက ဒီလို အရေးတကြီး တိုက်ပွဲတွေ ဖြစ်မနေတဲ့ သဘောမျိုး နဲ့ ပွဲလမ်း အခမ်းအနားတွေ ကျင်းပနေနိုင်တာကို မကျေမနပ်ဖြစ်ကြတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ တပ်တွေ အရှုံးနဲ့ ရင်ဆိုင်ကာ မြို့၊ စစ်စခန်းတွေ လက်လွှတ်ဆုံးရှုံးနေတဲ့ အချိန်မှာပဲ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်နဲ့ မတူပီတို့မှာလည်း ချင်းလက်နက်ကိုင် တပ်ဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင် မဟာမိတ်အဖွဲ့က မြို့၂ မြို့ကို ရက်ပိုင်းအတွင်း သိမ်းယူခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့တာပါ။ နွေဦးတော်လှန်ရေး အစမှာ စစ်ကောင်စီကို ပထမဆုံး လက်နက်ကိုင် ခုခံတိုက်ခိုက်မှု ဖြစ်ပွားတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ ကို ရက်အနည်းငယ်အတွင်း တိုက်ခိုက်သိမ်းယူခဲ့ပြီး နောက်ရက်မှာတော့ မတူပီမြို့ကို သိမ်းယူဖို့ ပြင်ဆင်တာနဲ့ တပြိုင်နက် စစ်ကောင်စီတပ်တွေ မြို့ကို စွန့်ခွာသွားခဲ့ကြပြီး ချင်းညီနောင် တပ်ဖွဲ့က ခုခံတိုက်ခိုက်မှုမရှိဘဲ မြို့ကိုသိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်က မြို့တွေကို တမြို့ချင်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့ပေမယ့် ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ မတူပီတို့ကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှုမရှိဘဲ သိမ်းယူနိုင်ခဲ့ခြင်းက ပထဝီမြေပြင် အနေအထားကြောင့် လည်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။  မြင့်မားတဲ့ တောင်တွေ၊ တခုထည်းသော ကားလမ်းကြောင်းတွေက ဆုတ်ခွာတဲ့အခါ ပိတ်ဆို့ခံရပြီး ချေမှုန်းခံရမယ့် အန္တရာယ်ကို တွက်ဆမိတာကြောင့် မြန်ဆန်စွာ စွန့်ခွာဖို့ဆုံးဖြတ်တဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ လက်ရှိ အခြေအနေမှာ ၄င်းတို့ ထိမ်းသိမ်းထားနိုင်တဲ့မြို့တွေ အများအပြားရှိသေးတာကို တွက်ချက်ပြီး ၄င်းတို့ရဲ့ အခြေအနေက အရေးပေါ် အနေအထားမဟုတ်သေးဘူးလို့ ယူဆကောင်း ယူဆပါလိမ့်မယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ ပြည် အစရှိတဲ့ မြို့ကြီးတွေ အများအပြား ၄င်းတို့ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတာကို တွက်ချက်ပြီး ၄င်းတို့အနေအထားက နေ့လားညလား အခြေအနေ မရောက်သေးဘူးလို့ ယူဆထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

သို့ပေမဲ့ ဒေသအချို့မှာ မြို့ကြီးတွေတခုနဲ့ တခုဆက်သွယ်ထားတဲ့ ကားလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီက လုံခြုံစွာ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့တဲ့ ဒေသတွေလည်း ရှိနေတာပါ။ ဥပမာအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ မန္တလေးမြို့အကြားက ကားလမ်း၊ ရေလမ်း တို့ကို စစ်ကောင်စီအနေနဲ့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်ခြင်း မရှိတဲ့ အခြေအနေဖြစ်ပါတယ်။

ချင်းပြည်နယ် တခုလုံး တိုင်းရင်းသား လက်နက်ကိုင်တွေက သိမ်းယူနိုင်ခြင်း မရှိပေမယ့် ချင်းပြည်နယ်ထဲက ကားလမ်းတွေကို စစ်ကောင်စီ အနေနဲ့ ပြည့်ဝစွာ အသုံးပြုနိုင်တဲ့ အနေအထားတော့မဟုတ်ပါဘူး။ အလားတူ ကရင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မြဝတီ-ကော့ကရိတ်ကားလမ်းလိုမျိုးကိုလည်း စစ်ကောင်စီ ထိန်းချုပ်ထားနိုင်ခြင်း မရှိပါဘူး။ ဒီလို တနယ်နဲ့တနယ် ဆက်သွယ်ထားတဲ့ ကားလမ်း ရေလမ်းတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ PDF နဲ့ LPDF (ဒေသန္တရ ကာကွယ်ရေးအဖွဲ့) တွေက စိုးမိုးထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ မြေပြင် ထောက်ပံ့ရေး လမ်းကြောင်းတွေကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာ စစ်ကောင်စီရဲ့ နယ်မြေတွေက တဖြည်းဖြည်း ကျုံ့လာနေတဲ့ သဘောလို့ ဆိုရမှာပါ။ 

စစ်ကောင်စီခေါင်းဆောင်ဟာ သူ့လက်ထဲမှာရှိတဲ့ မြို့တွေတမြို့ပြီး တမြို့ကျသွားသည့်တိုင် ငါ့မှာ အများကြီး ကျန်သေးတယ်လို့ အရေအတွက်အားဖြင့် ယူဆကောင်း ယူဆနေတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ တည်ဆောက်တဲ့အခါမှာသာ တဆင့်ချင်း တဆင့်တည်ဆောက်ရပေမယ့် ပြိုကျတဲ့အခါ ပြိုလဲတဲ့အခါ တကြိမ်တည်းနဲ့ အဆင့်များစွာ ပြိုကျနိုင်တဲ့ သဘာဝကို နားလည် သဘောမပေါက်တာလည်း ဖြစ်ပါလိမ့်မယ်။ စိတ်ဓာတ်အားဖြင့်၊ အချိတ်အဆက်၊ အပေးအယူအားဖြင့် ပျက်စီးလာတဲ့အခါ ပျက်စီးပြိုကျမှုဟာ လျင်မြန်တဲ့ သဘောသဘာဝရှိတာကို လျစ်လျူရှုထားပြီး လက်ဝယ်ကျန်နေသေးတဲ့ ခရက်ဒစ်တွေကို အကုန်ချသုံးမယ့် အနေအထားမျိုး မြင်တွေ့နေရတာ ဖြစ်ပါတယ်။ 

လတ်တလော အရှေ့အလယ်ပိုင်း ဆီးရီးယားက အာဏာရှင် အာဆတ် ကျဆုံးတဲ့ ဖြစ်ရပ်လို သီတင်း ၂ ပတ်အတွင်း မြို့တော်ထိ သိမ်းယူနိုင်တာမျိုး မြန်မာနိုင်ငံမှာ ဖြစ်ဖို့ အလားအလာတော့ သိပ်မမြင်ရပါဘူး။ ဆီးရီးယား ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ အင်အားကြီးနိုင်ငံတွေရဲ့ ထောက်ခံပံ့ပိုးမှုနဲ့ ဆီးရီးယား အာဏာရှင် အာဆတ်ကို လတ်တလော တိုက်ခိုက်တဲ့ HTS အဖွဲ့က တခုတည်းသော အမိန့်အောက်မှာ နာခံတိုက်ခိုက်တဲ့ တစုတည်းသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ခြင်းကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေ နဲ့ မတူညီတဲ့ အချက်ကို သတိပြုရမယ့်အချက်တွေ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ ရဲ့ နောက်ဆုံးရက်က ရေတွက်နိုင်တဲ့အဆင့် ရောက်ပြီလို့ မဆိုနိုင်သော်လည်း နယ်မြေဒေသအချို့မှာတော့ ရေတွက်လို့ရတဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *