ပဲခူး၊ ဒီဇင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ အမှတ်(၂၀)ရပ်ကွက်၌ ၁၉၆၉ ခုနှစ် ကတည်းက ဒေသကြက်သားပေါက်မွေးမြူရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် ဦးစောအယ်ဒို၏ ဧဒင်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသကြက်အား တစ်ပိုင်တစ်နိုင် မွေးမြူခြင်းစနစ်မှ စီးပွားဖြစ် ခြံလှောင်မွေးမြူရေးစနစ်သို့ ပြောင်းလဲဆောင်ရွက်နေသဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ဈေးနှုန်းချိုသာစွာ ဒေသကြက်စာထုတ်လုပ်နိုင်ရေး၊ လိုအပ်သောကုန်ကြမ်းပစ္စည်းများ လွယ်ကူစွာရရှိနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် မြို့နယ်အလိုက်ဆောင်ရွက်လျက်ရှိသည့် စံပြဒေသကြက်မွေးမြူရေးခြံများတွင် စီးပွားဖြစ်မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး ဒေသကြက်သားပေါက်စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)သို့ ရောက်ရှိ ခဲ့ပြီး အစည်းအဝေးခန်း၌ ကျောင်းအုပ်ဆရာမကြီးက အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၏ သမိုင်းကြောင်းနှင့် သင်ကြားရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား/သူများ၏ ဘာသာရပ်အလိုက် လက်တွေ့သင်ခန်းစာပြုလုပ်ထားသည့် သင်ကြားရေး အထောက် အကူပြုပစ္စည်းများအား လှည့်လည်ကြည်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား တောင်ငူမြို့နယ်၊ ဇီးပင်သာကျေးရွာအုပ်စုရှိ ပဲစိုက်ခင်းများ၌ အစိုးရ စက်မှုလက်မှုသိပ္ပံ(တောင်ငူ)၏ စက်မှုအင်ဂျင်နီယာကျောင်းသား/သူများမှ သင်ကြားခဲ့သည့် ဘာသာရပ်များအား ကိုးကား၍ Portable Agricultural Wheel Sprayer “ဘီးလည်အားအသုံးပြုပြီး လွယ်ကူရိုးရှင်းသော ပဲဆေးဖျန်းစက်” တီထွင်ထားရှိမှုနှင့် လက်တွေ့အသုံးချနေမှုတို့အား သွားရောက်ကြည့် ရှုအားပေးခဲ့သည်။
အဆိုပါ ဆေးဖျန်းစက်သည် စက်သုံးဆီမလိုအပ်ဘဲ ပုံမှန်ပုံးဖြင့်ဆေးဖျန်းခြင်းထက် (၆)ဆခန့် ပိုမို မြန်ဆန်လျက်ရှိရာ ဒေသခံတောင်သူများ အကြိုက်တွေ့လျက်ရှိပြီး ဘက်ပေါင်းစုံမှ ပြီးပြည့်ကောင်းမွန်စေရေး အတွက် နည်းပညာနှင့် ပံ့ပိုးရန်လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောက်တံခါး-ဖဒို-မြို့ချောင်းလမ်းဘေးဝဲယာတစ်လျှောက် ပဲတီစိမ်းစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ပြီး ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာ၌ သီးထပ်စွမ်းအင်းတိုးတက်စေရေးအတွက် အစိုးရအဖွဲ့အစီအစဉ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် တစ်ကွင်းတစ်ဆက်တည်း ဧက(၅၀၀) နွေစပါး(၂)သီး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး “မျိုး၊မြေ၊ရေ၊နည်း” လမ်း(၄)သွယ် ကောင်းမွန်ရမည်ကို လက်တွေ့သိမြင်ရခံစားရပြီးဖြစ်၍ မြေကြီးမှရွှေသီးနိုင်ရေး ကြိုးစားစိုက်ပျိုးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ်၊ လက်ခုပ်ကွင်းကျေးရွာ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသကြက်၊ ဥစားဘဲနှင့် ဒေသဆိတ်များ စီးပွားဖြစ်မွေးမြူနိုင်ရေး မွေးမြူရေးခြံများ တည်ဆောက်နေမှုနှင့် ကျိုက်စကောအရှေ့ကျေးရွာ၌ ဦးမောင်ကြည်၏ ဒေသကြက်ကောင်ရေ(၄၅၀၀) မွေးမြူ ထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီးလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
တင်စိုး(ပဲခူး)
Join – https://t.me/MyanmarNationalPost