မကွေး ဒီဇင်ဘာ ၂၅
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training of Trainer) (TOT) အမှတ်စဉ် (၅)နှင့် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချမည့် ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သော သင်တန်းသည် Grade-11 နှင့် Grade-12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို ဥပဒေပညာ သင်ကြားပေးမည့် ဆရာ၊ ဆရာမများအား ဆရာဖြစ်သင်တန်း သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းဆင်း ဆရာ၊ ဆရာမများအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမများကို ထပ်ဆင့်သင်တန်းပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို သင်ရိုးညွှန်းတမ်းဖြင့် ပြန်လည်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိကိုယ်တိုင် ဥပဒေပညာကို သိရှိနားလည်ပြီး ပြန်လည်သင်ကြားပို့ချပေးနိုင်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း၊ ယခုကဲ့သို့ ဥပဒေအသိပညာကို ကျောင်းသင်ခန်းစာတွင် သင်ရိုးညွှန်းတမ်းအဖြစ် ထည့်သွင်းသင်ကြားပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် ဥပဒေ၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ ဥပဒေပါ တားမြစ်ချက်ကို မလိုက်နာခြင်း၊ ဥပဒေအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စကို ပျက်ကွက်ခြင်းတို့အတွက် ပြစ်ဒဏ်သတ်မှတ်ထားကြောင်းနှင့် ပြစ်မှုကျူးလွန်ပါက အပြစ်ရှိကြောင်းကို သိရှိခြင်းဖြင့် ဥပဒေကို လေးစားလိုက်နာတတ်စေရန်၊ နိုင်ငံသားတစ်ဦး၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်စေရန် မျှော်မှန်းပါကြောင်း၊ မိမိတို့နိုင်ငံသည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန်လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေးနိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ သင်တန်းသား ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားနည်းပညာများကို တတ်ကျွမ်းပြီးသူများဖြစ်ကြသဖြင့် သင်တန်းမှရရှိမည့် ဥပဒေ၏အခြေခံသဘောတရားများကို သင့်လျော်သည့် သင်ကြားနည်းစနစ် အသုံးပြုကာ Grade-11 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေအသိပညာဘာသာရပ်ကို ထိရောက်စွာ ပြန်လည်ပိုချပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများက အသီးသီးလက်ခံရယူခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါသင်တန်းတွင် အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၃၀၂)ဦးအား တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိ(၇)ဦးက သင်ခန်းစာဘာသာရပ် (၇)ခုကို ဒီဇင်ဘာလ(၁၄)ရက်နေ့မှ (၂၄)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ
Join – https://t.me/MyanmarNationalPost