ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရသစ် လက်ထက် အလားအလာရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အကြောင်း စ မေးချင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကို မျက်နှာသစ်တွေ ဝင်လာတော့မယ်။ ဒါက မြန်မာ့ အရေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ပြန်လည်ပုံဖော်နိုင်မယ့် အခွင့်အလမ်းလား။ လာမယ့် ထရမ့် အစိုးရလက်ထက် မြန်မာ့အရေး ခေါင်းစဥ်အောက်မှာ မြန်မာနဲ့ တရုတ်နိုင်ငံအပေါ် အမေရိကန်မူဝါဒ အပြောင်းအလဲဖြစ်ဖို့ မြင်ပါသလား။
Thomas Kean (ICG) ။ ။ ဒါဟာ အမေရိကန် ပြည်ထောင်စုအတွက် မြန်မာရေးရာမူဝါဒကို ပြန်လည်ပုံဖော်ဖို့ အခွင့်အလမ်း တရပ်ဆိုတဲ့ မှတ်ချက်ကို သဘောတူပါတယ်။ အုပ်ချုပ်မှု အပြောင်းအလဲ ရှိလာတဲ့အခါ အခွင့်အလမ်းဆိုတာ အမြဲရှိတယ်။ မူဝါဒတွေ တဆက် တစပ်တည်း ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကယ်မလာ ဟဲရစ် အရွေးခံရရင်တောင် ဒီလို အခွင့်အလမ်းက ရှိမှာပါ။ ဘာလို့လဲဆိုတာ့ သူကလည်း သူ့ အစိုးရအဖွဲ့မှာ လူသစ်တွေ ထည့်မှာကိုး။ ဒါပေမယ့် အခုကတော့ ဘိုင်ဒန် အစိုးရ ကနေ ထရမ့် အစိုးရ ပြောင်းတာဆိုတော့ သိသိသာသာကို ပြောင်းလဲသွားမယ့် သဘော ဖြစ်ပါတယ်။
ဆိုတော့ အခွင့်အရေး က ရှိပါတယ်။ ဒါပေမယ့် ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အမြဲတမ်း အပြောင်းအလဲမြန်လွန်းတာကြောင့် ခန့်မှန်းရခက်ပါတယ်။ အဲ့ဒါအပြင်မှာ သူ့ရဲ့ မူဝါဒမှာ တခုနဲ့ တခုနဲ့ ကွဲလွဲမှုတွေလည်း ရှိပါတယ်။ ထရမ့်ဟာ စီးပွားရေးအရရော စစ်ရေးအရရော တရုတ်ကို တန်ပြန်လိုတဲ့ ဆန္ဒရှိပေမယ့် တချိန်တည်းမှာပဲ ရှီကျင့်ဖျင်နဲ့ ထူးဆန်းတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ထားပါတယ်။ ဆိုတော့ အတိအကျပြောဖို့ ခက်ပါတယ်။ မတူကွဲပြားတဲ့ ဖြစ်နိုင်ခြေတွေ အများကြီးရှိပါတယ်။
ခုခံတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှစ်ဘက်စလုံးကတော့ အမေရိကန်ရဲ့ ထောက်ခံမှု ပိုရဖို့ နဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပိုပြီး ရဲရဲဝင့်ဝင့် ပြတ်ပြတ်သားသား လုပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို မျှော်လင့်နေကြတယ်ဆိုတာ သေချာပါတယ်။
ဒီနေရာမှာ မတူညီတဲ့ အချက်တွေ ဖြစ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံကို တန်ပြန်လိုတဲ့ ဆန္ဒနဲ့ မြန်မာနိုင်ငံကို ပထဝီဝင်နိုင်ငံရေး စစ်မြေပြင်ရဲ့ တစိတ်တပိုင်းအဖြစ် ရှုမြင်လာနိုင်ပါတယ်။ ဒါမှမဟုတ် တခြား အယူဝါဒရေးရာ အကြောင်းပြချက်တွေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တင်းတင်းမာမာ ရပ်တည်ဖို့ ထရမ့်ရဲ့ အနားမှာ ရှိသူတွေက လိုလားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ထရမ့်ကိုယ်တိုင်ကလည်း သူ့ရဲ့ပထမသက်တမ်းမှာ သူ့ရဲ့မူဝါဒကို ပြန်ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံအပေါ် တင်းတင်းမာမာရှိပါတယ်။ ဆိုတော့ တရုတ်နိုင်ငံအပေါ် ထရမ့်ရဲ့ တင်းမာတဲ့ သဘောထားတွေက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဘယ်လို သက်ရောက်နိုင်သလဲ။ ဆိုလိုတာက တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့ ခိုင်မာတဲ့ ရပ်တည်ချက်က မြန်မာ စစ်ကောင်စီ အပေါ်မှာရော အလားတူ တင်းမာမယ့် ရပ်တည်ချက် သဘောလို့ ပြောလို့ရမလား။
Thomas Kean (ICG) ။ ။ ဒီလိုချည်း တထစ်ချတော့ ပြောလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘိုင်ဒန် အစိုးရကလည်း တရုတ်နိုင်ငံနဲ့ ပတ်သက်ရင် ထရမ့်ရဲ့ မူဝါဒတော်တော်များများကို ဆက်လုပ်ခဲ့တာကို သတိပြုရပါမယ်။
ဒါပေမယ့် မြန်မာနဲ့ ပတ်သက်ရင်တော့ အမေရိကန်နဲ့ တရုတ်ကြား ပဋိပက္ခ မဖြစ်အောင် သူတို့ ကြိုးပမ်းခဲ့တာ မဟုတ်လား။ မြန်မာ့အရေးကို ပထဝီနိုင်ငံရေး မဖြစ်အောင် သူတို့ ကြိုးစားခဲ့ကြပါတယ်။ ဆိုတော့ ထရမ့်ကလည်း အလားတူ လိုက်လုပ်နိုင်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံလို တိုင်းပြည်မျိုးအတွက် ထရမ့်ရဲ့ စိတ်ဝင်စားမှုက အများကြီး အကန့်အသတ် ရှိပါတယ်။ သူ့အနားမှာ ဘယ်သူတွေ သြဇာညောင်းသလဲ၊ ဘယ်သူက သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဖြစ်မလဲ စတာတွေ အပေါ် အများကြီးမူတည်ပါတယ်။ လက်ရှိ ဘိုင်ဒန်အစိုးရ မှာ ဆိုရင် ဥပမာ၊ Kurt Campbell လို ပုဂ္ဂိုလ်မျိုးက အတော်လေး သြဇာညောင်းပါတယ်။ ဆိုတော့ အဲဒီလို နေရာတွေ၊ ရာထူးတွေ ဘယ်သူ ရမလဲ ဆိုတာနဲ့ သူတို့က မြန်မာ့အရေးကို ဘယ်လို မြင်မလဲ ဆိုတာ အပေါ် မူတည်ပါတယ်။
သူတို့က မြန်မာ့အရေးမှာ အဓိက တရုတ် မူဝါဒါနဲ့ ယှဥ်ပြီး ကြည့်မယ်လို့ ထင်ပါတယ်။ မြန်မာ့ အရေးမှာ တရုတ်နဲ့ ထိပ်တိုက် မတွေ့တဲ့ လက်ရှိ ချဉ်းကပ်မှုက အကျိုးများတယ်လို့လည်း ယူဆကောင်း ယူဆသွားနိုင်ပါတယ်။
တခြား တဘက်မှာလည်း မြန်မာ့အရေးမှာ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်လာပြီး ပဋိပက္ခ ရလဒ်ကို အဆုံးအဖြတ် ပေးနိုင်တဲ့ အထိ ပိုပြီး သြဇာညောင်းတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ရီပတ်ဘလီကန်တွေအပေါ် မြန်မာလူထုရဲ့ ခံယူချက်က ပိတ်ဆို့အရေးယူမှုတွေ ဒါမှမဟုတ် စစ်အစိုးရကို ဒဏ်ခတ်အရေးယူမှုတွေမှာ ဒီမိုကရက်တွေထက် ပိုပြင်းထန်တယ်လို့ ယူဆထားကြပါတယ်။ ဆိုလိုတာက အရင်တုန်းက သမိုင်းဖြစ်ရပ်တွေကို ပြန်ကြည့်ရင်ပါ။ တချို့ကလည်း မြန်မာ့အရေး ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ပါတီကြီး နှစ်ရပ်လုံးက တညီတညွတ် တည်း ထောက်ခံမှုရှိတယ်လို့လည်း ဆိုကြပါတယ်။ ဆိုတော့ ဒါကို အသုံးချပြီး လာမယ့် ကွန်ဂရက် လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းက မြန်မာနိုင်ငံအပေါ် ပိုမိုပြတ်သားတဲ့ ရပ်တည်ချက်တွေ လုပ်လာနိုင်သလား။
Thomas Kean (ICG)။ ။ ကွန်ဂရက်လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပါတီနှစ်ရပ်လုံးက အတိုင်းအတာ အတော်များများ ဘုံသဘောထား တူညီကြပါတယ်။ အဲဒါက ဆက်ရှိနေဦးမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမယ့် တချို့ကိစ္စတွေကတော့ ထရမ့်ရဲ့ မူဝါဒတချို့နဲ့ ဆန့်ကျင်ဘက်ဖြစ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံနဲ့ ယှဥ်ပြီး မြန်မာနိုင်ငံအပေါ် သက်ရောက်မှု၊ ထရမ့်က ဘယ်လို ချဉ်းကပ်မလဲ ဆိုတာ ကျနော်တို့ ပြောတုန်းက မသေချာမရေရာမှုတွေ အပေါ် အခြေခံပြီး ပြောခဲ့ကြတာ မဟုတ်လား။ ဒါပေမယ့် ထရမ့် ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း သိထားပြီးတဲ့ ကိစ္စရပ်တွေ ရှိပါတယ်။ ဥပမာ နိုင်ငံခြား အကူအညီ ပေးရေး လို ကိစ္စမျိုးတွေမှာပါ။ ဒီကိစ္စမှာ ဆိုရင်တော့ မြန်မာနိုင်ငံကို ထိခိုက်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
နိုင်ငံခြားအကူအညီ၊ ဒုက္ခသည်ဆိုင်ရာမူဝါဒတွေက သက်ရောက်မှာပါ၊ ဒုက္ခသည်တွေ လက်ခံ ပြန်လည်နေရာချထားတဲ့ အစီအစဥ်တွေက ရပ်ဖို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံအတွက်တင်မဟုတ်ပါဘူး၊ တခြား တိုင်းပြည်တွေ အတွက်မှာ ထိခိုက်မှာပါ။
ထရမ့်ရဲ့ ပထမ အစိုးရ သက်တမ်းအတွင်းက ဒုက္ခသည် လက်ခံတာကို လုံးလုံး ပိတ်လိုက်တာ မဟုတ်ပေမယ့် ယာယီရပ်ဆိုင်းတာမျိုး လုပ်ခဲ့ပါတယ်။ ဒါမျိုး အလားတူ ထပ်ဖြစ်နိုင်ခြေရှိတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီတော့ ခုခံတော်လှန်ရေး အတိုက်အခံအင်အားစုတွေ ဘက်က ကြည့်ရင် ဒါမျိုးတွေက အပြုသဘောမဆောင်ပါဘူး။
ဒီလို ကိစ္စတွေမှာဆိုရင် ထရမ့် အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်ကြားမှာလည်း အတိုင်းအတာတခုအထိ အတိုက်အခံ တွေ ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ခင်ဗျား ခုန ပြောတဲ့ ကွန်ဂရက်မှာ ပါတီနှစ်ခုလုံးရဲ့ ထောက်ခံ သဘောတူညီမှု ရှိတယ် ဆိုတာက မြန်မာနိုင်ငံအရေးမှာ အကူအညီပေးရေး ကိစ္စာမှာပါ။ အထူးသဖြင့် တော်လှန်ရေး အင်အားစုတွေ အတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးဖို့ပါ။ နောက် မြန်မာနိုင်ငံ လာသူတွေကို လက်ခံပြီး ပြည်လည် နေရာချထားပေးမယ့် ကိစ္စပါ။ ဆိုတော့ ဒီလို ကိစ္စတွေမှာ ဆိုရင်တော့ အရင်လိုပဲ ဆက်လုပ်ဖို့ ဒါမှမဟုတ် အကူအညီတွေ တိုးဖို့ကို ကွန်ဂရက် လွှတ်တော်က ထရမ့်ရဲ့ မူဝါဒတွေကို သြဇာလွှမ်းမိုးဖို့ ကြိုးစားမှာမျိုးကို တွေ့မြင်ရနိုင်ပါတယ်။
ဒါကလည်း အမေရိကန် ပြည်ထောင်စုမှာ မူဝါဒတွေ ဘယ်လို ချမှတ်လဲ ဆိုတာကို ထင်ဟပ်စေပါတယ်။ အသီးသီးမှာ မတူညီတဲ့ လုပ်ပိုင်ခွင့်တွေ ရှိကြတယ်။ အိမ်ဖြူတော် မှာ ဆိုရင် ထရမ့် ရှိမယ်။ မတူကွဲပြားတဲ့ အကြံပေးပုဂ္ဂိုလ်တွေရှိမယ်။ သူတို့က အိမ်ဖြူတော်ရဲ့ ရှုမြင်လုပ်ဆောင်ချက်တွေကို သက်ရောက်စေမယ်။ တဘက်မှာကျ ကွန်ဂရက်လွှတ်တော်ရှိမယ်။ နောက်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဌာနလို ဗျူရိုကရေစီ အုပ်ချုပ်ယန္တရား လည်း ရှိဦးမယ်။
ဥပမာ ပြောရရင် အိမ်ဖြူတော်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခိုင်မာမူဝါဒ ဒါမှမဟုတ် ခိုင်မာတဲ့ ရပ်တည်ချက် အမြင် တရပ် မရှိဘူးဆိုရင် မြန်မာ့အရေးမှာ နိုင်ငံခြားရေးဌာနက ဘယ်လိုကိုင်တွယ်မလဲ ဆိုတာက ပိုပြီး သက်ရောက် သြဇာကြီးလာမှာပါ။ ဆိုတော့ မူဝါဒချမှတ်ရာမှာ ကွဲပြားတဲ့ ပါဝါဗဟိုချက်တွေရှိနေပါတယ်။ အခု အချိန်မှာတော့ ထရမ့် ဘာလုပ်မယ်ဆိုတာကို မသိသေးတဲ့အတွက် သိပ် ရှင်းရှင်းလင်းလင်းတော့ မရှိလှသေးပါဘူး။
ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ လက်နက် မဟုတ်တဲ့ ထောက်ပံ့မှုတွေနဲ့ ပတ်သက်ရင် Burma Act က ရှိနှင့်ပြီ ဟုတ်တယ် မဟုတ်လား။၊ ဒါက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အရေးမှာ အမေရိကန်ရဲ့ ထောက်ခံမှုကို ပြသတဲ့ မူဘောင်တမျိုးပဲ မဟုတ်လား။ ဒါပေမယ့် အခုအချိန်အထိတော့ လက်တွေ့အကောင်အထည် ဖော်မှုပိုင်း သိပ်မတွေ့ရသေးပါဘူး။ ဆိုတော့ ဒီအကောင်အထည်ဖော်မှုလုပ်ငန်းစဉ်မှာ ဆိုရင် လက်ရှိအစိုးရနဲ့ လာမယ့် ထရမ့် အစိုးရကြားမှာ ဘာတွေ ကွာခြားနိုင်လဲ။
Thomas Kean (ICG) ။ ။ ဟုတ်တယ်၊ ဒါက အိမ်ဖြူတော်နဲ့ ကွန်ဂရက်လွှတ်တော်ကြားမှာ နည်းနည်းကွဲလွဲနိုင်တဲ့ နေရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လက်ရှိ ဘိုင်ဒန် အစိုးရကတော့ ခိုင်မာတဲ့ သဘောထားရှိပေမယ့် သတိထားတဲ့ အနေအထားမှာ ရှိပါတယ်။
(ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး) Kurt Campbell ဆိုရင် မူဝါဒကို ပုံဖော်ရာမှာ အတော်လေး သြဇာညောင်းသူပါ။သူက တော့ လာမယ့်ထရမ့် အစိုးရမှာ ပါမှာ မဟုတ်တော့ဘူးပေါ့လေ။ ဆိုချင်တာက ထရမ့် အနားမှာ ဘယ်သူတွေ ရှိမလဲ နဲ့ သူတို့ရဲ့ ရှုမြင်ချက်က ဘာဖြစ်မလဲ ဆိုတာအပေါ် အများကြီးမူတည်ပါတယ်။
နိုင်ငံခြားအကူအညီ ဖြတ်တောက်မှုတွေကတော့ အားလုံး ခြုံငုံပြီး ဖြတ်တောက်မှာပါ။ ဒါပေမယ့် ဒါက မြန်မာ့အရေးမှာ နိုင်ငံရေး သဘော အရ ထောက်ခံမှုပေးထားတဲ့ Burma Act ခေါင်းစဥ်အောက်က အကူအညီတွေကို ဖြတ်တောက်မှာလို့ တထစ်ချ ပြောလို့တော့ မရနိုင်ပါဘူး။ လူသတ် လက်နက်မဟုတ်တဲ့ အထောက်အပံ့တွေ ဆိုတာက Burma Act ဥပဒေအောက်မှာ အတော်လေး ကွဲကွဲပြားပြားနဲ့ သီးခြား တည်ရှိနေတာပါ။ ဆိုတော့ ဒါကို ကာကွယ်ထားပြီး ဖြတ်တောက်တာမျိုး မလုပ်တာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် စားနပ်ရိက္ခာအကူအညီလို ပုံမှန် ပေးနေကျ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုမျိုးတွေမှာ ဖြတ်တောက် တာမျိုးက ဖြစ်နိုင်ပါတယ်။ ဥပမာ – မြန်မာ့အရေးမှာ ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ အရေး ရှိနေပါတယ်။ အဲဒီ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုမှာ ဆိုရင် အမေရိကန်က နံပါတ်တစ် အလှူရှင်နိုင်ငံပါ။
ဆိုတော့ ထရမ့် ဘာလုပ်မလဲ ဆိုတာက စိုးရိမ်စရာ ကောင်းတယ်လို့ ထင်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ထောက်ပံ့မှု လျော့ချတာမျိုးနဲ့ အခုမှ ပြန် စတင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အမေရိကန်မှာ ပြန်လည်နေရာချထားရေး လို ကိစ္စရပ်တွေ အတွက်ကတော့ စိုးရိမ်စရာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေရာမှာလည်း ခန့်မှန်းရခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း ပထဝီဝင် အနေအထားအရ အရေးပါပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း အိန္ဒိယ၊ တရုတ်နဲ့ အမေရိကန် အားလုံး က ဩဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားနေတာပါ။ ဒီအချက်က အိမ်ဖြူတော်ကို တွန်းအားဖြစ်စေနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ပထဝီနိုင်ငံရေး အကြောင်းပြချက်နဲ့ ထောက်ပံ့ပေးမှုတွေ ဆက်ရှိသလိုမျိုး မြန်မာနိုင်ငံကိုလည်း ပထဝီနိုင်ငံရေး အရ ထောက်ခံပေးမှုတွေ ဆက်ဖြစ်နိုင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့ တရုတ်နိုင်ငံက ဆိုရင် မြန်မာနိုင်ငံမှာ အကွဲကွဲ အပြားပြားတွေ မဖြစ်ဖို့ ခိုင်မာတဲ့ ဗဟိုစစ်တပ် လိုအပ်တယ် ဆိုတဲ့ စိုးရိမ်ချက် ခံယူချက် ရှိနေပုံရပါတယ်။ အမေရိကန်ကရော ဒီအချက်ကို ထည့်သွင်းစဉ်းစားနိုင်ပါသလား။ ဆိုချင်တာကတော့ လက်ရှိမှာ တိုင်းပြည်ကလည်း အနည်းနဲ့အများ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကပဲ သူတို့ကိုယ်တိုင် သူတို့ နယ်မြေတွေကို သိမ်းပိုက် ထိန်းချုပ်နေတာပဲ မဟုတ်လား။ ဒါကို အမေရိကန်က ဘယ်လိုမြင်လဲ။ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေး လမ်းကြောင်းအပေါ် အမေရိကန်ရဲ့ ရှုမြင်ချက်က ဘယ်လို ရှိမလဲ။
Thomas Kean (ICG)။ ။ ဒါက စိတ်ဝင်စားစရာပါပဲ။ ခင်ဗျားပြောသလိုပဲ၊ တရုတ်ရဲ့ အခြေအနေအပေါ် ရှုမြင်ချက်နဲ့ တူညီမှုအချို့တော့ ရှိပါတယ်၊ တပ်မတော်ကသာ အားကောင်းတဲ့ ဗဟို အင်အားစု တခုအနေနဲ့ ရှိဖို့ လိုအပ်သလို မြန်မာ့အရေး ဖြေရှင်းချက်တိုင်းမှာ တပ်မတော် ပါ၀င်ဖို့ လိုအပ်တယ်လို့ ယူဆပုံပေါ်ပါတယ်။
ဒါပေမယ့် ကွာခြားချက်ကတော့ သူတို့ဟာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ထောက်ခံနေတာ ဒါမှမဟုတ် အနည်းဆုံးတော့ သူတို့ဟာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ဖြေရှင်းချက်တခုအဖြစ် ယူဆနေတာပါ။ အမေရိကန်ကတော့ အဲဒီလိုမျိုး မြင်မယ်လို့ ကျနော် မထင်ပါဘူး။
ပြောချင်တာက တရုတ်နိုင်ငံက မြန်မာနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်တောပါ။ ပဋိပက္ခနဲ့ တိုက်ရိုက်ထိတွေ့တောပါ၊ အမေရိကန်ကတော့ နယ်နမိချင်း မထိစပ်ပါဘူး။ ပထဝီ အနေအထား အရ အကွာအဝေး အရ အဲဒီလို မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာ့အရေးမှာ ပိုပြီး စံနှုန်းတွေ အကြောင်း ပြောနိုင်ပါတယ်။ အနည်းဆုံး လက်ရှောင်နေနိုင်ပါတယ်။ ။
“ကောင်းပြီ၊ ငါတို့ စစ်တပ်ကို ထောက်ခံမှာ မဟုတ်ဘူး။ တော်လှန်ရေး အင်အားစုတွေဘက်ကိုလည်း ခိုင်ခိုင်မာမာ ပံ့ပိုးပေးမှာ မဟုတ်ပါဘူး။ စကားလုံး အရပဲ ထောက်ခံမှုပေးမယ်။ နိုင်ငံရေးအရ ထောက်ခံပေးမယ်။ ဒါပေမယ့် အကန့်အသတ်တွေရှိမယ်။” အဲဒီလို ပြောလို့ရပါတယ်။ ပဋိပက္ခက တိုက်ရိုက်မထိခိုက်လို့ အမေရိကန် အတွက် ဒီလို လုပ်ဖို့ တတ်နိုင်ပါတယ်။
တရုတ်နိုင်ငံအတွက် ပြည်ကြည့်ရင် အလားတူ သဘောပါပဲ။ တရုတ်နိုင်ငံကျတော့ အခု အချိန်မှာ မဖြစ်မနေကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကြီးတွေကို ချဖို့ လိုအပ်နေတာပါ။ ပဋိပက္ခနဲ့ တိုက်ရိုက်ထိတွေ့နေရတာ ဖြစ်လို့ သူတို့ အမှန်တကယ် မလုပ်ချင်တဲ့ ဆုံးဖြတ်ချက်တွေကို ချနေရတာပါ။
ဒါပေမယ့် တရုတ်နဲ့ အမေရိကန် ချဥ်းကပ်ပုံမှာ တူညီမှုတွေ ရှိတယ်လို့ ပြောတာ မှန်ပါတယ်။ လက်ရှိ အမေရိကန် အစိုးရ မူဝါဒမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အတိုင်းအတာ တခုအထိ ဘုံနားလည်မှု ရှိပါတယ်။ တဘက်နဲ့တဘက် ဘယ်လောက် အတိုင်းအတာ အထိ ပါဝင် ပတ်သက်မယ် ဆိုတာမျိုး သူတို့နားလည်မှုရှိပါတယ်။
ဒါပေမယ့် အခု လတ်တလော်မှာ တရုတ်က မြန်မာ့အရေး ပို ဝင်စွက်ဖက် လာတာကြောင့် ဒါက ပိုပြီး စိန်ခေါ်ချက် ဖြစ်လာပါတယ်။ ဒါပေမယ့် ထရမ့် အစိုးရ စ တာဝန်ယူတဲ့ အချိန်မှာ ဒါမျိုး ဖြစ်ချင်မှ ဖြစ်တော့မှာပါ။ တရုတ်ကို တန်ပြန်လိုစိတ်ကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်က ပိုပြီး တက်တက်ကြွကြွနဲ့ ဝင်ပါတဲ့ ရပ်တည်ချက်မျိုး လုပ်လာခဲ့ရင် အခု ရှိနေတဲ့ မြန်မာ့အရေး ဘုံနားလည်မှု က ကျိုးပျက်သွားနိုင်ပါတယ်။
မထင်မှတ်ထားတဲ့ ပုံစံတွေလည်း ဖြစ်သွားနိုင်ပါတယ်။ အထင်ရှားဆုံး ဖြစ်လာနိုင်တာတခုက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အထူးသဖြင့် ခရစ်ယာန် ဘာသာဝင် အများစု နဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့တွေကို ထရမ့် အစိုးရက ပိုပြီး ထောက်ခံပံ့ပိုးမှု ပေးလာတာမျိုး ဖြစ်လာနိုင်ပါတယ်။ ထရမ့်နဲ့ ပတ်သက်လို့ ပြောရင် ဘာသာရေးကိစ္စ က အမြဲ ခိုင်ခိုင်မာမာနဲ့ ပါလာတဲ့ အင်္ဂါတရပ်ပါ။ ဒါဟာ ပထမ ထရမ့် အစိုးရ သက်တမ်းတုန်းက အားကောင်းတဲ့ အင်္ဂါရပ်တခု ဖြစ်ခဲ့ပါတယ်။
တဘက်မှာလည်း မြန်မာစစ်တပ်က တရုတ်ကို မကြိုက်ဘူးဆိုတာကိုလည်း ထည့်တွက်ရပါမယ်။ အခုလောလောဆယ်မှာတော့ သူတို့ အတူ လက်တွဲ နေတယ်လို့ ယူဆစရာ ရှိပါတယ်။
ဒါပေမယ့် ထရမ့် အစိုးရခေတ်မှာ မြန်မာ့အရေးမှာ တရုတ်ကို တန်ပြန်ဖို့ ဆုံးဖြတ်ပြီး စစ်အစိုးရနဲ့ ပိုနီးနီးကပ်ကပ် လုပ်လာမှာမျိုးကိုလည်း လုံးလုံး မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပါဘူး။ ဒါက ကြောက်စရာကောင်းတဲ့ အကြံပါ။ အလုပ်ဖြစ်မယ်လို့လည်း မထင်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ ဖြစ်နိုင်ခြေ အရာအားလုံးကို ထည့်စဥ်းစားရမှာပါ။
အထူးသဖြင့် ထရမ့် အစိုးရ ခေတ်မှာ အရင်က လုပ်ခဲ့တာတွေကို ရပ်ပြီး နိုင်ငံခြားရေးပေါ်လစေ အပြောင်းအလဲလုပ်ဖို့ ပို စိတ်အားထက်သန်လို့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ တဘက်မှာ ထရမ့်အစိုးရလက်ထက်မှာ ဒေသတွင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အမေရိကန်ရဲ့ ထောက်ခံမှု တိုးလာတာမျိုးရော ဖြစ်မလာနိုင်ဘူးလား။
Thomas Kean (ICG) ။ ။ ဒီမိုကရေစီမြှင့်တင်ရေးအခြေခံနဲ့ တော်လှန်ရေးလှုပ်ရှားမှုကို အမေရိကန်က ပံ့ပိုးကူညီမှုတွေ ထပ်တိုးလာမယ်လို့တော့ ကျနော် မထင်ပါဘူး။ တရုတ်ကို တန်ပြန်လိုတဲ့ ဆန္ဒနဲ့ တော်လှန်ရေး အတိုက်အခံ အင်အားစုတွေကို ထောက်ခံမှု တိုးလာတာမျိုးကိုတော့ တွေ့ကောင်း တွေ့ရနိုင်ပါတယ်။ ဒီမိုကရေစီ မြှင့်တင်ရေး ရည်ရွက်ချက် တခုတည်းနဲ့တော့ ထရမ့်ရဲ့ မူဝါဒကို တွန်းအားပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကတော့ အတော့်ကို ရှင်းပါတယ်။
ထရမ့်ရဲ့ ပထမ အစိုးရ သက်တမ်းတုန်းက ဘာသာရေးလွတ်လပ်ခွင့်က အရေးကြီးတဲ့ ကိစ္စရပ် ဖြစ်ခဲ့ပါတယ်။ ဒါက လူ့အခွင့်အရေး အခြေခံ သက်သက် မဟုတ်ပေမယ့် လူ့အခွင့်အရေးရဲ့ ကျယ်ပြောတဲ့ အမျိုးအစားတွေထဲက တခု အဖြစ်တော့ ပါနေပါတယ်။ ထရမ့် ခေတ်မှာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာ ထိပ်သီး ဆွေးနွေးပွဲကို လုပ်ခဲ့ပါတယ်။။ ဒါ့ပြင် ဒီအချက်က ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ အကျပ်အတည်းမှာ ထရမ့်ရဲ့ အမေရိကန် အစိုးရက တင်းမာတဲ့ ရပ်တည်ချက် ဖြစ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ထရမ့်ရဲ့ အိမ်ဖြူတော်တွင်းနဲ့ သူ့ဝန်းကျင်က လူတွေက ဒီ ရိုဟင်ဂျာ ပြဿနာက ဘာသာရေးလွတ်လပ်ခွင့် ပြဿနာလို့ ရှုမြင်ခဲ့ကြပါတယ်။
နောက်ပြီးတော့ အဲဒီလိုမျိုး လူတွေက ဒီတခေါက်မှာ အဲဒီလောက် သြဇာရှိမလား ဆိုတာ ကျနော်တို့ မသိသေးပါဘူး။ ဆိုလိုတာက၊ ဥပမာ မိုက်ပန့်စ် (Mike Pence) လို လူမျိုးတွေပါ။
မိုက်ပန့်စ် လို လူတွေ အတွက်ကတော့ လွတ်လပ်မှုဟာ တကယ်ကို အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် Mike Pence က အခု မရှိတော့ပါဘူး။ အဲဒီလိုမျိုး အလားတူ အုပ်စုတွေက အခု သြဇာရှိဦးမလားဆိုတာလည်း ပြောဖို့ခက်ပါတယ်။ ဆိုလိုတာက ဘာသာရေးလွတ်လပ်ခွင့်ကိစ္စ မျိုးကို ပြဿနာတရပ်အဖြစ် ဆက်လက် ရှုမြင်ထားရင် ဒါက ထရမ့် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အတိုင်းအတာတခုအထိ သက်ရောက်မှုရှိနိုင်ပါတယ်။
ဆိုချင်တာက ဒီကိစ္စကို ထရမ့်က အလေးထားတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ ထရမ့်ရဲ့ အနားက လူတွေက သူ့ကို ဒီကိစ္စ ကိုင်တွယ်ဖို့ တွန်းနိုင်တဲ့ အချက်ကို ပြောတာပါ။ ထရမ့် အတွက် ဘာသာရေးလွတ်လပ်ခွင့် တွေဘာတွေက အရေးကြီးတယ်လို့ ယူဆမယ် မထင်ဘူး။ ဒါပေမယ့် အရင် ပထမ အစိုးရ သက်တမ်းတုန်းက သူ့ကို ကျောထောက်နောက်ခံပြုသူတွေ၊ သူ့ကို ပံ့ပိုးပေးတဲ့သူတွေ အတွက် ဒါက အရေးကြီးတဲ့ ကိစ္စ ဖြစ်ခဲ့ပါတယ်။
ဒီအချက်ကိုလည်း ကျနော်နဲ့ သတိထားပြီး ထောက်ပြတာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ပထမ သက်တမ်း နဲ့ အခု လာမယ့် သက်တမ်းက အလွန်ကွာခြားမယ့် ပုံရှိပါတယ်။ ပထမ တုန်းကတော့ သူက အင်အားတည်ဆောက်တဲ့ အဆင့်ပါ။ ပြီးတော့ ထရမ့် ရဲ့ အစိုးရ အဖွဲ့မှာ အဲ့တုန်းက ထရမ့်ကို ချုပ်ကိုင်ဖို့ ကြိုးစားချင်တာကြောင့် ရာထူးရယူကြသူတွေများပါတယ်။ အဲဒီအချက်ကိုလည်း ထရမ့်က ကောင်းကောင်းသိပါတယ်။ ဒီတခါတော့ အဲဒီလိုလူမျိုး လူတွေ သူ့အနားမှာမရှိဖို့ ထရမ့်က ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ဘာသာရေးလွတ်လပ်ခွင့် က လာမယ့် ထရမ့် အစိုးရ အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောဖို့ခက်တယ်။ ဒါပေမယ့် ဒါက ထရမ့် ရဲ့ ပထမ သက်တမ်းတုန်းက အရေးပါခဲ့တယ် ဆိုတာကို ကျနော် ထာက်ပြတာပါ။
ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဒီအချက် အပြင်မှာ မြန်မာစစ်အစိုးရက တရုတ်နဲ့ နီးစပ်လွန်းတယ်လို့ ထရမ့်အစိုးရက ယူဆပြီး အဲဒါက အမေရိကန် အနေနဲ့ မြန်မာ့အရေးကို ပိုပြီးအာရုံစိုက်စေမယ့် အချက် ဖြစ်မလာနိုင်ဘူးလား။
Thomas Kean (ICG)။ ။ ဟုတ်တယ်၊ ဖြစ်နိုင်ခြေရှိပါတယ်။ စစ်တပ်က တရုတ်နဲ့ နီးစပ်နေတာ အပေါ် အမေရိကန်ရဲ့ အာရုံစိုက်မှု ရနိုင်ပါတယ်။ ဒါပေမယ့် စောစောက ပြောခဲ့သလိုပဲ၊ သူတို့က အဲဒါကို ပုံစံအမျိုးမျိုးနဲ့ တုံ့ပြန်နိုင်တယ်။ လူ့အခွင့်အရေး မြှင့်တင်ရေးဟာ ထရမ့် အစိုးရ အတွက် အရေးကြီးတဲ့ ကိစ္စဖြစ်ပုံမရတာကြောင့် မြန်မာစစ်တပ်ကို သူတို့နဲ့ နီးစပ်အောင် လုပ်ပြီး တုံ့ပြန်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် အခု အခြေအနေဟာ မြန်မာနိုင်ငံက ခုခံတော်လှန်ရေးနဲ့ အတိုက်အခံ အင်အားစုတွေ အတွက် အခွင့်အလမ်းတခု ဖြစ်နိုင်ပေမယ့် တဘက်မှာလည်း အမေရိကန် အစိုးရ သစ်ရဲ့ ထည့်သွင်း တွက်ချက် မှုထဲမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမြှင့်တင်ရေး ကိစ္စရပ်တွေ လုံးဝမပါ၀င်တဲ့ မူဝါဒတွေကိုလည်း ချမှတ်နိုင်လို့ ဒါက အန္တရာယ် ကာလတခုလည်း ဖြစ်သွားနိုင်ပါတယ်။