မိုးမခ၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၄
ရာဇဝတ်မှုဖြစ်ပွားမှု အမြင့်ဆုံးကာလ
နကိုကတည်းက ပြောစမှတ်ပြုလောက်အောင် မရှိခဲ့သည့် တရားဥပဒေ စိုးမိုးမှုက စစ်အာဏာသိမ်းပြီးနောက် လပိုင်းအကြာက စပြီး ပိုမိုဆိုးရွားပျက်စီးလာခဲ့သည်။ နကိုအနေအထားမှာလည်း တရားဥပဒေစိုးမိုးသည်ဟု မဆိုနိုင်သော်လည်း ရာဇဝတ်မှု ဖြစ်ပွားသည့် အနေအထားတွေက ညအချိန်မတော်၊ လူအများအပြားရှိကြသည့် မြို့ထဲက လမ်းတွေမှာ ဖြစ်ပွားခြင်းထက် လူပြတ်သည့် နေရာ၊ အသွားအလာနည်းပါးသည့် နေရာလိုမျိုးမှာ ဖြစ်ပွားလေ့ရှိသော်လည်း ယခု အခါ နေ့ခင်း လင်းလင်းချင်းချင်း ရှိနေချိန် လူအများသွားလာနေသည့် မြို့ထဲလမ်းတွေမှာ ဖြစ်ပွားလာတာပါ။ ကျူးလွန်သည့် အမှုအကြောင်းအရာတွေက ရွှေဆိုင်၊ ဖုန်းဆိုင်၊ ဘဏ် တို့လို ငွေပမာဏ များများစားစား ရနိုင်သည့် လုပ်ငန်း၊ ဆိုင်နှင့် နေအိမ်တွေကို ပစ်မှတ်ထား ကျူးလွန်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
ယခုရက်ပိုင်း ဖြစ်ရပ်တခုတွင် မုံရွာ၊ မန္တလေး နှင့် ရန်ကုန်တို့တွင် လက်နက်ဖြင့် ပစ္စည်းလု၊ လူပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းတို့ တရက်တည်း ဖြစ်ပွားခဲ့ပါတယ်။ မုံရွာ အဖြစ်အပျက်မှာတော့ အဟောင်းရောင်းဆိုင်က ဆိုင်ပိုင်ရှင် အမျိုးသမီးဖြစ်သူကို ပြန်ပေးဆွဲဖို့ ကြိုးစားရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထွက်ပြေးစဥ် သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီး သေဆုံးခဲ့ရပါတယ်။ မန္တလေး မြို့မှာတော့ ရွှေဆိုင်တဆိုင်က ရွှေ ၁ ပိဿာခန့် လုယက် ယူဆောင်သွားခဲ့တယ်လို့ သတင်းမှာပါရှိပါတယ်။
ဘာကြောင့် ဓားပြတိုက်၊ လုယက်၊ သတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေ တဟုန်ထိုး များပြားလာသလဲလို့ မေးခွန်းထုတ်ရင် တရားဥပဒေစိုးမိုးရေး တာဝန်ရှိတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့က လက်နက်ကိုင်စစ်တပ်ကို လုံခြုံရေး စစ်ဆေးရာမှာ၊ စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့သူတွေကို လုံခြုံရေးပေးတာ နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ လက်နက်ကိုင်စစ်တပ်နဲ့ အတူဝင်တိုက်ခိုက်ပေးနေရတာက အဓိကအကြောင်း ဖြစ်ပါလိမ့်မယ်။ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတဲ့မြို့တွေမှာ ရဲတွေအနေနဲ့ စစ်တပ်ကို ကူညီတိုက်ခိုက်ပေးစရာ မလိုအပ်ပေမယ့် နိုင်ငံရေးအရ အတိုက်အခံ နဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လုံခြုံရေး အစီအမံကိစ္စတွေ၊ တရားမဝင် ငွေကြေးတောင်းခံနိုင်တဲ့ ဧည့်စာရင်းစစ်ဆေးမှုတွေ ဝင်ရောက်လုပ်ကိုင်နေကြရပါတယ်။ ဒါ့အပြင် စစ်ဆေးရေး ဂိတ်တွေဖွင့်လှစ်ပြီး ကုန်ပစ္စည်း သယ်ယူရောင်းဝယ်သူတွေ၊ လက်နက်ကိုင် တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေ ဖြစ်တဲ့ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်တို့က ထုတ်ပေးတဲ့ မှတ်ပုံတင်ကိုင်ဆောင်သူတွေထံ က ငွေကြေးတောင်းခံတာတွေနဲ့ ခေတ်ပျက်ကာလမှာ စီးပွားဖြစ်ဖို့ လုပ်ဆောင်နေကြရတာနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်မှုတွေကို လျစ်လျူရှုထားလိုက်ကြတာ ဖြစ်ပါတယ်။
တဖက်မှာလည်း နိုင်ငံရေးအရ သုံးသပ်ကြည့်ရင် စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှာ တရားဥပဒေ စိုးမိုးဖို့ အားထုတ်မှုတွေထက် တရားမဝင် နည်းလမ်းနဲ့ ငွေကြေးတောင်းခံနိုင်တဲ့ ကိစ္စရပ်တွေနဲ့ စစ်ကောင်စီ အစိုးရကို ကာကွယ်ပေးတဲ့ တာဝန်တွေကိုသာ လုပ်ဆောင်ကြပြီး ပြည်သူလူထုအဖို့တော့ မိမိတို့ဘာသာ မိမိတို့ ကာကွယ်ကြဆိုတဲ့ အနေအထားမျိုး သဘောထားကြသလားလို့ ယူဆရပါတယ်။
အခုလို စစ်အာဏာသိမ်းပြီးနောက် ရာဇဝတ်မှုတွေ မြင့်တက်လာခြင်းကို စစ်တပ်ကို နိုင်ငံရေး အရဆန့်ကျင်မှု စစ်ရေးအရ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ ပေါ်ထွက်လာတာရဲ့ အကျိုးဆက်အဖြစ်နဲ့ ပုံဖေါ်လိုတဲ့ သဘောလည်း စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်တို့လို စစ်တပ်ဘက်က ဝါဒဖြန့်မှုတွေမှာ တွေ့မြင် ဖတ်ရှုကြရတာပါ။ ဒါ့အပြင် လက်နက်နဲ့ ဓါးပြတိုက်တာ၊ လုယက် သတ်ဖြတ်မှုတွေကို စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ PDF တွေအဖြစ် ပုံဖေါ် ပြောဆိုမှုတွေလည်း တွေ့ကြရတာပါ။ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ လုယက်မှုတွေ ဓါးပြတိုက်မှုတွေ ယေဘုယျအားဖြင့် ဆက်စပ်ပတ်သက်မှုများများစားစား မတွေ့ရပါဘူး။ လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး မြို့တွေမှာ သေနတ်လက်နက် လက်ဝယ်ရရှိဖို့ လွယ်ကူလာတဲ့ အနေအထားတော့ ရှိနေပြီး အဆိုပါလက်နက် လွယ်လွယ်ကူကူဝယ်ယူရရှိခြင်းက အခုလို လုယက်ဓါးပြတိုက်မှုတွေ ပိုမိုမြင့်တက်လာစေတဲ့ အကြောင်းတချက်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရာဇဝတ်မှု ကျူးလွန်သူတွေအများစုက နိုင်ငံရေး အစုအဖွဲ့တွေနဲ့ ဆက်စပ်ပတ်သက်မှု မရှိဘဲ ရာဇဝတ်မှု ကျူးလွန်ဖူးတဲ့ ရာဇဝင်ရှိသူ လက်နက်ကိုင် အဖွဲ့တဖွဲ့ဖွဲ့က သတင်းပေးဖို့ အသုံးချခံသူတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လက်နက်ကိုင် လုယက်မှု၊ ဓားပြတိုက်မှုတွေ အပြင် မြို့တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ အခြားရာဇဝတ်မှုတွေကတော့ ခါးပိုက်နှိုက်မှုနဲ့ လုယက်မှုတွေ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ဘတ်စကားတွေပေါ်မှာ ခါးပိုက်နှိုက်တာ၊ လမ်းတွေမှာ ဆိုင်ကယ်နဲ့ လုယက်ထွက်ပြေးတာ၊ တချို့သော အဖြစ်အပျက်တွေမှာ ပစ္စည်းယူပြီး လူသတ်တဲ့ ရာဇဝတ်မှုတွေကို မတွေ့ကြုံကြရအောင် မိမိတို့ တဦးချင်း ရှောင်တိမ်းကြရတဲ့ အနေအထားဖြစ်ပါတယ်။ အခုလို အခြေအနေအောက်မှာ စစ်ကောင်စီရဲ့ ဥပဒေစိုးမိုးရေးယန္တရားကို အယုံအကြည်မဲ့လာကြသလို စစ်ကောင်စီ ရဲ့ ရဲစခန်း၊ တရားရုံးတွေရဲ့ လာဘ်စားမှုကလည်း မကြုံဖူးလောက်အောင် မြင့်မားနေတာ ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားချိန် မြို့တွေက နေအိမ်တွေ ဆိုင်ခန်းတွေကို ဖောက်ယူကြတဲ့ အဖြစ်အပျက်တွေလည်း မြန်မာနိုင်ငံအနှံ့အပြား ဒေသတိုင်းလိုလိုမှာ ဖြစ်ပွားနေကျ အဖြစ်အပျက် သဖွယ်ဖြစ်လာနေပါတယ်။ ရခိုင်ပြည်နယ်၊ ရှမ်းမြောက်၊ ရှမ်းတောင် နဲ့ ကချင်ပြည်နယ် တို့လိုဒေသတွေမှာ ဖြစ်ပွားခဲ့တာ သတင်းဖော်ပြမှုတွေမှာ ကြားသိတွေ့မြင်ကြရတာ ဖြစ်ပါတယ်။
ခေတ်ပျက်ကာလအတွင်း အခွင့်ကောင်းယူကာ လုယက်၊ သတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ကြတဲ့ အခုလို တရားဥပဒေ မစိုးမိုးမှုကို လူထုအနေနဲ့ ဘယ်လို ကာကွယ်နိုင်ကြမလဲ၊ သက်ဆိုင်တဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း ဘယ်လို ကြပ်မတ်အရေးယူနိုင်ကြမလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ စစ်ရေးအရ အောင်မြင်ဖို့ အာရုံစိုက်နေရစဥ် လူထုရဲ့ ဘဝတွေ လုံခြုံဖို့ အတွက် လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ သော်လည်းကောင်း တခြားသော အရပ်ဖက် အဖွဲ့အစည်တွေ လူထုအကြား အချင်းချင်းကူညီရိုင်းပင်း စောင့်ရှောက်မှုတွေ ထွက်ပေါ်လာဖို့ စဥ်းစား လုပ်ဆောင်သင့်တယ်လို့လည်း ထင်မြင်မိပါတယ်။ တော်လှန်ရေးကာလမို့လို့ အခုလိုအရေးကိစ္စတွေ အရေးမထားနိုင်ဘူးဆိုတဲ့ ဆင်ခြေ စောဒကလည်း ရှိကောင်းရှိနိုင်ပါတယ်။ သို့ပေမဲ့ တော်လှန်ရေးကာလက ဘယ်လောက်ရှည်ကြာမလဲဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်တဲ့ အခြေအနေမှာ လူထုရဲ့ စိုးရိမ်မှု၊ အကာအကွယ်မဲ့နေတဲ့ အနေအထားကိုလည်း လေးလေးနက်နက် စဥ်းစားပြီး တစုံတရာ လုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်နေတဲ့ သ ဘောလည်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar