Gas Terminal ဟု ခေါ်သည့် ဓာတ်ငွေ့ သိုလှောင်၊ ပြုပြင်၊ ဖြန့်ဖြူးမည့်နေရာတစ်ခု ပူးပေါင်းတည်ဆောက်ရန် စစ်ကောင်စီက နေပြည်တော်၊ ရခိုင်ပြည်နယ်တို့တွင် လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီတစ်ခုကို ချဉ်းကပ်နေသည်။
တည်ဆောက်ရန်အတွက် တရုတ်အစိုးရ၏ အရှေ့တောင်အာရှ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (South-East Asia Crude Oil Pipeline/Gas Pipeline) နှင့် ဒီဇင်ဘာ ၂၃ ရက်တွင် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ နောက်တစ်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
မည့်သည့်နေရာတွင် တည်ဆောက်လိုကြောင်း သတင်းတွင် ဖော်ပြမထားပေ။
ထို LNG စီမံကိန်းသည် ရခိုင်ကမ်းလွန်မှ မဟာသဘာ၀ဓာတ်ငွေ့ လုပ်ကွက်တွင် အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာနနှင့် နီးစပ်သော Myanmar Now သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မဟာသဘာဝဓာတ်ငွေ့လုပ်ကွက်သည် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေသော ရွှေသဘာ၀ဓာတ်ငွေ့ စီမံကိန်းမှ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိပြီး တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအစပြုရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီးတွင် ရှိသည့် လုပ်ကွက်ဖြစ်သည်။
တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၃၈ သန်း ထွက်ရှိမည့် ထိုလုပ်ကွက်ကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် တွေ့ရှိခဲ့ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး လေ့လာဆန်းစစ်များကို ဆက်လက်လုပ် ဆောင်သွားမည်ဟု ထိုလုပ်ကွက်ကို ဦးဆောင်လုပ်ကိုင်နေသော တောင်ကိုရီးယားကုမ္ပဏီ Posco International က ထိုအချိန်က ထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မဟာလုပ်ကွက်နှင့်ပတ်သက်ပြီး Posco ကုမ္ပဏီဘက်က ထပ်မံထုတ် ပြန်ထားခြင်းမရှိသေးပေ။
နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်တွင် အထက်ပါ တရုတ်ကုမ္ပဏီ၏ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွပ်ကဲရေးရုံး ရှိကြောင်း ၂၀၂၁ ဇန်နဝါရီလ အစိုးရ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ကုမ္ပဏီက ရေနံ၊ ဓာတ်ငွေ့တို့ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ ပိုက်လိုင်းများဖြင့် ပို့ဆောင် ပေးနေသည်ဟု ဆိုသည်။
အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီသည် ၂၀၁၃ ခုနှစ်မှစ၍ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို နေ့စဉ် ကုဗပေသန်း ၅၀၀ ခန့်ကို လည်းကောင်း၊ အရှေ့တောင် အာရှရေနံစိမ်းပိုက်လိုင်းကုမ္ပဏီသည် ၂၀၁၈ ခုနှစ် မှစ၍ ပြည်ပမှ တင်သွင်းသည့် ရေနံစိမ်းအား တစ်ရက်လျှင်ပျမ်းမျှ ကုဗမီတာ ၃၅၀၀ ခန့်ကိုလည်းကောင်း တရုတ်သို့ ပို့နေသည်ဟု သတင်းက ဆိုသည်။
ဓာတ်ငွေ့ကို အရည်အဖြစ် ပြောင်းလဲပြီး သင်္ဘောနှင့် တင်ပို့ရန်၊ သင်္ဘောနှင့် သယ်လာသော ဓာတ်ငွေ့ အရည်ကို ဓာတ်ငွေ့အဖြစ် ပြောင်းလဲပြီး ယာယီ သိုလှောင်ထားရန် စသည့် ရည်ရွယ်ချက်တစ်ခုခု အတွက် Terminal ကို တည်ဆောက် အသုံးပြုကြသည်။
Terminal တည်ဆောက်ရေး ဆိုသည်မှာ စစ်ကောင်စီ ကမ်းလှမ်းထားသည့် အဆင့်သာ ရှိလိမ့်မည်ဟု အထက်ပါ သတင်းရင်းမြစ်က ယူဆသည်။
“အဲဒီ LNG Terminal က ကျောက်ဖြူမှာ လုပ်ဖြစ်ဖို့ ပိုများတယ်။ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်များ တာရော၊ ရခိုင်ကတိုက်ပွဲတွေကြောင့် တရုတ်ဘက်က စိတ်ဝင်စားမှုသိပ်မရှိဘူး” ဟု သူက ပြောသည်။
“သဘာဝဓာတ်ငွေ့ကနေ LNG ပြောင်းတဲ့ နည်းပညာ အပါ စီမံကိန်းကုန်ကျစရိတ်က အနည်းဆုံး ဒေါ်လာ ဘီလီယံ ၂ ခန့် ရင်းနှီးမြှုပ်နှံရမှာ” ဟု သူက ဆိုသည်။
ထို့ပြင် မဟာလုပ်ကွက်သည် အခြားသော မြန်မာ့ကမ်းလွန်သဘာ၀ဓာတ်ငွေ့လုပ်ကွက်များကဲ့သို့ ဓာတ်ငွေ့ စီးပွားဖြစ်ထုတ်ယူနိုင်သည့် ပမာဏ မရှိ၍ ပြည်တွင်းလျှပ်စစ်ထုတ်လုပ်ရေးတွင် အသုံးပြုနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သူက ဆိုသည်။
မဟာ သဘာ၀ဓာတ်ငွေ့လုပ်ကွက်ကိုလည်း ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက် လုပ်ကိုင်နေသည့် တောင် ကိုရီးယားကုမ္ပဏီ POSCO, အိန္ဒိယကုမ္ပဏီ ONGC နှင့် GAIL, မြန်မာ ဘက်က MOGE တို့က လုပ်ကိုင်နေခြင်းဖြစ်သည်။
စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာန ဦးကိုကိုလွင်သည် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ ရောက်ရှိခဲ့စဉ် တရုတ်အမျိုးသား ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌကို ထိုစီမံကိန်းအကြောင်း ဆွေးနွေးပြောဆိုခဲ့သေးသည်။
စစ်ကောင်စီလက်ထက် စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲလာမှုများကြောင့် ရန်ကုန်မြို့အနီးတွင် ပြည်ပမှ တင်သွင်းလာသော သဘာဝဓာတ်ငွေ့အရည်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စီမံကိန်း (LNG to Power) ကို လုပ်ကိုင်ခဲ့သော ဟောင်ကောင် V Power ကုမ္ပဏီ၏ LNG တင်ဆောင်သည့် သင်္ဘောကြီးသည်ပင် ၂၀၂၂ ခုနှစ်တွင် လုပ်ငန်းများရပ်နားကာ ပြန်လည်ထွက်ခွာခဲ့ရသည်။
မြန်မာ့လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများတွင် နှစ်အတန်ကြာ လုပ်ကိုင်ခဲ့သော V Power ကုမ္ပဏီသည် စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံးငွေ လျော့နည်းလာပြီး ပြည်ပကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲလာသည့်အတွက် ၎င်း၏လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို ရပ်နားခဲ့သည်။
လတ်တလောတွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်ပင် လျှပ်စစ် တစ်နေ့လျှင် ၄ နာရီခန့်သာရရှိသည်ဟု ဒေသခံများက ဆိုသည်။