ylliX - Online Advertising Network

ကောင်းဇေလူ – မြန်မာစစ်တပ် စစ်ရာဇ၀တ်မှုများ ကျူးလွန်နိုင်စေရန် တရုတ်နိုင်ငံက ပူးပေါင်းကူညီနေပြီလား


(မိုးမခ) ဒီဇင်ဘာ ၂၈ ၊ ၂၀၂၄

 

၂၀၂၄ ခုနှစ် ကုန်ဆုံးတော့မည်။ ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်ဆိုလျှင် မြန်မာနိုင်ငံ ပြည်သူလူထု အနေဖြင့် လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေးနှင့် အခြေခံလူ့အခင့်အရေးများဆုံးရှုံးခဲ့ရသည်မှာ ၄ နှစ်ပြည့်ပေတော့မည်။ ၂၀၁၄ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် သေဆုံး ဒဏ်ရာ အနာတရဖြစ်ရသည့် ကလေးအရေအတွက် အနည်းဆုံး ၆၅ဝ ရှိကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်ရာအနက် ကလေး သုံးယောက်နှုန်းဖြစ်သည်ဟု ဆိုသည်။ အသက် ငါးနှစ်အောက် ကလေးငယ် သေဆုံးနှုန်းမှာ တစ်ရာတွင် လေးယောက်နှုန်း ရှိနေ၍  အရှေ့တောင်အာရှ၌ အမြင့်မားဆုံးဖြစ်ကြောင်း UNICEF အဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံတဝန်းမှာ လတ်တလော အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူ ၃ သန်းခွဲရှိနေပြီး၊ ယင်းတို့အနက် (၄၀) ရာခိုင်နှုန်းဖြစ်သည့် ၁၃ သိန်းခန့်သည် ကလေးသူငယ်များ ဖြစ်သည်ဟုကုလသမဂ္ဂကလေး များရန်ပုံငွေအဖွဲ့ UNICEF ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တက် ချိုင်းဘန်း (Ted Chaiban) က ပြောသည်။ စစ်တပ်အာဏာသိမ်းချိန်မှအစပြဒ၍ ၂၀၂၄ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ ပယောဂကြောင့် နိုင်ငံတစ်ဝန်းသေဆုံးရသော ကလေး ၆၇၁ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၁ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၃၆ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၂၀၈ ဦး၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်အထိ ၂၃၀ နီးပါး ရှိပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်အထိ မြန်မာ့ပြည်တွင်းရေး မငြိမ်မသက်ဖြစ်နေရခြင်း၏ အဓိက တရားခံမှာ အကြမ်းဖက်စစ်ကောင်စီဖြစ်သော်လည်း အခြေအနေကို ဆိုးသည်ထက်ဆိုးအောင် မီးလောင်ရာ လေပင့်လုပ်နေသူမှာ တရုတ်ကွန်မြူနစ် အာဏာရှင်စနစ်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်မှု၊ စစ်ဖြစ်နေမှုများကို ဆန့်ကျင်ပြီး ပြည်ပအင်အားစုများက မြန်မာနိုင်ငံပြည်တွင်းရေး၌ ဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်သည်ဟု ခဲ့ဖူးသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိသော ချစ်ကြည်ရေးမူဝါဒသည် “ပြည်သူတစ်ရပ်လုံးကို မျက်နှာမူသည်” ဟု ဆိုသည်။ သို့သေ် လက်တွေ့၌ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်၊ စစ်ရေးပစ်မှတ်မဟုတ်သော ကျေးရွာများကို  ဗုံးကြဲ မီးရှို့စသဖြင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေသည့် မင်းအောင်လှိုင်ဘက်ကို မျက်နှာမူနေကြောင်း တွေ့ရသည်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများအား အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် တရုတ်က တိုက်တွန်းနေပသာ်လည်း၊ စစ်ရာဇ၀တ်မှုများ အဆက်မပြတ် ကျူးလွန်နေသည့် မင်းအောင်လှိုင်တပ်များကိုမူ  အကြမ်းဖက်လူသတ်မီးရှိုနေမှုများ ရပ်တန့်ရန် ပြောဆိုမှု လုံးဝ မလုပ်ကြောင်းတွေ့ရသည်။

တရုတ်နိုင်ငံ၏ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုများက ကုလသမဂ္ဂပဋိညာဥ်စာတမ်းအပါအဝင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး ဆိုသည့် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒကိုပါ တရုတ်ခေါင်းဆောင်များက မျက်ကွယ်ပြု၍ ချိုးဖောက်နေပုံကို ထောက်ပြဝေဖန်သော ကြေညာချက်မျိုး ထုတ်ပြန်သင့်ပြီ ဖြစ်သည်။ မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်အပေါ် တရုတ်နိုင်ငံအနေဖြင့် ဩဇာလွှမ်းမိုး ချုပ်ကိုင်နေခြင်းကို တော်လှန်ရေးအင်အားစုများအနေဖြင့် လက်ခံနီုင်မည် မဟုတ်ပေ။   အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံက မြန်မာ ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုပြီး မြန်မာပြည်သူများကို သတ်ဖြတ်နှိပ်စက်နေသော စစ်ကောင်စီကို ပြောင်ပြောင် တင်းတင်း ထောက်ခံလျက် မြန်မာ့အရေး ဝင်ရောက်စွက်ဖက်လာမှုအပေါ် တိုင်းရင်းသားပေါင်းစုံပါဝင်သော တော်လှန်ရေးအင်အားစုများအကြား တိကျပြတ်သားစွာ ဆန့်ကျင်သော မူဝါဒဖြင့် တရားဝင် တုန့်ပြန်ချက်မျိုး စုပေါင်း ထုတ်ပြန်သင့်ပြီ ဖြစ်သည်။

တရုတ်အစိုးရ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) အပေါ်  ကောင်းကျိုးခိုင်လုံမှုမရှိသော စွပ်စွဲချက်ဖြင့် ဆန့်ကျင် ရပ်တည်နေသည်။ ထိုမျှမက  စစ်ကောင်စီကို ထောက်ခံအားပေးကူညီသည့် ရပ်တည်ချက်လည်း ဗြောင်ကျကျ ဖေါ်ပြ ခဲ့သည်။ တရုတ်ခေါင်းဆောင်များသည် မြန်မာ့ နိုင်ငံရေး အခြေအနေကို လက်တွေ့ကျကျ သုံးသပ်နိုင်ခြင်း မရှိဘဲ၊ သယံဇာတလောဘကြောင့် စစ်ကောင်စီဘက်မှ ရပ်တည်မှုပြသခဲ့သည်။  မြန်မာပြည်သူ အများစု၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒသဘောထားကို မှန်မှန်ကန်ကန် သုံးသပ် လက်ခံနားလည်နိုင်ခြင်းမရှိကြောင်း တွေ့ရသည်။ တရုတ်လွှမ်းမိုးမှု ဆန့်ကျင်ရေးနှင့် တရုတ် အကျိုးစီးပွားကို ခြိမ်းခြောက်နေသူများမှာ အကြမ်းဖက် စစ်ခေါင်းဆောင်များသာ ဖြစ်သည်ကို တရုတ်ခေါင်းဆောင်များ မသိမမြင်နိုင်ဘဲ ဖြစ်နေသည်။ ဤသို့ တရုတ်ခေါင်းဆောင်များ နိုင်ငံရေးအမြင် ညံ့ဖျင်းရသည်မှာ ကိုယ်ကျိုးစီးပွားကာကွယ်လိုသော သဘောလွန်ကဲလွန်း၍ ဖြစ်ပေသည်။

ထို့အတူ တရုတ်၏ဖိအားများကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့ပြီး၊ ယနေ့အထိ စစ်ရေးအောင်ပွဲအလီလီ ရရှိနေသော ညီနောင်မဟာမိတ် ၃ဖွဲ့ (ကိုးကန့် MNDAA ၊ တအာင်း TNLA နှင့် အာရက္ခ တပ်တော် AA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့၏ နိုင်ငံမြောက်ပိုင်း စစ်ဆင်ရေးကြီးများ တရုတ်၏ဖိအားကြောင့် လုံးဝ ရပ်တန့်သွားတော့မည်လားဟု စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ဆန္ဒပြင်းပြနေသော မြန်မာပြည်သူများကို စိုးရိမ်မှု မြင့်မားလာစေခဲ့သည်။

တရုတ်၏ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒအရ မြန်မာ အကြမ်းဖက်စစ်တပ်ကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်၌ ဆက်ရှိနေစေရန် လိုလားကြောင်း ပေါ်လွင်နေသည် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်ကို ဆွဲချပြီး မြန်မာနိုင်ငံကို ၂၀၀၈ စစ်တပ်ဖွဲ့စည်းပုံအောက် ပြန်ပို့လိုခြင်းမှာ တရုတ်၏ လတ်တလော မြန်မာ့အရေးဆိုင်ရာ သဘောထား ဖြစ်သည်။ အာဆီယံအဖွဲ့အတွင်း တရုတ်သြဇာမကင်းသည့် အဖွဲ့ဝင်နိုင်ငံအချို့ ပါ၀င်နေသောကြောင့် အာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီကို ဆက်လက်  ပါဝင်ခွင့် ရစေရန် ကြိုးပမ်းမှုသည် တရုတ်နိုင့်ငံ၏ နိုင်ငံရေးလုပ်ကြံမှု ဖြစ်သည်။  

မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် မြန်မာပြည်သူများကို လုံးဝကိုယ်စားပြုခွင့် မရှိဆိုသည့် အချက်ကို တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အနေဖြင့် လက်ခံရန်လိုသည်။ အာဆီယံအဖွဲ့အနေဖြင့် မြန်မာပြည်သူလူထု၏ သဘောထားအမှန်ကို သိရှိရန် ကြိုးစားသင့်သည်။ အမှန်တကယ် မြန်မာပြည်သူတို့၏ ကိုယ်စားလှယ်များနှင့် တရားဝင် ထိတွေ့ဆက်ဆံချိန်ရောက်ပြီဟု သတိပေးလိုသည်။ ဂျန်ဇီးလူငယ်မျိုးဆက်သစ်များ ဦးဆောင်သည့် နွေဦးတော်လှန်ရေးသန္နိဋ္ဌာန်အရ မြန်မာ တိုင်းရင်းသားပြည်သူ လူထုသည် တရုတ်နှင့် မြန်မာစစ်ကောင်စီတို့ ပူးပေါင်း  ကြံစည်နေသည့်  ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲအစီအစဉ်ကို လုံး၀လက်ခံလိမ့်မည် မဟုတ်ပေ။   ထိုအတုအယောင် ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံတွင် သွေးချောင်းစီးမှုများ ဆက်လက်ဖြစ်လာမယ့်အရေးကို တရုတ်နှင့် အာဆီယံနိုင်ငံများ လျစ်လျူမပြုသင့်ပေ။

လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဆက်လက်ဆန့်ကျင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်ကို RFA သတင်း၌ တွေ့ရသည်။

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး စစ်တပ်အာဏာ ဆက်လက် ရှင်သန်ရေးအတွက်လုပ်မည့် ရွေးကောက်ပွဲဖြစ်သည်ဟု ထောက်ပြထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီးဖြစ်သောကြောင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် နိုင်ငံကိုယ်စားပြုမှု လုံးဝ မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဤအတောအတွင်း ဒီဇင်ဘာလ ၂၂ ရက်နေ့က အာရက္ခတပ်တော် (AA) နှင့်အတူ မြန်မာပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေး၊ စစ်အာဏာရှင် အဆုံးသတ်ရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက  “AA” ထံသို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြထားသည်။ စစ်ကောင်စီတပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ခြင်းသည် အာရက္ခ ပြည်သူများ၏ အောင်ပွဲဖြစ်ရုံသာမက နိုင်ငံတစ်ဝန်း တော်လှန်တိုက်ပွဲဝင်နေသူများကို တော်လှန်ရေးစိတ်ဓာတ် ခွန်အားအမြင့်ဆုံး ရောက်ရှိစေကြောင်း ယာယီသမ္မတက သဝဏ်လွှာတွင် ဖော်ပြထားသည်။ အာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှု၊ ရဲဘော်များ၏ ပေးဆပ်စွန့်လွှတ်မှုများနှင့် အာရက္ခ ပြည်သူများ၏ ကြံ့ကြံ့ခံနိုင်မှု၊ စည်းလုံးညီညွတ်မှုများကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ ယခုနှစ်အတွင်း စစ်ကောင်စီတပ်၏ တိုင်းစစ်ဌာနချုပ်ကြီး နှစ်ခုကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခြင်းသည် စစ်ကောင်စီ မကြာမီ နိဂုံးချုပ်တော့မည်ကို ညွှန်ပြနေသည်ဟု ယာယီသမ္မတက ဆိုသည်။

တချိန်တည်းတွင် ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်က စိန်မေရီ ကာသီဒြယ် ဘုရားကျောင်းမှာ ဒီဇင်ဘာ ၂၂ ရက်နေ့က ကျင်းပတဲ့ ခရစ္စမတ် ကျေးဇူးတော်ချီးမွမ်းပွဲ၌ “လူ့အဖွဲ့အစည်းအတွင်းမှာ ကြုံတွေ့လာရတဲ့ ပြဿနာတွေကို ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းကသာ အောင်မြင်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကို အားလုံးက ဆန့်ကျင်ဖို့လိုကြောင်း” စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပုံမှာ အလွန်ပြောင်မြောက်သော ပြက်လုံးဟု ဆိုရပေလိမ့်မည်။ လက်နက်ဖြင့် အာဏာသိမ်းရုံမက မိမိပြည်သူလူထုနှင့်တကွ ရပ်ရွာများကို လေကြောင်းစစ်ဆင် တိုက်ခိုက်နေသူက လက်နက်ကိုင်လမ်းစဉ်ဆန့်ကျင်သည်ဟု ပြောဆိုချက်မှာ အပြောနှင့်အလုပ် ပြောင်းပြန်ဖြစ်နေသည်ကို ပြည်သူအများ သိပြီဖြစ်ပေသည်။ စစ်ခေါင်းဆောင်က တွေ့ဆုံဆွေးနွေးဖို့ ပြောနေသော်လည်း တဖက်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲဖြစ်ခြင်း မရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် ကျူးလွန်နေဆဲရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းများ၏ တိုက်ခိုက်မှုကြောင့် အရပ်သူအရပ်သား သေဆုံးမှု ခြောက်ထောင်ကျော်ရှိနေပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က ခရစ်ယာန်ဘုရားကျောင်း တစ်ရာခန့် အပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အအုံ သုံးရာကျော်ကို ဖျက်ဆီးခဲ့သည်ဟု (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ဒီဇင်ဘာလ ၂၄ ရက်နေ့ က ထုတ်ပြန်သည့် ပြည်သူနှင့် နိုင်ငံတကာသို့ သတင်းစကားပြောခြင်း အစီအစဥ်၌ ထည့်သွင်းပြောကြားခဲ့သည်။ စစ်ကောင်စီကြောင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ပေါင်း ၂၇၀ ခန့် သေဆုံး၊ ဒဏ်ရာရခဲ့ပြီး ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ပေါင်း နှစ်ရာကျော် ဖမ်းဆီးခံထားရသည်ဟုလည်း ဆိုသည်။

စစ်တပ် အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ဖမ်းဆီး၊ နှိပ်စက်၊ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် သေဆုံးရသူ အရပ်သား ခြောက်ထောင်ရှိသွားပြီဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ဒီဇင်ဘာလ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ ၁၂ ဦးက “နိုင်ငံတကာအနေနဲ့ မြန်မာ့အရေး တုံ့ပြန်ဆောင်ရွက်တဲ့ပုံစံတွေ ပြောင်းလဲသင့်ပြီ” ဟု တိုက်တွန်းကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) က သတင်းထုတ်ပြန်ခဲ့သည်ဟု RFA သတင်းအရ သိရသည်။

အဆိုပါ သေဆုံးမှု အရေအတွက်သည် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်  မြန်မာပြည်သူများအပေါ်  တာ၀န်ပျက်ကွက်မှုကို သတိပေးချက်တွေ ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် မြန်မာနိုင်ငံအရေးကို ကမ္ဘာတစ်ဝန်းက အာရုံစိုက်လာအောင် စတင်လုပ်ဆောင်ပြီး ပြောင်းလဲကြရန်လည်း လူ့အခွင့်အရေးကျွမ်းကျင်သူများက တိုက်တွန်းထားသည်။ ကုလသမဂ္ဂအနေဖြင့် နိုင်ငံတကာ၏ လက်ရှိ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုသော်လည်း မြန်မာပြည်သူများကို ပံ့ပိုးကူညီရာ၌ ညှိနှိုင်းဆောင်ရွက်မှု၊ အာရုံစိုက်မှု အားနည်းနေသေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အရပ်သားများကိုကို တိုက်ခိုက်နေသော လက်နက်များ စစ်ကောင်စီလက်ထဲ မရောက်ရေးအတွက် နိုင်ငံတကာက တားဆီးနိုင်စွမ်းမရှိသေးဟု ဆိုသည်။ ကုလသမဂ္ဂက လက်ခံရရှိသော အစီရင်ခံစာများအရ စစ်ကောင်စီက ဖမ်းဆီးထားချိန် လူ နှစ်ထောင်နီးပါး သေဆုံးခဲ့ရကြောင်း၊ ယင်းတို့အနက် ၃၆၅ ယောက်က ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရကြောင်း၊ ၂၁၅ ယောက်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ရေးသားထားသည်။ စစ်ကောင်စီသည် ဝေဖန်သူများကို နှုတ်ပိတ်ရန်အတွက် မတရားဖမ်းဆီးထိန်းသိမ်းခြင်း၊ တိတ်တ‌ဆိတ် လက်စဖျောက်ပစ်ခြင်းများ ဆက်လုပ်နေသဖြင့် စိုးရိမ်သည်ဟု ဆိုသည်။ အာဏာသိမ်းပြီးနောက် လက်ရှိ ထောင်ထဲ၌ ဖမ်းဆီးခံထားရသူ ၂၁ဝဝဝ ရှိနေပြီး သူတို့ ဘယ်ရောက်နေသည်ဆိုခြင်းကို မိသားစုနှင့် ရှေ့နေများ မသိရဘဲ ဖြစ်နေသည်ဟု ဖော်ပြထားသည်။

တို့အပြင် အရေးကြီးသည့် အချက်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံမျာအနေဖြင့် စစ်ကောင်စီ၏ တရားဝင်အစိုးရဖြစ်ရေး ကြိုးပမ်းနေခြင်းအပေါ်  ဆန့်ကျင်ကြရန်နှင့် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လူသိရှင်ကြား ကန့်ကွက်ကြရန်လည်း တောင်းဆိုထားသည်။ နိုင်ငံတကာက ထိထိရောက်ရောက် မဆောင်ရွက်သဖြင့် မြန်မာပြည်သူများ အသက်ဆုံးရှုံးနေရခြင်းသည် မဖြစ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားကြောင်း  RFA Burmese ၌ တွေ့ရသည်။

ဤကဲ့သို့ မြန်မာ့အရေး သောင်မတင်ရေမကျ ဖြစ်နေရသည်မှာ အကြမ်းဖက် စစ်ခေါင်းဆောင်၏ သွေးစွန်းနေသော လက်ကို ကိုင်ဆွဲ နှုတ်ဆက်၍ တရုတ်နိုင်ငံက စစ်တပ်၏ အကြမ်းဖက်မှု စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေမှုကို အားပေးထောက်ခံနေ၍ ဖြစ်သည်။ တရုတ်သည် စကားအရ မြန်မာ့ပြည်တွင်းရေးကို မစွက်ဖက်ပါဟု ပြော နေသော်လည်း လက်တွေ့မြေပြင်ပေါ် တွင် ‌လက်ရဲဇက်ရဲ ၀င်ရောက်စွက်ဖက်နေကြောင်း ယခုအခါ သိသာထင်ရှားနေပြီဖြစ်သည်။ တရုတ်စွက်ဖက်မှုကြောင့် မြန်မာ့ရှေ့ရေးမှာ ရင်လေးဖွယ်ရာ ဖြစ်နေသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) ၏ အဆိုအရ မြန်မာနိုင်ငံတွင် စုစုပေါင်း လူဦးရေ ၅၅.၈ သန်းအနက် ၇၅ ရာခိုင်နှုန်းဖြစ်သည့် ၄၂ သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရကြောင်း ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံ စာ၌ ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုအကူအညီလိုအပ်သူ သန်းနှစ်ဆယ်နီးပါး ရှိလာနိုင်သည်ဟုလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားကြောင်းတွေ့ရသည်။

ဤသို့သော အခြေအနေဆိုးများကို ကျော်လွှားနိုင်ရန် PDFs အဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေး EAOs အဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)အစရှိသော နွေဦးတော်လှန်ရေးအင်အားစုများအနေဖြင့် မူလ ရည်မှန်းချက်မှ လမ်းကြောင်း သွေဖည်သွားခြင်း မဖြစ်ဖို့ လိုပါသည်။  ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အခွင့်သာခိုက်မှာ အပြီးအပြတ် ချေမှုန်းရန် ပျက်ကွက်ခဲ့ပါက လွတ်လပ်ရေး မျှော်မှန်းချက် မှေးမှိန်သွားနိုင်သည်။ ဖက်ဆစ်စစ်အာဏာရှင်စနစ် မကျရှုံးသမျှ တိုင်းရင်းသားပြည်သူအားလုံး၏ ဘ၀များ လွတ်မြောက်နိုင်ဖွယ် မရှိဆိုသည့် အချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားသင့်သည်။

တရုတ်ကွန်မြူနစ်အစိုးရသည် ၎င်းတို့၏ဖိအားကို မခံနိုင်၍  တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့များ၊  PDFs အဖွဲ့များ၊ အချိန်တိုအတွင်း တရုတ်အလိုကျ လိုက်ပါဆောင်ရွက်လာလိမ့်မည်ဟု မျှော်လင့်ထားပုံရသည်။ သို့သော် KIO ၏ အတွေ့အကြုံအရ နိုင်ငံရေး ဂုဏ်သိက္ခာရှိရှိ တရုတ်ကို ဆက်ဆံနိုင်လျှင် အခြေအနေကောင်းတရပ်ကို ဖန်တီးနိုင်ကြောင်း မြင်နိုင်သည်။ ဖြစ်သင့်သည်မှာ တရုတ်အစိုးရ၏ ဖိအားကို တော်လှန်ရေးအင်အားစုများအနေဖြင့် တစ်ဖွဲ့ချင်း ရင်ဆိုင်ခြင်းမျိုး မပြုဘဲ၊ တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ညီညွတ်ရေး အခြေခံ၍ ရင်ဆိုင်သင့်သည်။ သို့မှသာ တရုတ်ဖိအားကို ချောမွေ့စွာ ကျော်လွှားနိုင်မည်။ တရုတ်၏ အင်အားဖြင့် အနိုင်ကျင့်ဗိုလ်ကျမှုကို ရဲရဲရင်ဆိုင်ခြင်းဖြင့် တရုတ်ကွန်မြူနစ် ခေါင်းဆောင်များအား ပြန်လည် ပညာပေးအပ်နိုင်မည် ဖြစ်သည်။

လက်ရှိ မြန်မာ့အရေးတွင် မြန်မာပြည်သူတို့၏ လိုလားချက်ကို တရုတ်အစိုးရက ကျောခိုင်းထား ပစ်ပယ်ထားသည်။ အကြမ်းဖက်စစ်တပ်ကို တိုက်လေယာဉ်များ၊ ဒရုန်းများ အပါအ၀င် စစ်လက်နက်ခဲယမ်းများ ထောက်ပံ့နေသည်ကို မြန်မာလူထုက စိတ်ပျက် ရွံရှာနေကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င် ဗီတိုအာဏာပိုင်ဖြစ်သည့် တရုတ်နိုင်ငံ၏ စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများကြောင့် လက်ရှိ မင်းအောင်လှိုင်အနေဖြင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေနိုင်ခြင်း ဖြစ်သည်။  အရပ်သားပြည်သူ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လုပ်ခြင်းသည် စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်း ဖြစ်သည်။ တရုတ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င် နိုင်ငံကြီးဖြစ်ပါလျှက် အကြမ်းဖက် စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေးအရ တက်တက်ကြွကြွ ကူညီနေခြင်းသည် စစ်ရာဇ၀တ်မှုများကို ပူးပေါင်း ကျူးလွန်နေခြင်း ဖြစ်သည်။  ယင်းအချက်ကို နိုင်ငံတကာ မျက်နှာစာတွင် နည်းလမ်းမျိုးစုံဖြင့် ဖော်ထုတ်ဖွင့်ချရန်လည်လိုပေသည်။

တရုတ်အစိုးရ၏ မီးစတဖက် ရေမှုတ်တဖက် မူဝါဒဖြင့် မြန်မာပြည်တွင်းရေးတွင် ကောက်ကျစ်စွာ ဗြောင်ကျကျ ၀င်ရောက်စွက်ဖက်နေခြင်းကို ကျွဲကူရေပါ ဆန့်ကျင်တိုက်ဖျက်ရန် လိုအပ်လာသည်။ အရပ်ထဲက သာမန်ပြည်သူတွေ ပြောလေ့ရှိသည့် လေသံဖြင့် ပြောရရင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်  ဆက်ဆံပုံက ဗိုလ်ကျ စီးပိုးလွန်းသည်။ လူဝါး၀လွန်းသည်ဟု ပြောရတော့မည်။ မြန်မာနိုင်ငံနှင့် ရေရှည်ဆက်ဆံရေး မပျက်ချင်လိုပါက တရုတ်အစိုးရအနေဖြင့် မြန်မာပြည်သူလူထုကို မစော်ကားဖို့ အကြံပေးလိုသည်။  စစ်ကောင်စီက ကြံစည်နေသည့် အတုအယောင် ရွေးကောက်ပွဲကို လက်ရှောင်ရန်လည်း အကြံပြုလိုသည်။ တရုတ်အနေဖြင့် နွေဦးတော်လှန်ရေးကို မကူညီလျှင် နေပါ၊ မနှောင့်ယှက်ပါနှင့်ဟု နှိုးဆော်လိုက်ပါသည်။။။

Reference – Radio Free Asia (Burmese)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *