ylliX - Online Advertising Network

၂၀၂၄ ခုနှစ် တနှစ်တာ ဖြစ်ရပ်များ (၁)


မိုးမခ၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၄

၂၀၂၄ ခုနှစ် တနှစ်တာ ဖြစ်ရပ်များ (၁) 

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ ဟာ မြန်မာနိုင်ငံအဖို့ ဒုက္ခတွင်းထဲ သက်ဆင်းဖို့ စတင်အကြောင်းဖန်တဲ့ နေ့လို့ ဆိုရင်မှားမယ်မထင်ပါ။ အဲဒီနေ့ အဲဒီနှစ်က စတင်ပြီး မြန်မာနိုင်ငံရဲ့ ကံကြမ္မာက အဆိုးရွားဆုံးလို့ ဆိုရမယ့် အဖြစ်အပျက်တွေ တနှစ်ပြီး တနှစ် ဖြစ်ပွားလာတာပါ။ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းစွာဆန္ဒပြမှုတွေက ရိုက်နှက်ဖမ်းဆီးမှု ကျည်အစစ်နဲ့ ပစ်ခတ်နှိမ်နှင်းမှုတွေနဲ့ အဆုံးသတ်ပြီး လက်နက်ကိုင် ခုခံတိုက်ခိုက်ဖို့ လမ်းကြောင်းဆီ တွန်းပို့ခဲ့တဲ့ အနေအထားကြောင့် ၂၀၂၁ ခုနှစ် နှစ်လယ်မတိုင်ခင် မေလဝန်းကျင်က စလို့ လက်နက်ကိုင် ခုခံတိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ပြီး ယခုနှစ်တွေအထိ တဖြည်းဖြည်း အရှိန်မြင့်တက်လာခဲ့ပါတယ်။ 

ကုန်ခဲ့တဲ့ ၃ နှစ်တာ ကာလမှာ လက်နက်ကိုင် တိုက်ပွဲတွေ၊ ရပ်ရွာနေအိမ်တွေကို စွန့်ခွာတိမ်းရှောင်ရတာတွေ၊ သတ်ဖြတ်ခံရမှုတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာတွေနဲ့  နှိပ်စက်ညှင်းပန်းမှု၊ ငတ်မွတ်မှု နဲ့ ကျန်းမာရေး စောင့်ရှောက် ကုသမှု မရရှိတဲ့ အခြေအနေတွေ၊ များပြားလှတဲ့ ရာဇဝတ်မှုတွေ အကြား ပြည်သူလူထုက အသက်ရှင်သန်ဖို့ ကြိုးစားနေခဲ့ကြရတာ ဖြစ်ပါတယ်။ 

ကုန်လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် တနှစ်တာကို ပြန်လည် ငဲ့ကြည့်တဲ့အခါ ပြင်းထန်တဲ့ စစ်ပွဲတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေ သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးရတဲ့ လူထုတွေ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး သောင်းနဲ့ သိန်းနဲ့ချီတဲ့ မြို့နေလူထု တွေရဲ့ မြို့ကို စွန့်ခွာတိမ်းရှောင်ရခြင်းတွေ၊ ယမန်နှစ်ကုန်ပိုင်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ရဲ့ အဆက် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှု၊ မြို့သိမ်းယူခြင်းနဲ့ စစ်တိုင်းဌာနချုပ်တွေ ကို သိမ်းယူတဲ့အထိ စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲတွေ၊ အယ်နီညို အကျိုးသက်ရောက်မှုနဲ့ အပူဆုံး နှစ်တနှစ်အဖြစ် မှတ်တမ်းတင်ခံရတဲ့ ၂၀၂၄ ခုနှစ်မှာ ပူပြင်းတဲ့နွေရာသီ၊ အစွန်းရောက်တဲ့ ရာသီဥတု လက္ခဏာတွေနဲ့ သဘာဝဘေးအန္တရာယ်တွေ ကြောင့် လူ့အသက်ရာနဲ့ချီ သေဆုံးရမှုတွေ၊ စိုက်ပျိုးသီးနှံ ပျက်စီးဆုံးရှုံးမှုတွေ၊ စစ်ဘေးရှောင်စခန်းနဲ့ တောတောင်ထဲ တိမ်းရှောင်နေထိုင်ကြရတဲ့ ဖြစ်ရပ်တွေ၊ မြို့တွေ နယ်မြေတွေတခုလုံးကို ကုန်ပစ္စည်း၊ ရိက္ခာပိတ်ဆို့မှုတွေက ၂၀၂၄ ခုနှစ်ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။  

မြန်မာနိုင်ငံ မြေပုံအရ အထက်က စပြီး ဖေါ်ပြရရင် ကချင်ပြည်နယ်မှာ KIO/KIA လက်နက်ကိုင် အဖွဲ့အနေနဲ့ ၂၀၂၄ ခုနှစ် တနှစ်တာမှာ စစ်ရေးအရ အောင်မြင်မှုတွေ သိသာထင်ရှားစွာရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ ကျောက်စိမ်း သယံဇာတကြွယ်ဝတဲ့ ဖားကန့် ဒေသတဝိုက်ကို ထိန်းချုပ်နိုင်ခဲ့သလို၊ မြေရှားသတ္တု ထွက်ရှိရာ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်းဒေသတွေကိုလည်း စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် ထိန်းချုပ်မှုကနေ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်လို့ ကျောက်စိမ်းနဲ့ မြေရှားထွက်ရှိတဲ့ ဒေသတွေအားလုံးနီးပါး KIA လက်ထဲရောက်ရှိခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ကိုလည်း ယခုဒီဇင်ဘာလထဲမှာ စတင်တိုက်ခိုက်နေပြီး သိမ်းယူနိုင်ဖို့ အလားအလာရှိနေတဲ့ အနေအထားဖြစ်ပါတယ်။ ကချင်ပြည်နယ်နဲ့ တရုတ်နိင်ငံ နယ်စပ်က ကုန်သွယ်ရေးဂိတ်တွေ စခန်းတွေ အားလုံး KIA က သိမ်းယူထားပြီးဖြစ်လို့ ၂၀၂၄ ခုနှစ်ဟာ KIA အဖို့ စစ်ရေးအရ အောင်မြင်မှုတွေ ရခဲ့တဲ့ နှစ်လို့ဆိုနိုင်ပါတယ်။ 

ကချင်ပြည်နယ် ပြီးနောက်မှာ စစ်ကိုင်းတိုင်း ရဲ့ စစ်ရေး အခြေအနေက ကချင်၊ ရခိုင်နဲ့ ရှမ်းမြောက်ဒေသတွေလို နယ်မြေသိမ်းယူထိန်းချုပ်နိုင်မှုတွေ ကြီးကြီးမားမား မတွေ့ရပါဘူး။ ယခုနှစ်အတွင်း အချို့မြို့တွေသိမ်းယူဖို့ တိုက်ခိုက်ခဲ့ပေမယ့် ခေတ္တခဏသာ ထိန်းချုပ်နိုင်ပြီး ပြန်လည်လက်လွှတ်လိုက်ရတဲ့ အနေအထားလည်း တွေ့ရပါတယ်။ ဥပမာတခုက BRNA လက်နက်ကိုင် တပ်တွေ နိုဝင်ဘာလထဲမှာ ပုလဲမြို့ သိမ်းယူဖို့ ၄ ရက်ကြာပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးနောက် မြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့ အဖြစ်အပျက်၊ သြဂုတ်လထဲမှာ ဒီပဲယင်းမြို့ကို သိမ်းယူဖို့ ကြိုးစားခဲ့တဲ့ မြို့သိမ်းတိုက်ပွဲ တွေဖြစ်ပွားခဲ့ပါတယ်။ 

မန္တလေးတိုင်းထဲမှာတော့ မတ္တရာ၊ နောင်ချို သပိတ်ကျဥ်းတို့မှာ လှုပ်ရှားနေတဲ့ MDY-PDF လက်နက်ကိုင် အဖွဲ့အနေနဲ့ TNLA လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ ပူးပေါင်းပြီး သပိတ်ကျဥ်းမြို့ နဲ့ ယင်းမြို့နယ်ထဲက ကျေးရွာအတော်များများ သိမ်းယူနိုင်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ မန္တလေးမြို့ အရှေ့မြောက်ဘက် ဧရာဝတီမြစ် အနီးက ကျေးရွာတွေအထိ ထိုးဖောက်သိမ်းယူနိုင်ခဲ့ပေမယ့် နှစ်ကုန်ခါနီးမှာတော့ အချို့သော ကျေးရွာတွေ ပြန်လက်လွှတ်လိုက်ရတာလည်း တွေ့ကြရပါတယ်။ နောင်ချို၊ ကျောက်မဲ နဲ့ လားရှိုးမြို့ တွေ စစ်ကောင်စီ လက်လွှတ်ပြီးခါစ ကာလတွေမှာ ပြင်ဦးလွင်၊ မန္တလေးမြို့တွေအထိ မြို့သိမ်းတိုက်ပွဲတွေ ရောက်ရှိလာနိုင်တဲ့ အထိ ပြောဆိုမှုတွေပေါ်ထွက်ခဲ့ပေမယ့် ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ရပ်ဆိုင်းဖို့၊ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေ ပေါ်ထွက်လာတဲ့ နောက်ပိုင်း မန္တလေး ပြင်ဦးလွင်တို့ကို တိုက်ခိုက်သိမ်းယူမယ့် အလားအလာတွေ ပြန်လည်လျော့ကျသွားတာတွေ့ရမှာ ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် ထဲမှာ စစ်ရေးအောင်မြင်မှု အကြီးမားဆုံး ရခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က Arakan Army ပဲဖြစ်ပါတယ်။  ပြည်နယ်တခုလုံးနီးပါးကို ၁ နှစ်တာအတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၂၃ နိုဝင်ဘာလက စတင်တဲ့ ရခိုင်နယ်မြေတွေ သိမ်းယူဖို့ တိုက်ခိုက်မှုတွေဟာ တနှစ်အကြာမှာ ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေနဲ့ ဂွမြို့တွေသာ သိမ်းယူဖို့ ကျန်ရှိတော့တဲ့ အနေအထားထိ စစ်ရေးအရ အောင်မြင်မှုရခဲ့တာ တွေ့ရပါလိမ့်မယ်။ စစ်ကောင်စီကတော့ AA က စစ်ဆင်ရေးစတင်လိုက်ချိန်ကတည်းက ရခိုင်ပြည်နယ်ကို ဝင်ရောက်တဲ့ လမ်းကြောင်းတွေက ကုန်စည်သယ်ယူမှုတွေ ကန့်သတ်လိုက်သလို လေကြောင်းကလွဲပြီး အရပ်သွား ခရီးသွားလာမှုကိုပါ ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် အကုန်မှာ ရခိုင်ပြည်နယ် မြို့နယ် ၁၅ မြို့နယ်အနက် ၁၁ မြို့နယ် ကို သိမ်းယူပြီးဖြစ်ကာ ၂၀၂၅ မှာ ပိတ်ဆို့မှု၊ ကန့်သတ်မှုနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေအောက်မှာ AA အနေနဲ့  ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးကို ခက်ခက်ခဲခဲ လုပ်ဆောင်ရမယ့် အနေအထားလည်း ဖြစ်နေပါတယ်။ 

ရှမ်းမြောက်ဒေသကတော့ ၂၀၂၄ မှာ စိုးမိုးထိန်းချုပ်မှု အပြောင်းအလဲတွေ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တဲ့ ဒေသတခုလို့ဆိုရမှာ ဖြစ်ပါတယ်။ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့တွေကို ယခုနှစ်ထဲ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့နဲ့ အခြားသော လက်နက်ကိုင် အဖွဲ့တွေပူးပေါင်းပါဝင်ကာ သိမ်းယူနိုင်ခဲ့ပြီး တိုင်းစစ်ဌာနချုပ် ဖြစ်တဲ့ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့် လက်နက်ကိုင် အဖွဲ့က သြဂုတ်လဆန်းမှာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ လားရှိုးမြို့သိမ်း တိုက်ပွဲတွေ ဖြစ်ပွားချိန် သိန်းနဲ့ချီတဲ့ လားရှိုးမြို့ခံတွေ မြို့ကနေ ကားအစီးရာထောင်ချီ တန်းစီကာ ထွက်ခွာကြတဲ့ သတင်းဓါတ်ပုံ၊ ဗီဒီယိုတွေ လူမှုကွန်ရက် မီဒီယာတွေမှာ မြင်တွေ့ကြရပြီး ပြည်တွင်းစစ်ကာလအတွင်း မြို့တမြို့ထဲမှာ ပမာဏအများဆုံး စစ်ဘေးတိမ်းရှောင်မှုလို့ လည်း ဆိုနိုင်ပါလိမ့်မယ်။ မြို့သိမ်းတိုက်ပွဲတွေအတွင်း ပစ်ခတ်ကြတဲ့ လက်နက်ကြီး၊ ရှေ့ာတိုက်ဒုံးတွေထိမှန်ပြီး အရပ်သား ဒါဇင်နဲ့ချီ သေဆုံးမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ 

ရှမ်းပြည်တောင်ပိုင်းမှာတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ စစ်ကောင်စီတပ်တို့အကြား အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆီဆိုင်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားကာ ဆီဆိုင်မြို့နေလူထု အနေနဲ့လည်း မြို့ကိုစွန့်ခွာ တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ ဆန်းကာစ ဇန်နဝါရီလထည်းမှာ NCA ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ PNLA တပ်က သယ်ယူလာတဲ့ လက်နက်ခဲယမ်းတွေပါတဲ့ ကားတန်းကို စစ်ကောင်စီနဲ့ PNA လက်နက်ကိုင်အဖွဲ့တို့က ကြားဖြတ်ဖမ်းဆီးတဲ့ ဖြစ်ရပ်က စတင်ကာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၄ တနှစ်တာ ကုန်ဆုံးချိန်မှာတော့ ဆီဆိုင်မြို့ဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိနေသလို ယမန်နှစ် ကုန်ပိုင်းက စတင်ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ကရင်နီပြည် လွိုင်ကော်မြို့ကိုလည်း စစ်ကောင်စီဘက်က ပြန်လည် ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *