ylliX - Online Advertising Network

Overuse injuries အလွန်အကျွံသုံးခြင်းကြောင့် ရလာသော ထိခိုက်ဒဏ်ရာ » ဒေါက်တာစိုးလူကျော်


သင်သည် အားကစား၌ အလွန်ထူးချွန်လို၍ ပြင်းထန်စွာလေ့ကျင့်ရာမှာ နာကျင်မှုခံစားလာရပြီလား🥴

အလုပ်တခုခုကို နေ့စဉ် ထပ်ဖန်တလဲလဲ လုပ်နေရ၍ နာကျင်မှုခံစားလာရပြီလား🥺

👉Overuse injuries အလွန်အကျွံသုံးခြင်းကြောင့် ရလာသော ထိခိုက်ဒဏ်ရာဆိုတာဘာလဲ?
အလွန်အကျွံသုံးခြင်းကြောင့် ရလာသော ထိခိုက်ဒဏ်ရာများသည် အားကစားသမားများနှင့် လူမှုဘဝ လုပ်ငန်းခွင် များတွင် ကြုံတွေ့နေရပါသည်။ လွန်ကဲစွာပြုကျင့်ခြင်း၊ တနည်းအားဖြင့် ထပ်တလဲလဲ ထိခိုက်မှုမှ ဒါဏ်ရာလေးများ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း စုမိဆောင်းမိလာရာမှ ဖြစ်ပေါ်လာတဲ့ တစ်ရှူးပျက်စီးမှုဖြစ်ပါသည်။ လုံလောက်စွာ ပြန်လည် နလန်ထူ စေရန် အချိန်ယူ၊ အနား မပေးဘဲ တစ်ရှူးများကို ထပ်တလဲလဲဖိအားပေး ခိုင်းစေခြင်းကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေဖြစ်ပါသည်။

🕵️ဘယ်လိုဖြစ်လာရတာလဲ?
ထပ်ဖန် တလဲလဲ ထိခိုက်မှုကြောင့် အရိုး၊ကြွက်သား၊အရွတ် စသည်တို့တွင် ဒါဏ်ရာသေးသေးလေးများ စုမိလာရာမှ ဖြစ်လာရသည်။
သူရဲ့ဖြစ်ပုံဖြစ်နည်းကို ကတော့👉 “ထပ်ဖန် တလဲလဲ ဒါဏ်ရာလေးများရလိုက်၊ လုံလောက်စွာ အနားပေးခြင်း မပြုလုပ်မိလိုက်”👈 ဟူသော သံသရာ စက်ဝန်းကြီးထပ်ဖန် တလည်းလည်း လည်ရာမှ ခန္ဓာ တစ်ရူးများ ယိုယွင်းပျက်စီးလာရလေသည်။ ပုံမှန်အားဖြင့် လုံလောက်စွာအနားယူပါက ဒါဏ်ရာများကို ခန္ဓာ သဘာဝက ပြုပြင်ပေးပါသည်။ လုံလောက်စွာ မနားသောအခါ ပြင်ဆင်မှု လုပ်သော အချိန်လည်း မပြည့်ဝ၍ မပြင်ဆင်ရသေးသော ဒါဏ်ရာရ တစ်ရှုးလေးများ များပြားစွာ စုဆောင်းမိလာတတ်ပါသည်။ ဒါဏ်ရာရ တစ်ရှုးလေးများမှလည်း နာတာရှည်ရောင်ရမ်းမှုဖြစ်စဉ် chronic inflammatory response ကိုနှိုးဆွစေပြီး နာခြင်း၊ ရောင်ရမ်းခြင်း၊ တစ်ရှုးများ ဆုတ်ယုတ်ပျက်စီးခြင်း ဖြစ်လာပါတော့သည်။ ထိုဖြစ်စဉ်သည် တစ်ရှုးများ ကြံ့ခိုင်မှု ကျဆင်းစေကာ ထပ်မံ ဒါဏ်ရာရစေဖို့ ဆက်လက်ဦးတည်ပြန်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ နာတာရှည် ရောဂါများဆီသို့ ဦးတည်သွားတတ်ပါသည်။

🏌️လေ့ကျင့်မှု နည်းစနစ်မှားခြင်း ကလည်းဖြစ်စေနိုင်သည်၊
ကိုယ်ခန္ဓာကို လေ့ကျင့်မှု အတွက် အလိုက်သင့် လက်ခံနိုင် စေရန်🕖 အချိန်အလုံအလောက် ပေးရပါသည်။ လေ့ကျင့်မှု ကို တဖြည်းဖြည်း မတိုးမြှင့်ပဲ ပြင်းထန်အား၊ ကြာချိန် သို့မဟုတ် အကြိမ်ရေတို့ မြန်မြန် တိုး၍လေ့ကျင့်လိုက်ခြင်းက ထိခိုက်ဒဏ်ရာများဆီ ဦးတည်စေပါသည်။ 👹🎃(အချို့ နည်းပြများ သည် ဒီဆရာ အရမ်းမောင်းတာပဲ ဟုသင်တန်းသားများဆီက ကြားရသည်ကို ဂုဏ်ယူလေ့ရှိသည်၊ ဤသည်က မလိုအပ်သော ဒါဏ်ရာများဆီ ဦးတည်စေသည် )

🥶လေ့ကျင့်သင့်သော ကစားရာနေရာမဟုတ်ပဲ အလွန်မာသော(သံမန်တလင်း)၊ မညီညာသော နေရာများတွင်ကျင့်ခြင်း၊ အသုံးပြုသော အထောက်အကူ ပစ္စည်းများ မတော်ခြင်း ယိုယွင်းနေခြင်း (ဥပမာ – ဖိနပ်များ ကျပ်နေခြင်း ပျက်စီးနေခြင်း၊ ကလေးများကို လူကြီး လက်ကိုင် တင်းနစ် ရက်ကတ်များနှင့်ကျင့်ခြင်း စသည်) တို့ကလည်း ထိခိုက်ဒဏ်ရာများဆီ ဦးတည်စေပါသည်။

🙅ကာကွယ်ရန်
✨လေ့ကျင့်မှုကိုဖြည်းဖြည်းသာမြှင့်ပါ၊ ✨လုပ်နည်းတမျိုးတည်းသာလေ့ကျင့်မနေဘဲ ပြောင်းလဲ၍ကျင့်ပါ၊
✨မှန်ကန်သော ကိုယ်နေဟန်ပန် အနေအထားကို ပြုပြင် ကျင့်သုံးပါ၊
✨အထောက်အကူ ပစ္စည်းများ သက်ဆိုင်ရာ ကစားနည်းနှင့် မှန်ကန်ပါစေ၊ Size အရွယ်အစား ဝတ်၍ တော်ပါစေ၊
✨ပြည့်ပြည့် ဝဝ နားပါ အိပ်ပါ၊
✨ကြံ့ခိုင်ရေး လေ့ကျင့်မှုများ နှင့် ပျော့ပြောင်းမှု အကြောလျော့ လေ့ကျင့် မှုများကို အသေချာလုပ်ပါ၊ GYM သို့သွား၍ ကြံ့ခိုင်ရေး ဝိတ်မ၊ စက်များဖြင့်လေ့ကျင့်ခြင်းများသည် သမန်ကာချန်ကာလုပ်၍ မရပဲ မိမိ ရေရှည်ကစားနိုင်ဖို့၊ ကြံ့ခိုင် သွက်လက် ဖျတ်လတ်ဖို့ ရာ အပါတ်စဉ် စနစ်တကျ လေ့ကျင့်ရပါမည်။ 🏋️ကြံ့ခိုင်မှုလေ့ကျင့်ခြင်းသည် အရေးကြီးလှ၍ Strength and Conditioning ဘာသာရပ်သည် အားကစားသိပ္ပံဘာသာရပ်များတွင် အရေးပါလှသော ဘာသာရပ်တခုတွင် ပါဝင်ပါသည်။ ထို့ကြောင့် Strength and Conditioning နည်းပြများနှင့်လေ့ကျင့်ခြင်းကလည်း ထိရောက် အရာရောက် လှပါသည်။

👩‍⚕️🩺စီမံကုသခြင်း
မည်သည့် ပြသနာ ဖြစ်လည်းသေချာအောင် ကျန်းမာရေး ပညာရှင်များနှင့် အရင် စမ်းသပ်ကြည့်ပါ။
👍နာစေ သော အလုပ်များ၊ ပုံစံများ၊ လေ့ကျင့်ခြင်းများကို သက်သာလာသည်အထိ ရှောင်ခြင်းက အနာကျက်မှုကို ကူညီပေးသည်။
အကြော၊အဆစ်၊ ကာယကုထုံး Physiotherapy ကလည်း မြန်မြန်သက်သာအောင် ကူညီ ပေးနိုင်ပါသည်။ နာကျင်မှုသက်သာသော ဆေးဝါး အချို့ မှီဝဲ၍ လည်း စီမံကုသကြသည်။
သေချာအောင် ကုသလေ့ကျင့်ပြီးမှ တဖြည်းဖြည်းချင်း ပြန်လည် မူလ အခြေအနေဆီရောက်အောင် လေ့ကျင့်ပါ။
အချို့ နာတာရှည် အရွတ်ပြသနာ chronic tendinopathy ၊ အရိုးအက်ခြင်း stress fractures တို့က ခွဲစိတ် ကုသခြင်းနှင့်ပင် ကုရသူများရှိသည်။

⭐သတိပြုစရာ⭐
Overuse injuries အလွန်အကျွံသုံးခြင်းကြောင့် ရလာသော ထိခိုက်ဒဏ်ရာ များက အားကစားသမားတွေအတွက် ကြီးမားတဲ့ စိန်ခေါ်ချက်တွေဖြစ်နေပါသည်။ အားကစား သမားများအတွက် ရေရှည်တွင် စိတ်ဖီစီးမှု၊ စိတ်ဓါတ်ကျမှု များကတဆင့် အားကစားလောကကို လက်ပြသွားသည် အထိ ကျယ်ပြန့်နိုင်ပါသည်။
မဖြစ်အောင် ကာကွယ်ရေး၊ အမြန်ဆုံး ရောဂါဖေါ်ထုတ်ခြင်း နှင့် စနစ်တကျ ကုသ စီမံခန့်ခွဲ မှုတို့က ကစားသမားများအတွက် အရေးကြီးလှပါသည်။ ဤပြသနာများအကြောင်း သဘောသဘာဝကို နားလည်ကာ နည်းပြနှင့် သင်တန်းသား၊ ကစားသမား များအကြား အသိပညာ ရရှိရေးနှင့် ပြသနာလျော့ချနိုင်ရေးလုပ်နိုင်ပါမှ ဒါဏ်ရာရနိုင်ခြေနည်းသွား စေပါမည်။ ကြံ့ခိုင်ရေး လုပ်မည့် အစီအမံများ ၊ အနားပေးဖြည့်ဆည်းမှု Recovery (ဥပမာ- ရေခဲရေစိမ်ခြင်း၊ရေနက်ပိုင်းပြေးခြင်း၊ အနှိပ် စသည်) လုပ်မည့် အစီ အမံ များကိုလည်း လေ့ကျင့်မှု စီမံချက်များနှင့် အတူထည့်သွင်း စဉ်းစား ရေးဆွဲ ထားသင့်ပါသည်။

ဒေါက်တာစိုးလူကျော်
M.B., B.S,
M.Med.Sc (Rehabilitation medicine),
MSc Sports & Exercise medicine (Cardiff/ UK),
Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)
အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်

🌟References🌟

  1. Bahr, R., & Mæhlum, S. (2020). Clinical Guide to Sports Injuries. Human Kinetics.
  2. Brukner, P., & Khan, K. (2019). Brukner & Khan’s Clinical Sports Medicine (5th ed., Vol. 1). McGraw-Hill Education.
  3. Rees, J. D., Stride, M., & Scott, A. (2014). Tendons–time to revisit inflammation. British Journal of Sports Medicine, 48(21), 1553–1557.
  4. Tenforde, A. S., Sayres, L. C., McCurdy, M. L., & Collado, H. (2015). Overuse injuries in high school runners: Lifetime prevalence and prevention strategies. PM&R, 7(12), 1212–12
  5. Van Mechelen, W., Hlobil, H., & Kemper, H. C. (1992). Incidence, severity, aetiology and prevention of sports injuries. Sports Medicine, 14(2), 82–99.



Source link

Leave a Reply

Your email address will not be published. Required fields are marked *