ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ကြင်စိုး ဆင်ရိုးစာ
(မိုးမခ) ဒီဇင်ဘာ ၂၉ ၊ ၂၀၂၄
အသနားခံစာတော့ ထုတ်လိုက်ရပြီ။ ဗိုလ်မှူးချုပ်တွေ ဒူးထောက် သံခြေချင်း ငေါက်တောက်နဲ့ဆိုတော့ အသနားမခံလို့က မရတော့။ မြေပြင် စစ်ဦးစီး ဗိုလ်မှူးချုပ်ကြီးတွေကိုယ်တိုင်က သူ့တို့လက်အောက်ငယ်သားတွေ အလကား အသေမခံတော့ဖို့၊ တော်လှန်ရေးသမားတွေနဲ့ ညှိနှိုင်းလက်နက်ချကြဖို့ ဆော်ဩပြီဆိုတော့ ဒူးမပျော့ ခံနိုင်ရိုးလား။
အဲသလို ဒူးထောက် အသနားခံစာ ထွက်လာလို့ အမာလိုင်းတွေက စဉ့်အိုးထဲ ခေါင်းလျှို ဆဲနေကြပတဲ့။ မဆဲဘဲလည်း မနေနိုင်၊ ဘယ်သူ့မှလဲ ဖုန်းဆက်မတိုင်တည်ရဲ အွန်လိုင်းပို့စ်လည်း မတင်ရဲတော့ စဉ့်အိုးထဲပဲ ဖင်ကုန်းခေါင်းသွင်း စိတ်ချဉ်ပြေ ဗျင်းနေကြတာလေ။ စစ်တိုင်းတခုလုံး မိုးမွှန်အောင်ဆဲလည်း နထုံပတေသရေကြိုးက ဂရုမစိုက်၊ မအလအဖို့ သူ့အခြေအနေ သူအသိဆုံး။ ပြည်တွင်း ပြည်ပ တမုန်းဝိုင်းဆွဲကြတော့မှာ သူ့ထက်ငါဆိုတော့ “လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က မျက်ကွယ်ပြုထားတယ်” လို့ ဒီဇင်ဘာလ ၂၈ ရက်၊ ရွှေရတု အာခါအမျိုးသားနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဒူးထောက်တဲ့စာ ထည့်လိုက်ရတာလေ။
ဒေးဗစ်ကိုပါဖီး ရထားတွဲတွေ ဖျောက်ပြတဲ့ မျက်လှည့်ကွက်လို စစ်တိုင်းတွေက တတိုင်းပြီးတတိုင်းပျောက်သွားနေပြီလေ။ ခဏနေ မြောက်ပိုင်းတိုင်း ပျောက်တော့မယ်။ ဒါကိုကြိုသိလို့ “မြောက်ပြန်လေညှင်း” ဘာညာ အာထားပြီးသား။
အတော်လုံခြုံမယ် ထင်ခဲ့တဲ့ အနောက်တောင်တိုင်းကလည်း မရေရာ မသေချာတော့။ AA နပခကိုမွှေပြီးနောက်ပိုင်း အတော်မသေချာတဲ့တိုင်း ဖြစ်လာတာက နတခ။ ကိန်းခန်းအရလဲ မရေရာ။ ပုသိမ်မှာ အခြေစိုက်ထားမိတာကိုး။ ပုသိမ် ဆိုတာ ပြောတော့သာ ပစောက်နဲ့ ပသိမ်၊ ရေးတော့ တချောင်းငင်နဲ့ ပုသိမ်လေ။ ပု+သိမ်၊ ပုကလေး သေးသိမ်မယ့် အရပ်တဲ့။ စနည်းအတိုင်းဆို “ပု၊ စောက်ပုသည်။ သိမ်၊ သေမည်” လို့ အဓိပ္ပာယ်ထွက်သတဲ့။ ပုသိမ်က အနောက်တောင်တိုင်း ကျမယ့်နေ့ဟာ စောက်ပု သေရက်လို့ အဟောထွက်နေလို့ သီချင်းတိုက်ရက်တွေနဲ့ မအားတော့ လက်ဖက်ခြောက်ကို လွှတ်ပြီး အစီအမံတွေ လုပ်ခိုင်းရပြီလေ။
ကိုးကွင်းကို ပုသိမ်မှာ AA ဝင်လာရင် တုံ့ပြန်ဖို့ တိုင်းမှူးအသစ်ကလေးကို စစ်ဆင်ရေး လမ်းညွှန်ခိုင်း၊ လေချုပ်နဲ့ ရေချုပ်ကို ကျော်ကျော်သန်း စကား နားမယောင်ဖို့ သက်ဆိုင်ရာ အပိုင်းကဝင်ပါဖို့ ပွားခိုင်း၊ တပ်ဖွဲ့တွေကို အသက်အသေခံဖို့ မြှောက်ပင့်ခိုင်းရတာပေါ့။
ဒီကိုးကွင်း ဆိုတဲ့ကောင်က ဟောင်ခိုင်းတာထက် ပိုအူလာတယ်။ ကိုယ်တိုင်သာ စောက်ဖြစ်မရှိ၊ ရဲရဲပိုး၊ ရဲရဲလိုက်၊ ရဲရဲဝင်လုံး ဆိုတဲ့ ရဲသုံးရဲ မရှိလို့ သူများမိန်းမအကျ ယူခဲ့ရတာကို အဓမ္မစစ်မှုထမ်းလေးတွေဆီသွား ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဆိုပြီး စွတ်စက်ပွားနေတယ်။ ကိုယ်က မတရားသေနတ်ပြ ခြိမ်းခြောက်ခေါ်လာရပါတယ်ဆို ဟိုကောင်တွေက ရဲရဲလစ်၊ ရဲရဲပြေး၊ ရဲရဲပြန်ကွေးမယ့်ကောင်တွေချည်း။ ဒင်း အိမ်ပြန်ရောက်တာ ကံကောင်း။
တိုင်းမှူးတွေတောင် ထွက်ပြေး၊ ဗိုလ်မှူးချုပ်တွေတောင် သံခြေချင်းခတ် မတ်တတ်တောင် ရပ်မရတာကို သေနတ်နဲ့ချိန်ပြီး စစ်ဘောထမ်း အခေါ်ခံရတဲ့ကောင်တွေ သွားပြီး “ တပ်မတော်သားတစ်ဦး ဖြစ်သည်နှင့်အညီ ပေးအပ်လာသည့် တာဝန်များအပေါ် ကျေပွန်အောင် ထမ်းဆောင်သွားကြရန် လိုကြောင်း” တွေ ဘာတွေ အူကြောင်ကြားကစ်နေသေးတာ။ ဇစ်ဖြုတ်မပြလိုက်တာ တော်သေး ဆိုရမယ်။ အမယ် အမြဲခိုး အမြဲဆိုး အမြဲလုဆိုတဲ့ မြဲသုံးမြဲလဲ အမြဲမပြတ်လေ့လာ လေ့ကျင့်လိုက်နာသွားကြတဲ့၊ တပ်ထုံးစံမပျက်စေနဲ့လို့လည်း စိတ်ဓာတ်မြှင့်တင်ရေး လုပ်ခဲ့သေးသတဲ့။ သောက်တလွဲကောင်။
စစ်သည်များသည် နိုင်ငံတော်အလံကို မိမိလက်ဖြင့် ကိုယ်တိုင် ထိတွေ့ပြီး အချုပ်အခြာအာဏာ တရုတ်ဟာ၊ ရွာဆို မီးရှို့၊ မြို့ကို ဖြိုဖျက် ဆိုသည့် သစ္စာ ၃ ချက်ကို ရွတ်ဆိုထားသည့် တပ်မတော်သားများ ဖြစ်သည်နှင့်အညီ တပ်မတော်အပေါ် လော်ရကီးနှင့် ထိုးရန်၊ မိမိရဲဘော်ရဲဘက်များ အသက်ကို ထည့်မတွက်ရန်၊ မိမိမိသားစုအပေါ် မျိုးဆက်လိုက် ဒဏ်ခတ်ခံရရန် လိုကြောင်း” ဆိုပြီး သူ့မှာ သားသမီးအရင်းအချာ မရှိတိုင်း ရိုင်းစိုင်းသွားတာ။
ဒါ့ကြောင့်လဲ ဒီကောင့်ကို ဟိုဖွတ်ငါးကောင်နဲ့ တွဲပြီး ဒုဝကခပဲ ပေးထားတာ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar