ylliX - Online Advertising Network

၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများနှင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ


မုံရွာ၊ ဒီဇင်ဘာ ၂၉

၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများ/ အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆုရအားကစားသမားများ၊ အုပ်ချုပ်/နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုကျင်းပပြီးသွားသည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သည် ပြည်တွင်း၌ကျင်းပသည့် အားကစားပြိုင်ပွဲများအနက် အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများ၊ အုပ်ချုပ်/နည်းပြများ အားကစားသမားများအားလုံးအတွက် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အစွမ်းကုန်ကြိုးစားအားထုတ်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပါကြောင်း၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးမှ မိမိတို့တိုင်းဒေသကြီးအနေဖြင့် မြန်မာ့လက်ရွေးစင်ပဏာမအဖြစ် ဘတ်စကက်ဘော အမျိုးသား (၅)ဦး၊ ကာယကြံ့ခိုင်မှု အမျိုးသား (၄)ဦး၊ အမျိုးသမီး (၁)ဦး ရွေးချယ်ခံခဲ့ရပြီး အလေးမပြိုင်ပွဲတွင်လည်း အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦးသည် တိုင်းဒေသကြီးနှင့်ပြည်နယ် စံချိန်ချိုးပြီး ရွှေတံဆိပ်ဆုအား ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပါကြောင်း၊ ယခု ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ရွှေ/ငွေ/ကြေး ဆုတံဆိပ်များရရှိအောင် ကြိုးစားအားထုတ်ပေးခဲ့ကြသည့် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား ယခုလိုထပ်မံဂုဏ်ပြု ချီးမြှင့်ပေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအသင်း အောင်မြင်ရန်အတွက် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်အတွင်းမှ ဇွဲ၊ စိတ်ဓတ်အား အခြေခံ၍ အားကစားစိတ်ဓတ်ပြည့်ဝစွာဖြင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးအတွက် ဆုတံဆိပ်များရယူပေးနိုင်ခဲ့ကြသလို နောင်လာမည့် အားကစားပြိုင်ပွဲများတွင်လည်း ယခုလိုအောင်မြင်မှုထက် ပိုမြင့်သည့် အောင်မြင်မှုများရရှိနိုင်အောင် လေ့ကျင့်အားထုတ်ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိခဲ့ကြ သည့်ပြေးခုန်ပစ်အသင်းမှ အသင်းအုပ်ချုပ်သူနှင့် အသင်းခေါင်းဆောင်များမှ တံခွန်စိုက်ဆုဖလားများ အပ်နှံခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် အုပ်ချုပ်/နည်းပြများနှင့် ရွှေတံဆိပ်ဆုရ ထူးချွန်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်အားကစားသမားများ၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများတွင် ငွေတံဆိပ်/ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြသည့် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများ မှပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဆုများရရှိခဲ့သည့် အားကစားနည်းများနှင့် ပြည်ပပြိုင်ပွဲများတွင် ဆုများရရှိခဲ့သော အားကစားနည်းများ၏  ပြိုင်ပွဲယှဉ်ပြိုင်နေမှု Video Clip အား ကြည့်ရှုအားပေးကြကာ ဆုများရရှိခဲ့ကြသည့် အုပ်ချုပ်/နည်းပြ/ အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

အဆိုပါ ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားစားပြိုင်ပွဲကြီးအား အားကစားနည်း ၂၃ နည်းဖြင့် ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အားကစားနည်း ၂၁ နည်း၌ ပြိုင်ပွဲဝင်အားကစားသမား ကျား/မ စုစုပေါင်း – ၃၄၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်- ၂၁ ဆု၊ ငွေတံဆိပ်- ၂၀ ခု၊   ကြေးတံဆိပ်- ၂၁ ဆုရရှိခဲ့ပြီး တိုင်းဒေသ ကြီးနှင့်ပြည်နယ် ၁၅ ခု၌ အဆင့် ၄ ရရှိခဲ့ကြောင်း သိရသည်။

Join – https://t.me/MyanmarNationalPost





Source link

Leave a Reply

Your email address will not be published. Required fields are marked *