(မိုးမခ) ဇန်နဝါရီ ၂ ၊ ၂၀၂၄
အခုအချိန်က ကြင်စိုးဆီက ဂိန်သံ ကြားရသည်ဟု ဆိုလျှင် မည်သူကမှ အဆန်းတကြယ်လို့ ထင်ကြမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် နေ့စဉ်နှင့်အမျှ မြန်မာပြည် တနေရာမဟုတ် တနေရာမှ စစ်ရှုံးသတင်းများကြောင့်၊ ကြင်စိုးထံက ဂိန်သံများ ဆက်တိုက်ဆိုသလို ကြားနေရသော ကာလဖြစ်သောကြောင့်ပင်။
သို့သော်လည်း ယခုတကြိမ် ဂိန်ရခြင်းမှာ ကြားရိုးကြားစဉ် စစ်ရှုံးသတင်းများကြောင့် မဟုတ်။ ကြင်စိုး၏ အမှတ်သည်းခြေမရှိ သီဆိုခဲ့မိသော’မြောက်ပြန်လေညှင်း’ အစချီသည့် နာမည်ကျော် သုံးရာသီ သီချင်းကြောင့် ဖြစ်သည်။ အမှတ်သည်းခြေမရှိဟု ဆိုလိုက်ခြင်းကြောင့်၊ ဤ’မြောက်ပြန်လေညှင်း’ ဖြင့် မဂိန်မီကပင်၊ ဟိုးယခင်ကလည်း ‘မြောက်ပြန်လေညှင်း’ဖြင့် ဂိန်ခဲ့ဖူးသည်ဟု နားလည်ကြပါလိမ့်မည်။
ကြင်စိုး၏ ’မြောက်ပြန်လေညှင်း’သမိုင်းကြောင်းကို ပြောဖို့ရန်အတွက် စတီရီယိုခေတ်ဦးကာလက ‘ပုလင်းကိုင် မင်းလှိုင်’ အကြောင်း ပြန်ပြောင်းပြောဖို့ လိုအပ်လာပါသည်။ ထိုစဉ်က နာမည်ကြီးတီးဝိုင်းတခု၏အမည်နှင့် မှားရေးမိတာလား၊ ဒါမှမဟုတ် ကိုယ်ကပဲ ဂီတလောကအကြောင်း ဗဟုသုတ နည်းလေသည်လား ဆိုသည့် အတွေးများဖြင့်တော့ စိတ်ရှုပ်ထွေးမသွားစေလို။ အားလည်း မငယ်စေလို။
အဘယ်ကြောင့်ဆိုသော် အနှီ ‘ပုလင်းကိုင် မင်းလှိုင်’ကို စတီရီယိုခေတ်ဦးကာလတုန်းက ဂီတလောကတွင်လည်း မည်သူကမျှ မသိကြသောကြောင့်ပင် ဖြစ်သည်။ ပို၍ရှင်းအောင် ပြောရမည်ဆိုရလျှင် စတီရီယိုခေတ်ဦးတုန်းက သာမက၊ စတီရီယိုခေတ်လယ်၊ စတီရီယိုခေတ်နှောင်းတို့တွင်လည်း ‘ပုလင်းကိုင် မင်းလှိုင်’ကို ဘယ်ဂီတအနုပညာရှင်ကမျှ မသိကြ။
ခြွင်းချက်တခုတော့ရှိသည်။ ထိုအချိန်ကာလက ရန်ကုန်တက္ကသိုလ် အနုပညာအသင်းမှ အပျော်ထမ်းဂီတ ဝါသနာရှင်တစုကတော့ ‘ပုလင်းကိုင် မင်းလှိုင်’ကို မှတ်မိကြပါလိမ့်မည်။ မင်းဘူးမှာ မွေး၍ ထားဝယ်တွင် ကြီးပြင်းခဲ့သော၊ ပွဲလမ်းသဘင်ကို အလွန်နှစ်ခြိုက်သူ၊ အဆိုဝါသနာရှင် ဥပဒေကျောင်းသားလေး မင်းအောင်လှိုင် ကို ‘ပုလင်းကိုင် မင်းလှိုင်’ဟု သူတို့ကပဲ အမည်ပေးထားခဲ့ခြင်းကြောင့်ဖြစ်သည်။
နာမည်ရှေ့တွင်’ပုလင်းကိုင်’ဟု ပါလာရခြင်းကတော့ ရှည်ရှည်ဝေးဝေး တွေးစရာမလို။ ရန်ကုန်တက္ကသိုလ်က သီဆိုတီးမှုတ်ကြသူများနောက်မှ ကပ်လိုက်ရင်း၊ ပုလင်းကိုင်ကာ အရက်တခွက်တဖလား ငှဲ့ပေးရသူမို့ ထိုအမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ထိုခေတ် ထိုအချိန်က တီးဝိုင်းအမည်နှင့် တွဲဖက်ပေးတတ်သော အဆိုကျော်များ၏ အမည်ဆန်ဆန် တုပပေးထားဟန်ရှိသော်လည်း၊ သီချင်းဆိုဝါသနာကြီးသူ ‘ပုလင်းကိုင်မင်းလှိုင်’ကမူ ၊ အမြီးအမောက် တည့်အောင်ပင် သီဆိုနိုင်သူတဦး မဟုတ်။
သံသေးသံကြောင် စည်းလွတ်ဝါးလွတ် ဘာကီးနဲ့မှ မကိုက်သူ ‘ပုလင်းကိုင်မင်းလှိုင်’၏ အကြိုက်ဆုံးဟု ပြောလို့ရသလို၊ ဉာဏ်ရည်နိမ့်သူပီပီ တပုဒ်တည်းသာ အလွတ်ကျက်မှတ်နိုင်သည့် သီချင်းကတော့ ‘မြောက်ပြန်လေညှင်း’ပဲ ဖြစ်သည်။
တကယ်ကတော့ တချိန်တွင် မြန်မာတနိုင်ငံလုံး၏ အော့ကြောလန် ဖြစ်လာမည့် ကြင်စိုးသည် ‘ပုလင်းကိုင် မင်းလှိုင်’ ဘဝကတည်းကပင် ‘မြောက်ပြန်လေညှင်း’ နှင့် အကျိုးမပေးဟု ဆိုရပေမည်။ ပထမဆုံးအကြိမ် ‘မြောက်ပြန်လေညှင်း’ နှင့် ဂိန်ခဲ့စဉ်က အကြောင်းကို ထည့်ပြောရပေဦးမည်။
ခပ်ညံ့ညံ့ အပျော်ဖတ် တက္ကသိုလ်နောက်ခံ ဝတ္ထုများကဲ့သို့ပင်၊ ‘ပုလင်းကိုင်မင်းလှိုင်’သည်လည်း ချစ်သူနှင့်တွဲ၍ အဓိပတိလမ်းပေါ်၌ ခေါက်တုံ့ခေါက်ပြန် လျှောက်လိုသည့် အာသီသ ကြီးစွာရှိခဲ့ဖူးသည်။ နောက်ပိုင်းတွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်လေသည့် ကြင်စိုးဟု လူသိများသော်လည်း၊ ‘ပုလင်းကိုင်မင်းလှိုင်’ ဘဝတွင်မူ အချစ်ရေး အဆင်ချောလုချောခင် ဖြစ်ခဲ့ဖူးသည်။
အဆင်ချောလု ချောခင်ဟု ဆိုရခြင်းမှာ ‘ပုလင်းကိုင်မင်းလှိုင်’ သဘောကျသော တက္ကသိုလ်ကျောင်းသူလေးက ခေါင်းညိတ်အံ့ဆဲဆဲ အခြေအနေသို့ ရောက်နေခါမှ၊ အဖြေပေးမည့်နေ့ မတိုင်မီညတွင် အဆောင်ရှေ့၌ လာရောက် သီဆိုသည့် ‘ပုလင်းကိုင်မင်းလှိုင်’၏ အသံပြဲ အသံကြောင်ဖြင့် သီဆိုနှိပ်စက်သံကို ကြားပြီးသည့်နောက်တွင်မူ၊ ထိုသကောင့်သားကို လုံးဝ ထပ်အတွေ့မခံတော့သောကြောင့်ပင် ဖြစ်သည်။ ‘ပုလင်းကိုင်မင်းလှိုင်’ ထိုညက သီဆိုခဲ့သည့် သီချင်းသည် ‘မြောက်ပြန်လေညှင်း’ ဖြစ်ကြောင်းကိုတော့ ထပ်ရှင်းပြဖို့ လိုမည် မထင်။ ဤသည်ကား ‘ပုလင်းကိုင်မင်းလှိုင်’ ခေါ် ကြင်စိုးအတွက် ‘မြောက်ပြန်လေတွင် ပထမဆုံးဂိန်ခြင်း’ ပေတည်း။
တကယ်ကတော့ ချစ်ရသူနှင့် လွဲချော်ကြခြင်း ဆိုသည်က သိပ်ထူးဆန်းလှသည်တော့ မဟုတ်။ သို့ရာတွင် ကြင်စိုး၏ အသည်းကွဲဇာတ်လမ်းက မြန်မာနိုင်ငံကြီး၏ ကံကြမ္မာကို ထူးထူးခြားခြား ပြောင်းလဲစေခဲ့သည်။ ယနေ့ကဲ့သို့ ဥပဒေ အတင်းအကျပ်ထုတ်ကာ အတင်းအဓမ္မ စစ်တပ်ထဲ သွင်းတာမျိုး ခေတ်မစားသေးသည့် ထိုကာလတွင်၊ မိဘနှင့် စိတ်ဆိုး၍သော် လည်းကောင်း၊ ကိုယ်သဘောကျသော မိန်းကလေးနှင့် အဆင်မပြေ၊ မပေါင်းဖက်ရ၍သော် လည်းကောင်း စစ်ထဲဝင်ခဲ့ကြသူများ ရှိခဲ့ဖူးသည်။
မြောက်ပြန်လေတွင် ပထမဆုံးဂိန်ခဲ့ရသော ကြင်စိုးကတော့ ဒုတိယအုပ်စုထဲတွင် ပါဝင်သည်။ ဤသို့ဖြင့် ဥပဒေဘွဲ့ရအောင် ပညာဆက်မသင်ကြားတော့ဘဲ၊ ဒေါ်စိန်အေးကျောင်းသို့ ခြေစုံပစ်ဝင်ခဲ့သည့် အချစ်ရှုံးသမား အသည်းကွဲ ကြင်စိုးကြောင့် မြန်မာပြည်ကြီး ကပြောင်းကပြန် ဖြစ်ခဲ့ရတော့သည်။ သူသည်လည်း စစ်ရှုံးသမား ဝရမ်းပြေးကြင်စိုး ဖြစ်လာခဲ့သည်။
ကြင်စိုး၏ မြောက်ပြန်လေတွင် ဒုတိယအကြိမ် ဂိန်ရခြင်းကတော့ အစားအသောက်ပျက်ခံပြီး ကြည့်ဖူးခဲ့ကြသူများအတွက် အထွေအထူး ထပ်ပြောဖို့လိုမည်မထင်။ ဒေါ်စိန်အေးကျောင်းမှ သူတို့ အပတ်စဉ်တူများ၏ (၄၇) နှစ်မြောက် နှစ်ပတ်လည် တွေ့ဆုံညစာစားပွဲတွင် ‘မြောက် ပြန်လေညှင်း ငွေနှင်းဖွေးဖွေးစို’ခဲ့ခြင်းက သူ့ကို ကြိတ် မှိတ်ထောက်ခံ နေကြသူများအတွက်တောင် သည်းမခံနိုင်စရာ၊ ဆဲရေးတိုင်းထွာစရာ ဖြစ်ခဲ့ရသည်။
‘မြောက်ပြန်လေညှင်း ခြေချင်းလေးနဲ့ငို’ဟု သီဆိုခဲ့ပါက ယခုလောက် စိတ်ဆိုးဒေါသထွက်ခံရကာ သိပ်အဂိန်ခံရမည် မထင်။ အခုတော့ ‘တိတ်တိတ်လေးငိုပြီး တိုးတိုးလေးရှိုက်ကြပါ၊ ငို့ဘကြီး မိုက်ခဲပြီး မြောက်ပြန်လေညှင်းနေလို့’ဟု ဆိုကာ အကြီးအကျယ် ပေါက်ကွဲကုန်ကြလေပြီ။
အကြီးမားဆုံး တိုင်းစစ်ဌာနချုပ် ၂ခု သိမ်းပိုက်ခံခဲ့ရသလို၊ တပ်ရင်းစုစုပေါင်း ၂၀၀ ဝန်းကျင်လောက် ကျဆုံးပြိုကွဲ ခဲ့ရချိန်၊ တိုင်းမှူး၊ ဒုတိုင်းမှူးများ ကိုယ်တိုင် အဖမ်းခံကြရ၊ စစ်မြေပြင်မှာ ရာထူးအကြီးဆုံးသူများ ဒူးထောက်နေကြရသည့်အချိန်တွင် သေဆုံးဒဏ်ရာရခဲ့ကြသည့် အရေအတွက် ဘယ်လောက်အထိ များပြားနေမလဲဆိုတာကို ခန့်မှန်းကြည့်နိုင်ပါသည်။
ဤသို့သောအချိန်မှာ ပူဆွေးငိုကြွေးနေကြသူများကို မထောက်မညှာဘဲ၊ ကိုယ်ချင်းစာတရားမဲ့ ပွဲလမ်းသဘင် တက်၍ ’မြောက်ပြန်လေညှင်း’နေသည့် ဗီဒီယိုကလစ် ပေါက်ကြားခဲ့သည်က ဒီတသက် ဘယ်လိုမှ အဖတ်ဆယ်လို့ ရမည်မဟုတ်သည့် ကြင်စိုး၏ ‘မြောက်ပြန်လေတွင် ဒုတိယအကြိမ် ဂိန်ခြင်း’ပင် ဖြစ်တော့သည်။
ပြည်သူနှင့် ဆန့်ကျင်ပြီး၊ ကြင်စိုးနှင့် စစ်ဗိုလ်ချုပ် လက်တဆုပ်စာကို စစ်ကျွန်ဘဝဖြင့်၊ အသက်ပေး ကာကွယ်နေကြသူများ အနေနဲ့လည်း၊ ၂၀၂၅ နှစ်သစ်တွင် လေးလေးနက်နက် ပြန်စဉ်းစားသင့်သည်က သူတို့၏ အသက်ကို စိုးစဉ်းမျှပင် တန်ဘိုးမထားကြသူများကို အမြန်စွန့်ခွာပြီး၊ ပြည်သူ့ဘက်သို့ မည်သည့်နည်းလမ်းနှင့်မဆို အမြန်ဆုံး ကူးပြောင်းခဲ့ကြဖို့ပင် ဖြစ်သည်။
‘မြောက်ပြန်လေညှင်း’ကို အလွန်သီဆိုချင်လှသူ ကြင်စိုးအတွက်လည်း ကြံဖန်ငဲ့ညှာသောအားဖြင့် အခွင့်အရေးတခု ရှာကြံပေးသင့်သည် ထင်ပါသည်။ ဒါကတော့ ကြင်စိုး ကြိုးစင်မတက်ခင်၊ ‘မြောက်ပြန်လေညှင်း’ကို နောက်ဆုံးအနေဖြင့် သီဆိုခွင့်ပြုပြီး၊ မြောက်ပြန်လေတွင် နောက်ဆုံးအကြိမ် ဂိန်ခွင့်ပေးလိုက်ခြင်းပင် ဖြစ်တော့သည်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar