မိုးမခ၊ ဇန်နဝါရီ ၂၊ ၂၀၂၅
မြန်မာနဲ့ ကမ္ဘာတဝန်း တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေနဲ့ နှစ်သစ်ကို စတင်
၂၀၂၅ ခုနှစ် နှစ်သစ်ကို ကမ္ဘာတဝန်းမှာ ဖျက်အားပြင်းတဲ့ စစ်လက်နက်တွေနဲ့ တိုက်ခိုက်မှု၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ အပြင် လူအုပ်ကြီးထဲကို ကားနဲ့ ဝင်ရောက်ပြီး လူသေဆုံးမှုများနိုင်သမျှ များအောင် လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ဖြတ်သန်းခဲ့ကြသလိုပဲ မြန်မာနိုင်ငံမှာလည်း ဒုက္ခသည်စခန်းတွေကို ဗုံးကြဲတာ၊ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းတိုက်ပွဲတွေ၊ ဖမ်းဆီး သတ်ဖြတ်မှု၊ အတင်းဓမ္မ စစ်သားစုဆောင်းမှုတွေနဲ့ စတင်ခဲ့တာ တွေ့ရပါတယ်။
ဥရောပတိုက်မှာ ၃ နှစ်နီးပါး ကြာမြင့်လာတဲ့ ယူကရိန်း-ရုရှား စစ်ပွဲမှာလည်း နှစ်သစ်ကူး အချိန်အခါမှာ တဖက်နဲ့တဖက် ဒုံးကျည်၊ ဒရုန်းလက်နက်တွေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး ၁ နှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ ဟားမားစ် စစ်သွေးကြွတွေကို အမြစ်ပြတ် နှိမ်နှင်းရေးဆိုတဲ့ အစ္စရေးလ်နိုင်ငံရဲ့ မြေပြင်သာမက လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးတွေက နှစ်သစ်ကူးပြောင်းချိန် မှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်လို့ ခေါ်ဆိုကြတဲ့ သန်းနဲ့ချီတဲ့ ပါလစ္စတိုင်းလူမျိုးတွေ နေထိုင်ကြတဲ့ ဒေသကို အစ္စရေးလ်က ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးကာ ဟားမားစ်တွေကို ရှင်းလင်းရေး နှစ်နဲ့ချီ လုပ်ဆောင်နေရာမှာ ကလေး သူငယ်၊ အသက်အရွယ်အိုမင်းသူနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၄ သောင်းကျော် သေဆုံးပြီး ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ထဲဝင်ရောက်လာချိန်မှာ ဒေသတွင်းနိုင်ငံတွေကို ကူးစက်စေနိုင်တဲ့စစ်ပွဲဖြစ်ပွားရာ နှစ်နေရာ ဖြစ်တဲ့ ယူကရိန်း-ရုရှားနဲ့ အရှေ့အလယ်ပိုင်း ဂါဇာ၊ လက်ဘနွန် ဒေသတွေက စစ်ပွဲတွေ ချုပ်ငြိမ်းဖို့ လမ်းစမမြင်တွေ့ကြရသေးသလို အရှေ့တောင်အာရှမှာ စစ်မီးတောက်လောင်နေတဲ့မြန်မာနိုင်ငံက ပြည်တွင်းစစ်လည်း ဆက် လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေရဲ့ခေါင်းဆောင် ပုပ်ရဟန်း မင်းကြီးရဲ့ နှစ်သစ်ကူးဆုတောင်းမှာ မြန်မာနိုင်ငံက စစ်ပွဲတွေရပ်ဆိုင်းဖို့ဆုတောင်းခဲ့တဲ့အကြောင်း သတင်းတွေမှာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့အာရှမှာ တခုတည်းသော ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်ပြီး ဒီစစ်မီးက ဒေသတွင်းနိုင်ငံတွေကို ကူးစက်နိုင်တဲ့ စစ်ပွဲမဟုတ်ပေမယ့်လည်း စစ်ပွဲကြောင့် ဒုက္ခရောက်သူတွေ၊ ပြည်တွင်းစစ်ရဲ့အကျိုးဆက်တွေက အိမ်နီးချင်းဒေသတွင်းနိုင်ငံတွေဆီ သက်ရောက်မှုရှိနေတဲ့ အနေ အထားဖြစ်ပါတယ်။
ကမ္ဘာတဝန်းက နိုင်ငံအများစုမှာ တရားဝင် ရုံးသုံးပြက္ခဒိန် ဖြစ်တဲ့ ခရစ်သက္ကရာဇ် ပြက္ခဒိန်အရ ၂၀၂၅ ခုနှစ်ရဲ့အစ ဇန်နဝါရီလ ၁ ရက်နေ့မှာ လာမယ့် တနှစ်တာအတွက် ကောင်းမွန်တဲ့ လူမှုစီးပွားအလားအလာတွေ ပေါ်ထွန်းစေဖို့၊ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းပြီး လူမှုအဖွဲ့အစည်းသဟဇာတ ဖြစ်မှုနဲ့အတူ ဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံ၊ ဒေသဖြစ်ပေါ်လာစေဖို့ ဆန္ဒပြုကြ ဆုတောင်းကြတဲ့ အစဥ်အလာနဲ့အတူ လူထုတွေ အနေနဲ့လည်း စတင်တော့မယ့် နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုရင်း နှစ်သစ်အခါသမယကို ဖြတ်သန်းကြတာ ဖြစ်ပါတယ်။
သို့ပေမဲ့လို့ ကမ္ဘာအနှံ့အပြားက မြို့တွေ၊ နယ်တွေ၊ ကျေးရွာတွေမှာ နှစ်သစ်ကူးအားလပ်ရက်၊ မိသားစု မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဆုံတွေ့အနားယူကြတဲ့ အချိန်အခါမှာ စစ်ပွဲတွေကြားထဲရောက်နေသူတွေ အဖို့တော့ ကမ္ဘာအနှံ့အပြားက သူတွေလို အားလပ်ရက်၊ မိသားစု မိတ်ဆွေအပေါင်းအသင်း ဆုံတွေခွင့်ရတဲ့ အခွင့်အလမ်းမရကြရှာဘဲ စစ်ဘေးစစ်ဒဏ်ကြောင့် နေအိမ်တွေမှာ နေထိုင်နိုင်ခြင်း မရှိတဲ့ဘဝ၊ ဒုက္ခသည်စခန်းမှာ ချမ်းအေးတဲ့ ရာသီဥတုကို ခက်ခဲစွာကျော်ဖြတ်ကြရသလို၊ ထောက်ပံ့တဲ့ ရိက္ခာအစားအသောက်အပေါ် မှီခိုနေကြရတဲ့ ဘဝ၊ ညဘက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မယ့် အန္တရာယ်ကို သတိကြီးစွာ ကြောင့်ကြမှုများစွာနဲ့ နေထိုင်ကြရတဲ့ ဘဝတွေဖြစ်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့မှာ စစ်ကောင်စီလေတပ်က ရခိုင်ပြည်နယ်၊ ကရင်နီပြည်နဲ့ မန္တလေးတိုင်းမှာရှိတဲ့ ကျေးရွာအချို့ကို ဗုံးကြဲခဲ့တာကြောင့် စုစုပေါင်း ၉ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ RFA မြန်မာပိုင်း သတင်းမှာ ဖော်ပြထားပါတယ်။ မန္တလေးတိုင်းမှာ ငါန်းဇွန်မြို့နယ်က သကျင်ကျေးရွာကို လေကြောင်းက တိုက်ခိုက်ရာမှာ အရပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သတင်းမှာဖော်ပြထားသလို၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ယိုးတရုပ်ကျေးရွာကိုလည်း ဒီဇင်ဘာ ၃၁ ရက်နေ့ကပဲ လေကြောင်းကတိုက်ခိုက်ရာမှာ အရပ် သား ၃ ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ တဖန် ကရင်နီပြည်လွိုင်ကော်မြို့ အရှေ့ဘက်က စစ်ဘေးရှောင်စခန်းတခုကို လေကြောင်းက တိုက်ခိုက်ရာမှာ ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ စတုတ္ထမြောက် လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာကတော့ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ရှိ PNLO/PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ တပ်မတော် ဌာနချုပ်ကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့တဲ့သတင်း ဖြစ်ပါတယ်။
အခုဖြစ်ရပ်တွေကို ကြည့်ရင် လာမယ့် ၂၀၂၅ ခုနှစ် ရဲ့ အစနေ့ရက်မှာပဲ လေကြောင်းတိုက်ခိုက်မှုတွေ အပြစ်မဲ့တဲ့အရပ်သားတွေ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်တွေနဲ့ ကြုံတွေ့ကြရတာ ဖြစ်ပြီး လာမယ့်နှစ်မှာ စစ်ကောင်စီ ဖြုတ်ချဖို့ ရည်ရွယ်တဲ့ တိုက်ခိုက်မှုတွေ အရှိန်လျော့မသွားတဲ့အပြင်ပိုမိုပြင်းထန်ကောင်း ပြင်းထန်လာမယ်လို့ မှန်းဆရပါတယ်။
စစ်ကောင်စီအနေနဲ့လည်း ထိန်းချုပ်နယ်မြေတွေ သိသာစွာ လျော့နည်းကျဆင်းလာသည့်တိုင် လက်ဝယ်ကျန်ရှိတဲ့ နယ်မြေတွေ၊ မြို့တွေ သယံဇာတက ရရှိတဲ့ ငွေကြေးနဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကောက်ယူရရှိတဲ့ အခွန်အခတွေနဲ့ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေကို ချေမှုန်းဖို့ ကြိုးပမ်းဦးမယ့် အနေအထားလည်း ဖြစ်ပါတယ်။ ကမ္ဘာနေရာ အနှံ့အပြားမှာလည်း လက်နက်၊ အာဏာ၊ မဟာမိတ်အုပ်စုရှိတဲ့ အင်အားကြီးတဲ့ နိုင်ငံတွေက မိမိတို့ အကျိုးစီးပွားမထိခိုက် မလျော့ကျစေဖို့အတွက် ငွေအား၊ လူအားနဲ့ စစ်ပွဲတွေကို အားပေးအားမြှောက်ပြုကာ ဆက်လက်ဆင်နွှဲကြဦးမယ့် နှစ်တနှစ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
–
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar