ကျိုင်းတုံ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၁ ရက် နံနက် ၁၁ နာရီခွဲက ကျိုင်းတုံမြို့နယ်လွိုင်မွေဒေသရှိ စတုရဋ္ဌာသုမင်္ဂလာ စေတီတော်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးဆက်ကပ်လှူဒါန်းပေးပြီး ဘုရားအတွက် ဘက်စုံ မွမ်းမံပြုပြင်နိုင်ရန် အလှူတော်ငွေများကို စတုရဋ္ဌာသုမင်္ဂလာစေတီတော်ရှိ ကျောင်းထိုင်ဆရာတော် ထံ ဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်နေသော ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် လွိုင်မွေမြို့လွိုင်မွေကန်တံတား တည်ဆောက်ရေး စီမံကိန်း အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ တံတားနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ တံတားအားလှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသကျေးရွာလေးရွာ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင့်ဝေမှရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ပြီး ကျိုင်းတုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပန်ကွဲမှလွိုင်မွေလမ်းအပိုင်း(၂)အား ကွန်ကရစ်ခင်းရန်နှင့် ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းများရေရှည် တည်တံ့ နိုင်ရန်အတွက် ထိန်းသိမ်းပေးကြရန် မှာကြားခဲ့ပြီး ၂၀၂၄ ခုနှစ် မိုးရာသီ ကျိုင်းတုံ-လွိုင်မွေ အတက်လမ်း၊ လွိုင်မွေကန်ပတ်လည်နှင့် ၂၁ မိုင်အဆင်းလမ်း၊ လမ်းဘေးဝဲ၊ ယာ ချယ်ရီပင် စိုက်ပျိုးခဲ့မှုနှင့် ပတ်သက်၍ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တစ်အုပ်တစ်မ စိမ်းလန်းစိုပြည်ရေး စိုက်ကွက် ချယ်ရီပင် ၁၇၀ စိုက်ပျိုးထားမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လွိုင်မွေစာတိုက်အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံ-လွိုင်မွေလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ် ယန်းကျိန် ကျေးရွာအုပ်စု တာခွယ်ကျေးရွာ ပရဟိတစာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်၍ စာကြည့်တိုက် အဆောက်အအုံသစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ စာကြည့်တိုက် အဆောက်အအုံသစ် မှတ်တမ်းအား လွှဲပြောင်းပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အလှူရှင်များက လက်ခံရယူ ကြပြီး အလှူရှင်များမှ စာကြည့်တိုက်အတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ ကျိုင်းလိတ်ရွာ နောင်ကုန်အုပ်စုတွင် အရှေ့မဲခေါင်ဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်၊၊
အဆိုပါ အရှေ့မဲခေါင်ဝက်မွေးမြူရေးခြံတွင် လက်ရှိစတင်မွေးမြူသည့် ကောင်ရေ ၁၂၀၀၊ ထပ်မံရောက်ရှိကောင်ရေ ၈၀၀၊ အသားတိုးဝက်အဖြစ် မွေးမြူကာလလေးလနှင့် ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်းမြို့နယ်တို့သို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်သူပညာပေး ရှေ့တန်းစခန်း ကျိုင်းတုံမြို့ နောင်ကုန်ရွာ၌ တောင်သူများအား အီးအမ်ဘိုကာရှီပြုလုပ် သုံးစွဲခြင်း လက်တွေ့သရုပ်ပြသမှုနှင့် စူပါဘိုကာရှီလက်တွေ့ သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။