(မိုးမခ) ဇန်နဝါရီ ၃ ၊ ၂၀၂၅
(၁)
အမေရိကန်ပြည် ဂျော်ဂျီယာနယ် မြေပြန့်လယ်တောတစ်ခုဝယ် ဂျင်မီကာတာကို မွေးဖွားခဲ့သည်။ သူသည် အမေရိကန်ပြည်၏ ၃၉ ကြိမ်မြောက် သမ္မတ ဖြစ်လာပါသည်။ သူ သမ္မတဖြစ်ချိန်၌ နိုင်ငံတော်ကို ဝါးတားဂိတ်နှင့် ဗီယက်နမ်စစ်ပွဲကြောင့် နစ်နာခဲ့ရသည်များကို ကုစားပေးမည်ဟု ကြွေးကြော်ခဲ့သည်။ ထို့နောက် စီးပွားရေး ယိမ်း ယိုင်ပျက်စီးလာပြီး အီရန် စစ်သွေးကြွများက အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံသားများကို ဖမ်းဆီး စီးနင်းသည့် အရေးအခင်း ပေါ်ပေါက်ခဲ့ပြီး အိမ်ဖြူတော်ကို စွန့်ခဲ့ရသူ ဖြစ်ပါသည်။ သူ၏ အသက် ၁၀၀ ပြည့်သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။
အတ္တလန်တာမြို့ရှိ ကာတာစင်တာမှ သူ ကွယ်လွန်သွားကြောင်း ကြေညာခဲ့ပါသည်။ အမေရိကန် သမ္မတများထဲမှ ပထမဆုံး အသက် ၁၀၀ အထိ နေထိုင်သွားရသူ ဖြစ်ခဲ့သည်။ လူအိုရုံတွင် ပြုစုသော (Hospice Care) ကို ခံယူနေသည်မှာ ၂၂ နှစ်ရှိပါပြီ။ သူ ကွယ်လွန်လျှင် ဖော်ပြရန်ဟုဆို၍ နယူးရော့တိုင်းမှ သူ့အတ္ထုပ္ပတ္တိရေးသူ ရိ(ဒ) (Roy Reed) မှာ ၂၀၁၇ ခုနှစ်က ကွယ်လွန်ခဲ့ပါသည်။
(၂)
ကမ္ဘာတဝန်းမှ သမ္မတများ၊ ခေါင်းဆောင်ကြီးများ၊ သူ့ကိုချစ်သော လူများက သဝဏ်လွှာပေးပို့ကြသည် မှာ ဝင်လာမစဲ တသဲသဲ ဖြစ်နေပါသည်။ သူ အိမ်ဖြူတော်တွင် နေခဲ့သည် ၄ နှစ်နှင့် နောက်ပိုင်း သူ့ဘဝနှစ် ၄၀ ခန့်တွင် ရောဂါတိုက်ဖျက်ရေး ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ပေးမှု၊ ဆွေးနွေးမှုများကို လူများက သတိတရရှိကြပါသည်။ သမ္မတဘိုင်ဒန်က နိုင်ငံတော်အဆင့် ဈာပန ပြုလုပ်ပေးရန် ညွှန်ကြားပါသည်။
သူသည် အောက်တိုဘာလတွင် ဒုသမ္မတ ဟဲရစ်အတွက် ကြိုတင်မဲကို ပေးခဲ့ပါသည်။ သူ့မွေးနေ့ပွဲအတွက် ဝှီးချဲယားပေါ်တွင် ထိုင်ရင်း သူ့ကို ဂုဏ်ပြုသည့်လေတပ်မှ စစ်လေယာဉ်များက ကောင်းကင်ယံတွင် ပျံဝဲနေကြသည်ကို ကြည့်ရှုခဲ့ပါသည်။
သူသည် ဂျော်ဂျီဟာ အုပ်ချုပ်ရေးမှူးအိမ်နှင့် အိမ်ဖြူတော်တွင် နေခဲ့သည့်အချိန်များမှလွဲ၍ ဇနီးဖြစ်သူ ရိုးစလင်း ကာတာ နှင့်အတူ ဂျော်ဂျီယာရှိ ရိုးရှင်းသော တစ်ထပ်အိမ်ကလေးတွင် နေထိုင်ခဲ့ပါသည်။ ဇနီးဖြစ်သူမှာ ယမန်နှစ် နိုဝင်ဘာလက ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။ ဘဝတလျှောက်လုံး လယ်သမားဖြစ်ခဲ့ပြီး အသက် ၉၀ ကျော်သည့်တိုင် ဆင်းရဲသားတို့အိမ်ကို လက်သမား ခါးပတ် ပတ်ကာ တည်ဆောက်ပေးခဲ့ပါသည်။
သေမင်းကို အန်တု၍ အသက်ရှည်ရှည် နေနိုင်ခဲ့ရာ သူ့ဇနီး၊ သူ့ဒုသမ္မတ၊ ကတ်ဘိနက်ဝန်ကြီးပေါင်းများစွာ သူ့လက်ထောက်များ၊ ရီပါတ်ဗလီကင်သမ္မတများ သူ့ကို မဲနိုင်သွားသည့် သမ္မတရီဂင်တို့မှာ သူ့အရင် ကွယ်လွန်သွားခဲ့ကြပါသည်။ သူ၏ အရေပြားကင်ဆာ (melanoma) သည် သူ့အသည်းနှင့် ဦးနှောက်အထိ ပြန့်သွားဖူးသည်။ အကြိမ်ကြိမ် ချော်လဲပြီး တကြိမ်က တင်ပဆုံရိုး ကျိုးသွားခဲ့ဖူးသည်။
မြေပဲစိုက်သူတို့ ဝတ်ဆင်လေ့ရှိသော အပြာရောင် ဂျင်းဘောင်းဘီ ဝတ်ပြီး၊ ကျယ်ပြန့်သော အပြုံး၊ သွား ပေါ်အောင်ပြုံးသော အပြုံးဖြင့် သူသည် ဘယ်သောအခါမှ မုသားမပြောပါဟု ကတိပေးခဲ့သူ ဖြစ်သည်။ ဝါရှင်တန် ပြင်ပမှလာပြီး ဝါရှင်တန်၏ ကျိုးပဲ့နေသော အစိုးရကို ပြုပြင်ရန် ဖြစ်သည်။ ၁၉၇၈ ခု စက်တင်ဘာလတွင် မေရီလင်းပြည်နယ် သမ္မတအပန်းဖြေစခန်းဖြစ်သည့် Camp David တွင် အစ္စရေးဝန်ကြီးချုပ် ဘီဂင် (Menachem Begin) နှင့် အီဂျစ်ပြည်သမ္မတ (Anwar el-Sadat) တို့ နှစ်ဦးကို တွေ့ဆုံဆွေးနွေးစေပြီး ခိုင်ခံ့သော အစ္စရေး၊ အီဂျစ် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ဆွေးနွေးပွဲသည် အကြိမ်ကြိမ် ပျက်စီးသွားပြီဟု ပြောဆိုနေရာမှ နှစ် ရှည်လများ တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့ပါသည်။ ဆွေးနွေးပွဲကာလမှာ ၁၃ ရက် ကြာသည်။
နိုင်ငံစီးပွားရေးသည် ပြုပြင်မှုကင်းမဲ့သော ပျက်စီးနေသည့် အိမ်ကြီးနှင့် တူနေသည်။ အီရန်နိုင်ငံကို ၁၉၄၁ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့သော အီရန်ဘုရင် ရှား (Mohemmed Reza Pahlavi) သည် ၁၉၇၉ ခု ဇန်နဝါရီလတွင် နိုင်ငံမှ ထွက်ခွာခဲ့သည်။ သူသည် အမေရိကန်နိုင်ငံသို့ ဝင်ခွင့်မရသဖြင့် မက်စီကိုနိုင်ငံတွင် ကင်ဆာရောဂါကို ကုစားနေခဲ့သည်။ အောက်တိုဘာ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ ထောက်ခံတောင်းဆိုသူများကို လိုက်လျောကာ ကာတာက ဝင်ခွင့်ပေးခဲ့သည်။ နိုဝင်ဘာလ ၄ ရက်နေ့တွင် အီရန်နိုင်ငံရှိ စစ်သွေးကြွများက ခိုမေနီ ( Ayatollah Khomeini) ၏ ခွင့်ပြုချက်ဖြင့် အမေရိကန် သံရုံးကိုဝင်စီးခဲ့သည်။ စစ်သွေးကြွ လူ ၃၀၀၀ ကျော်က ဓားစာခံ ၆၆ ယောက်ကို သံရုံးအတွင်းတွင် ဖမ်းဆီးထားခဲ့သည်။ ၂ ပါတ်အကြာတွင် ဖမ်းဆီးခံရသူ တစ်ဒါဇင်ကျော်ကို ပြန်လွှတ်ခဲ့သော်လည်း ကျန်လူ ၅၂ ယောက်ကိုမှု ထိန်းသိမ်းထားဆဲ ဖြစ်သည်။
၁၉၈၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်တွင် ဓားစာခံများလွတ်မြောက်ရန် ကြိုးစားရင်း အီရန် သဲကန္တာရအတွင်းဝယ် ဟယ်လီကော့ပတာ ပျက်ကျ၍ လူ ၈ ဦး သေဆုံးခဲ့သည်။ ထိုဓားစာခံများမှာ နောက်ဆုံး ကာတာ သမ္မတအဖြစ်ကို စွန့်၍ ရီဂင် ကျမ်းကျိန်ပြီးခါမှ အီရန်နိုင်ငံမှ ထွက်ခွာခွင့်ရခဲ့သည်။ အကျဉ်းကျရက် ၄၄၄ ရက် ကြာခဲ့သည်။
သူ သမ္မတလုပ်စဉ်က အောင်မြင်မှုများထက် ကျရှုံးရမှုများကိုသာ လူအများ သတိရခဲ့ကြပါသည်။ သမ္မတ အဖြစ်မှ အငြိမ်းစားယူခဲ့ပြီးသူ့ဘဝကို နောင်လာမည့် ခေါင်းဆောင်များအတွက် အတုယူဖွယ်ရာ ဘဝမျိုးဖြစ်အောင် နေနိုင်ခဲ့ပါသည်။ သူသည် ကာတာစင်တာကို ထူထောင်ပြီး လူသားတို့ ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်ပါတော့သည်။ ရောဂါတိုက်ဖျက်ရေး၊ ဆင်းရဲ ချမ်းသာ ကွာဟမှုနည်းပါးရေးအတွက် အစွမ်းကုန်ဆောင်ရွက်ခဲ့သည်။ လွတ်လပ်သူ သံတမန် (Freelance Diplomat) အဖြစ် တကမ္ဘာလုံးအနှံ့ ခရီးသွားခဲ့သည်။ သူ့နောက်မှ သမ္မတ ဖြစ်လာသည့် သူများ၏ အငြိုအငြင်ကို ခံရပြီး ၂၀၀၂ အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုကို ဆွတ်ခူးခဲ့သည်။
၁၉၇၇ ခု ဇန်နဝါရီလက ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် ကြည့်ရှုသူ ပရိသတ်ကို တအံ့တသြဖြစ်စေ ခဲ့ပြီး ပင်ဆစ်ဗေးနီးယားလမ်းမကြီးတလျှောက် အိမ်ဖြူတော်သို့ ဇနီးနှင့်သမီးဖြစ်သူကို လက်ဆွဲပြီး လမ်းလျှောက် ခဲ့သည်။ သူ့၏ လူ့အခွင့်အရေးပေါ်လစီများမှာ အမေရိကန်ပြည်၌ အသစ်ပေါ်ပေါက်လာသော နည်းလမ်းများဖြင့် အခြားရက်စက်သော အစိုးရများကို ကိုယ်တွယ်နိုင်ရန် ထင်ရှားခဲ့သည်။ ဆိုဗီယက်ယူနီယံမှ ဘရက်ဇညက် (Leonid Brezhnev) နှင့် Strategic Arms Limitation Talk- SALT II စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည် တရုတ်ပြည်မှ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် (Deng Xiaoping) သည် ဝါရှင်တန် လာရောက်လည်ပတ်ပြီး သံတမန်ဆက်ဆံရေးကို ဆောင်ရွက်နိုင်ခဲ့သည်။ သမ္မတရီဂင်က ကန့်ကွက်နေသည့်တိုင် ပနားမားနိုင်ငံသို့ ပနားမားတူးမြောင်း၏ အရေးကိစ္စများကို အုပ်ချုပ်ပိုင်ခွင့် ပေးအပ်နိုင်ခဲ့သည်။
ကာတာ (James Earl Carter Jr) ကို ၁၉၄၄ ခု အောက်တိုဘာလ ၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မချမ်းသာသော်လည်း ကောင်းစွာနေထိုင်စားသောက်နိုင်သည့် မိသားစုတစ်ခု ဖြစ်သည်။ ဖခင် (James Earl Carter) သည် မြေဧက မြောက်မြားစွာကို ပိုင်ဆိုင်ပြီး မြေပဲ၊ ဝါဂွမ်းနှင့် အခြားသီးနှံများကို စိုက်ပျိုးနေသူ ဖြစ်သည်။ မိခင်ဖြစ်သူ (LiLian Gordy Carter) မှာ သူနာပြုတစ်ယောက် ဖြစ်ပြီး အမြဲတမ်း စာဖတ်သူတစ်ယောက် ဖြစ်သည်။ လူမှုရေးကို စိတ်ဝင်စားသည်။
ဂျင်မီမှာ မိဘနှစ်ပါးမှ လူမှုရေးကို စိတ်ဝင်စားသော စိတ်ဓာတ်အမွေကို ရရှိခဲ့သည်။ ဘာသာရေးကို ကိုင်းရှိုင်းပြီး ဘုရားကျောင်း မှန်မှန်တက်ကာ မိတ်ဆွေမြောက်မြားစွာ ရှိခဲ့သည်။ စနေနေ့ညတွင် ပါတီပွဲများ တက်၍ တနင်္ဂနွေနေ့တွင် ဘုရားကျောင်းသို့ သွားသူ ဖြစ်သည်။
ကာတာသည် လူမည်းအိမ်နီးချင်းများနှင့် ရင်းနှီးစွာ နေထိုင်ခဲ့သည်။ “သူတို့နှင့် ကစားတယ်၊ အမဲလိုက် ငါးမျှားပြီး ထွန်ယက်စိုက်ပျိုးတဲ့နေရာမှာလည်း အတူတူပဲ ”သူ့စာအုပ် “An Hour Before Daylight” တွင် ရေးသား ဖော်ပြခဲ့သည်။ အနေအထိုင် ဆင်းရဲခဲ့ပြီး အိမ်သာမရှိသော အိမ်များ ဖြစ်သဖြင့် အပြင်ဘက်မှာ ကိစ္စပြီးကြရသည်။
၁၉၅၁ ခုနှစ် အမေရိကန်ပြည်၏ ပထမဆုံးရေငုပ်သင်္ဘော Nautilus တည်ဆောက်ရေးတွင် ပါဝင်ခဲ့သည်။ ထို့နောက် ကျောင်းပြန်တက်ကာ နျူကလီယားအင်ဂျင်နီယာ ဘာသာရပ်ကို ယူခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဖခင်မှာ ဂျော်ဂျီယာလွှတ်တော်တွင် ဆီးနိပ်အမတ်အဖြစ် အရွေးခံရသည်။ ပန်ကရိယကင်ဆာဖြင့် အသက်ဆုံးရှုံးခဲ့သည်။ သူ့ညီအစ်ကို သုံးယောက်မှာလည်း ပန်ကရိယကင်ဆာဖြင့်ပင် အသက်ဆုံးရှုံးရသည်။
(၃)
အသက် ၅၆ နှစ်အရွယ်တွင် အိမ်ဖြူတော်ကို စွန့်ခွာခဲ့ပြီး ကာတာ ၏ ဘဝသည် စာအုပ်ရေးရုံ၊ ကာတာ စင်တာဆောက်ရုံတို့ထက်သာအောင် ကျင့်ကြံနေထိုင်ခဲ့သည်။ သူ လုပ်ကိုင်ချင်ခဲ့သည်မှာ သမ္မတဘဝက မလုပ်ကိုင်နိုင်ခဲ့သော အလုပ်များပင် ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ဆင်းရဲသားတို့အတွက် အိမ်ဆောက်လုပ်ရေး Habitat for Humanity ပရောဂျက်ကို စတင်လုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် အရောက်တွင် နိုင်ငံ ၁၄ နိုင်ငံ၌ အိမ်ပေါင်း ၄၄၀၀ ကျော်ကို တည်ဆောက်ခဲ့သည်။ အချို့မှာ ပြင်ဆင်ရခြင်း ဖြစ်သည်။ အာဖရိကတွင် Guinea Worm ရောဂါပိုးကင်းစင်အောင် ကြိုးစားခဲ့သည်။ တစ်ပတ်ခြား တနင်္ဂနွေနေ့များတွင် ဘုရားရှိခိုးကျောင်းရှိ စာသင်ခန်းတွင် သင်ခန်းစာများ ပို့ချခဲ့သည်။ သူ့တွင် သားသမီး ၄ ယောက်၊ မြေး ၁၁ ယောက်နှင့် မြစ် ၁၄ ယောက် ကျန်ရစ်ခဲ့ပါသည်။
ကိုသန်းလွင်
Ref: A peace maker who never stop striving By Roy Reed / Peter Baker NY Times December 31 2024
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar