ကရင်ပြည်နယ် မြဝတီမြို့၊ ရေပူကျေးရွာမှာ ဇန်နဝါရီလ ၆ရက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး လက်ပစ်ဗုံးမတော်တဆ ပေါက်ကွဲတာကြောင့် လက်ပစ်ဗုံးကိုင်ဆောင်ထားတဲ့ သူအပါအဝင် သူဇနီးပါသေဆုံးခဲ့ပြီးတခြား လူ ၃ ဦးကို ထိမှန်တာကြောင့် ဒဏ်ရာတွေရခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့၊ ရေပူကျေးရွာမှာ ဇန်နဝါရီလ ၆ရက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး လက်ပစ်ဗုံးမတော်တဆ ပေါက်ကွဲတာကြောင့် ၂ဦးပွဲချင်းပြီး သေဆုံးကာ ၃ဦးက ဒဏ်ရာတွေပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။ “မနေ့ညက ရေပူကျေးရွာဘက်မှာ အုပ်ချုပ်ရေးမှူးရုံးနောက်က BGF တပ်ဖွဲ့ဝင်တယောက်ပေါ့ ကိုထွန်းမင်းဦးလို့ခေါ်တယ်။ ထွန်းမင်းဦးကိုင်ဆောင်ထားတဲ့ လက်ပစ်ဗုံးက သူဖာသူထပေါက်တော့ သူတို့လင်မယား ၂ဦးလည်းသေတယ်။ ထိခိုက်ဒဏ်ရာရတာက ၃ဦး လောလောဆယ် ဆေးရုံတင်ထားရတယ်။ ကိုထွန်းမင်းဦးတို့လင်မယားကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ ကျန်တာဗိုက်ကြီးတဦးအပါအဝင်ဒဏ်ရာရရှိကြတယ်၊ သူ့ရဲ့ယူနီဖောင်းမှာရှိတာကနေ ထပေါက်တာ စနက်တံပြုတ်ပြီး ထပေါက်တာ” […]