ylliX - Online Advertising Network
ပြင်ဦးလွင်နှင့် အုတ်ဖိုတွင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် လူငယ်များကို ပေါ်တာဆွဲ ဆက်တိုက်ဖမ်းဆီးနေ၊ လှည်းကူးတွင် စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ တောင်းခံ - Khit Thit Media

ပြင်ဦးလွင်နှင့် အုတ်ဖိုတွင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် လူငယ်များကို ပေါ်တာဆွဲ ဆက်တိုက်ဖမ်းဆီးနေ၊ လှည်းကူးတွင် စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ တောင်းခံ – Khit Thit Media


ရန်ကုန်၊ ဇန်နဝါရီ ၉

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရပ်ကွက် အတွင်းမှ လူငယ် အားလုံး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလမှ စတင်ပြီး ပြင်ဦးလွင်မြို့တွင် အကြမ်းဖက် စစ်တပ်ခန့် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်အေးနှင့် သားဖြစ်သူ ပျူစောထီး ဇော်လတ်က ဦးဆောင်ပြီး ရပ်ကွက်အတွင်းမှ လူငယ်များ စစ်မှုထမ်း ကင်းလွတ်ရန် ငွေပေး၍ မရတော့ကြောင်း ပြောဆိုပြီး လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးလာ၍ ရပ်ကွက်အတွင်းမှ လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူး မောင်အေးနှင့် သားဖြစ်သူ ပျူစောထီး ဇော်လတ်သည် ၇ ရပ်ကွက်အတွင်းရှိ လူငယ်များ၏ အမည်စာရင်းများကို ယူဆောင်ပြီး ညစဉ် ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်မှုထမ်းအတွက် မဲနှိုက်ရမည်ဆိုကာ စစ်ထဲထည့်ခြင်းများ ပေါ်ပေါ်တင်တင် လုပ်ဆောင်လာကြောင်း သိရှိရသည်။

“ပြင်ဦးလွင်မြို့က ရပ်ကွက် ၇ အုပ်ချူပ်ရေးမှူး မောင်အေးက သူရဲ့ သား ပျူစောထီးနဲ့ ပူးပေါင်းပြီး သားအဖ နှစ်ယောက် ရပ်ကွက်ထဲရှိတဲ့ လူငယ်တွေကို စစ်မှူးထမ်းဖို့ လိုက်ခေါ်တယ်။ အစကတော့ မသွားချင်ရင် ပိုက်ဆံပေးခိုင်တယ်။ အခုက ပိုက်ဆံပေးလည်းမရတော့ဘူး ပြောတယ် လူငယ်တွေကို စစ်ထဲဝင်ဖို့ လိုက်ဖမ်းတာတွေ လုပ်နေတယ်။ ရပ်ကွက်ထဲက လူငယ်တွေက မိသားစုနဲ့ ခွဲပြီးပြေးနေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ ပြည်တော်သာရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ဆန်းထွေးက ၎င်းနေအိမ်၌ စစ်ကောင်စီ တပ်သားများကို ဖိတ်ခေါ်၍ လူငယ်များကို နေအိမ်ထဲထိ ပေါ်တာဆွဲ ဖမ်းဆီးနေ၍ လူငယ်အားလုံး ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလပိုင်းမှ စတင်ပြီး အိုးသည်ကုန်းမြို့ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဆန်းထွေးသည် ကျေးရွာအတွင်းရှိ လူငယ်များ စစ်တပ်ခေါ်၍ နေအိမ်ထဲထိ လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း ရပ်ကွက် အတွင်း နေထိုင်သည့် ကိုထိပ်ရှည်ဆိုသော လူငယ်ကိုလည်း စစ်ကောင်စီ တပ်သားများ ခေါ်ဆောင်၍ နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

“အိုးသည်ကုန်းမြို့ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဆန်းထွေး ဦးဆောင်တဲ့ စစ်ခွေးနဲ့ ရဲခွေးတွေက ဒေသနေ လူငယ်များကို နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲမှုတွေ လုပ်နေလို့ လူငယ်တွေ တိမ်းရှောင်နေရတယ်။ ပြည်တော်သာ ရပ်ကွက်က ကိုထိပ်ရှည်ကို နေအိမ်ပေါ်တက်ပြီး ပေါ်တာဆွဲသွားတယ်။ လူငယ်တွေ အိမ်မှာ မနေရဲတော့ဘူး။ အုပ်ချုပ်ရေးမှူး ဆန်းထွေးက သူ့အိမ်မှာ စစ်ခွေတွေခေါ်ထားပြီး မိုးချုပ်ပြီဆိုတာနဲ့ ဧည့်စာရင်းစစ်ဖို့ဆိုပြီး အိမ်ထဲဝင်ပြီး လူငယ်တွေကိုပေါ်တာဆွဲတာ တစ်လကို ၃ ဦး ပေါ်တာဆွဲပေးရတာ လူမပြည့်လို့ အိမ်ပေါ်တက်ဆွဲနေတာလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်မြို့၊ လှည့်ကူးမြို့နယ်၊ မင်းကုန်းစံပြရွာမှ အုပ်ချုပ်ရေးမှူး ဇော်ဝင်းက လူငယ်များကို စစ်မှုထမ်း၌ ပါဝင်သည်ဟုဆိုကာ လူငယ်များထံမှ ငွေကျပ် သိန်း ၅၀ ဆီတောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အုပ်ချုပ်ရေးမှူး ဇော်ဝင်းက ၎င်းတောင်းခံသော ငွေကြေး ပေးနိုင်ခြင်းမရှိသူများကို စစ်တပ်ထဲ ထည့်မည်ဟု အတင်းအဓမ္မ ခြိမ်းခြောက် တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

“လှည်းကူး မင်းကုန်းစံပြ ကျေးရွာက အုပ်ချုပ်ရေးမှူး ဇော်ဝင်းနဲ့ သူ့အပေါင်းအပါတွေက လူငယ်တွေကို စစ်မှုထမ်းရမယ်ဆိုပြီး လူငယ်တွေဆီကနေ ငွေကျပ် သိန်း ၅၀ ဆီ အတင်းအဓမ္မတောင်းခံနေတယ်။ ငွေမပေးရင် စစ်တပ်ထဲ ဝင်ရမယ်ဆိုပြီးတော့ ခြိမ်းခြောက်တယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



Source link

Leave a Reply

Your email address will not be published. Required fields are marked *