နေပြည်တော်၊ ဇန်နဝါရီ ၉
ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာ ညီလာခံ (၂၀၂၅) ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန – ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံ တကာသံရုံးများမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပညာရေးမှူးများ၊ ပါမောက္ခများ၊ ပညာရှင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပ စာတမ်းရှင်များ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညီလာခံအခမ်းအနားမုခ်ဦးအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက “မင်္ဂလာပါ” သီချင်းဖြင့် နှုတ်ခွန်းဆက် ကပြဖျော်ဖြေကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ပညာဆီမီးတိုင်ကို စက်ခလုတ်နှိပ်၍ထွန်းညှိပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတစ်ခုကိုအဓိကဖန်တီးပုံဖော်ကြသူများသည် ယင်းနိုင်ငံ ၏ နိုင်ငံသားများပင်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အသိပညာအတတ်ပညာ ပြည့်စုံသည့်၊ စဉ်းစားတွေးခေါ်မှုမြင့်မားသည့် နိုင်ငံသားများပေါများရေးကို ဦးတည် ကြိုးပမ်းလျက်ရှိကြောင်း၊ “ပညာ” သည် အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်း အကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ကိုရရှိစေကြောင်း၊ နိုင်ငံသားတိုင်း “အသိဉာဏ်ပညာ” ပြည့်စုံကြမှသာ နိုင်ငံအကျိုးသယ်ပိုးထမ်းရွက်နိုင်မည့် စွမ်းအား ထက်မြက်သည့် အင်အားစုကြီးတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း။
ပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထို့ ကြောင့် တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ် လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည်အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင် အထည်ဖော် အားပေးဆောင်ရွက်လျက်ရှိရာတွင် ယခုကျင်းပသည့်နိုင်ငံတကာ ပညာ ရေးဆိုင်ရာ အသုံးချသုတေသနညီလာခံကလည်း များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း။
ညီလာခံဦးတည်ချက်ကို “ပညာရေး၊ သိပ္ပံနှင့်နည်းပညာ စွမ်းပကားဖြင့် ပိုမို ကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်းအတွက် အနာဂတ်သို့ ညွှန်ပြခြင်း – Navigating the Future: Education, Science and Technology for Brighter and More Prosperous Societies.” ဟု သတ်မှတ်ထားသည်ကို တွေ့ရကြောင်း၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာဟူသည့် ကဏ္ဍသုံးရပ်သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်ရှိပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုများဖြင့် ပေါင်းစည်းလိုက်သည့်အခါ လူ့ဘောင်အဖွဲ့ အစည်းကြီးပွားတိုးတက်ရေးကို ဖန်တီးပေးနိုင်မည့် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ်ကို ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း။
သုတေသနဟူသည့် ဝေါဟာရသည် “သုတ” နှင့် “ဧသန” တို့ကို ပေါင်းစပ်ထား ခြင်းဖြစ်ကြောင်း၊ “သုတ”ဟူသည်မှာ အကြားအမြင်ဖြစ်ပြီး “ဧသန”သည် ရှာမှီးခြင်း ဖြစ်သည့်အတွက် “သုတေသန”ကို မြန်မာအဘိဓာန်တွင် “တစ်စုံတစ်ခုကို ခြေခြေ မြစ်မြစ်သိရန် စူးစမ်းရှာဖွေခြင်း”ဟု ဖွင့်ဆိုထားကြောင်း၊ သုတေသနက ဗဟုသုတ အသစ်များ၊ တွေ့ရှိချက်အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ပေးနိုင် ကြောင်း၊ လက်ရှိအယူအဆများကို သက်သေစိုက်ထူ ခိုင်မာစေနိုင်ကြောင်း၊ လက်တွေ့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး ပညာရပ်ဆိုင်ရာ အသိအမြင်များကို ပိုမိုတိုးတက်မြင့်မားလာစေနိုင်ကြောင်း၊ ထို့ကြောင့် သုတေသန ဟူသည်မှာ ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုတို့ကို တွန်းအားပေးနိုင်စွမ်းရှိသည့် မောင်းနှင်အားတစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ကြောင်း။
သုတေသနလုပ်ငန်းများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွား ရေးလုပ်ငန်းများအတွက် နည်းပညာသစ်များ ဖော်ထုတ်ပြီး ဈေးကွက်သစ်များ ချဲ့ထွင် နိုင်မည်ဖြစ်သကဲ့သို့ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးအတွက် ကျွမ်း ကျင်မှုအရည်အသွေးများနှင့် ပြည့်စုံသည့် ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင် မည်ဖြစ်ကြောင်း၊ယနေ့ကျင်းပသည့် နိုင်ငံတကာသုတေသနညီလာခံကြီးမှ သုတေသန နှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုတံခါးသစ်ကို ဖွင့်လှစ် ပေးသွားလိမ့်မည်ဟု ယုံကြည်ကြောင်း။
နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် ဦးတည်ချက် ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ခေတ်မီ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး အတတ် ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်း ပညာဆိုင်ရာ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် ခရိုင်အသီးသီးတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာများကို သင်ကြားပေးနေသည့် အခြေခံပညာ အထက်တန်းကျောင်း(၈၅)ကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး KG+9 ပြီး မြောက်အောင်မြင်သူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထူးချွန်စွာ အောင်မြင်ပါက သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များကို ဆက်လက်တက်ရောက် နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် ပညာရှင်များစွာလိုအပ်လျက်ရှိနေဆဲဖြစ်သော ကြောင့် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင် ရေး နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တာဝန်ရှိသူများနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ကုန်ထုတ်လုပ်မှုမြင့်မားစေရေးကို အထောက်အကူပြုနိုင်မည့် သုတေသန လုပ် ငန်းများ တိုးချဲ့ဆောင်ရွက်ရေး အားပေးရမည်ဖြစ်ကြောင်း၊ သုတေသန တွေ့ရှိချက် များမှတစ်ဆင့် ထုတ်ကုန်အသစ်ထုတ်လုပ်နိုင်မည့် နည်းပညာအသစ်များကို စက်မှု လုပ်ငန်းများသို့အရောက် နည်းပညာလွှဲပြောင်းပေးခြင်းနှင့် သုတေသနတွေ့ရှိချက် အသစ်များကို လိုအပ်သည့်အဖွဲ့အစည်းများထံ အသိပညာဗဟုသုတ မျှဝေပေးခြင်း ပြုလုပ်နိုင်ပါက နိုင်ငံ့စီးပွားကို အချိန်တိုအတွင်းဖွံ့ဖြိုးတိုးတက်လာအောင် ထိထိ ရောက်ရောက် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း။
ယနေ့ကျင်းပသည့် နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသန ညီလာခံ (၂၀၂၅)တွင် ပြည်တွင်းပြည်ပမှ ပညာရပ်ဆိုင်ရာထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များ နှင့် သုတေသနပညာရှင်ကြီးများက Keynote Speech များနှင့် ပညာဗဟုသုတ မျှဝေ ပေးကြပြီး ဆရာအတတ်ပညာကဏ္ဍ၊ ဝိဇ္ဇာနှင့်သိပ္ပံပညာကဏ္ဍ၊ သမုဒ္ဒရာနှင့် ကမ္ဘာမြေ သိပ္ပံကဏ္ဍ၊ MSME နှင့် TVET ကဏ္ဍ၊ Natural Language Processing – NLP နှင့် AI Technology ကဏ္ဍစသည့် ကဏ္ဍကြီး(၅)ရပ်တွင် စာတမ်းပေါင်း (၁၀၀) ကျော် ဖတ် ကြားတင်သွင်းဆွေးနွေးသွားကြမည်ဟုသိရှိရကြောင်း၊ ထို့အပြင် သုတေသနပိုစတာ ပြပွဲ များနှင့် အားဖြည့်ထားသည့်အတွက် နိုင်ငံတကာသုသေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုခြေလှမ်းအတွက် အားရဂုဏ်ယူကြောင်းကိုပြောကြားလိုကြောင်း၊ သုတေ သနနှင့် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍသည် ဆက်စပ်နေသောကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် သုတေသနလုပ်ငန်းများကို အထူးအားပေးသွားကြရမည် ဖြစ်ကြောင်း။
ယခု သုတေသနညီလာခံကြီးတွင် ရွေးချယ်ခံရသဖြင့် တင်သွင်းသည့် သုတေသန စာတမ်းများသည် ပညာရှင်အဆင့်စာတမ်းများဖြစ်သည်နှင့်အညီ ကမ္ဘာက အားကိုး အားထားပြုရသည့် နိုင်ငံတကာအသိအမှတ်ပြုစာတမ်းများဖြစ်ကြောင်း သိရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကိုလည်း ပြောကြားလိုကြောင်း။
ယခုညီလာခံကြီးကို တက်ရောက်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက ရောက်ရှိလာကြ သည့် နိုင်ငံတကာသုတေသနပညာရှင်ကြီးများနှင့် အွန်လိုင်းက တက်ရောက်ဆွေးနွေး ကြသည့် ပညာရှင်ကြီးများကို နွေးထွေးစွာ ဂုဏ်ပြုကြိုဆိုပါကြောင်း ပြောကြားလိုကြောင်း၊ ပညာရှင်ကြီးများ၏ပါဝင်မှုသည် ညီလာခံကြီး၏ ကြီးကျယ်ခမ်းနားမှုကို ထပ်လောင်းအားကောင်းစေမည်ဟုယုံကြည်ပါကြောင်း၊ ပညာရှင်ကြီးများ၏ကျွမ်းကျင် မှုပညာနှင့် သုတေသနစာတမ်းများ ဖတ်ကြားမှု၊ အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက် ပေးမှုနှင့်သုတေသနညီလာခံမှတ်တမ်းစာအုပ်များ တည်းဖြတ်ပေးမှုတို့သည် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်မှု၏ ပုံရိပ်ကောင်းတစ်ခုဖြစ်သည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်းကို ပြောကြားလိုကြောင်း၊ ထို့အပြင် နိုင်ငံတကာသုတေသန ညီလာခံ ကြီးကို အစစအရာရာ အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြသည့် ညီလာခံကျင်းပရေးကော်မတီ၏ လုံ့လဝီရိယနှင့် ကြိုးစားအားထုတ်မှုများကို မှတ်တမ်း တင် ဂုဏ်ပြုအပ်ပါကြောင်း။
ယခုကဲ့သို့ညီလာခံကြီးများမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အကြံ ကောင်းဉာဏ်ကောင်းများ မျှဝေပေးကြရန်၊ ဘာသာရပ်တူသူများ၊ စိတ်ဝင်စားရာ ပညာရပ်နယ်ပယ်တူသူများ၊ ရည်မှန်းချက်တူသူများအချင်းချင်း သုတေသနပရောဂျက် များပူးပေါင်းဆောင်ရွက်ပြီး ရလဒ်ကောင်းများရှာဖွေဖော်ထုတ်ပေးကြရန်၊ သင်ထောက် ကူပစ္စည်းများ၊ သင်ကြားနည်းစနစ်များမျှဝေပေးခြင်း၊ online သင်တန်းများ ပို့ချခြင်း တို့နှင့် သင်ကြားရေးဆိုင်ရာ ရင်းမြစ်များ တိုးတက်ရေးအတွက် ဖန်တီးပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အထူးသဖြင့် အရာရာကို လေ့လာစူးစမ်းပြီး ရလဒ် အပေါ်အခြေခံသည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လိုကြသည့် လူငယ်လူရွယ် များအတွက် ယခုကဲ့သို့သုတေသနညီလာခံများ ကျင်းပပေးခြင်းဖြင့် လူငယ်များ၏ စူးစမ်းလေ့လာသုတေသနပြုလိုသည့် သုတေသနယဉ်ကျေးမှုကို ပြုစုပျိုးထောင်ပေး ကြရန် တိုက်တွန်းလိုကြောင်း။
ပညာရေး၊ သိပ္ပံနှင့် နည်းပညာ များ၏ စွမ်းပကားများနှင့် နောင်လာနောက်သား မျိုး ဆက်တို့အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး တိုးတက်ကောင်းမွန်သည့် လူမှုစီးပွား ဘဝနှင့်အတူ ပိုမိုတောက်ပသည့်အနာဂတ်ကို လက်ဆင့်ကမ်းပေးပြီး နိုင်ငံအကျိုး၊ ဒေသအကျိုး သယ်ပိုးထမ်းရွက်နိုင်ကြပါစေကြောင်းကို ဆုတောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ်မှကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဂုဏ်ပြုတေးသီချင်း များဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) အထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် ပညာရေး ဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) အထိမ်းအမှတ် ပိုစတာပြခန်း အား တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ ပညာရေး ဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) ကို “ပညာရေး၊ သိပ္ပံနှင့်နည်းပညာ စွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့ အစည်းအတွက် အနာဂတ်သို့ညွှန်ပြခြင်း” ဟူသည့် ဦးတည်ချက်နှင့်အညီ ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ညီလာခံတွင် နိုင်ငံတကာမှ ဝါရင့်ပညာရှင်များနှင့် ပညာရှင်မျိုးဆက်သစ်များပါဝင်ကြပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် အဖွဲ့အစည်းအပေါင်း ၄၅ ခုမှပညာရှင် ၆၂ ဦး၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီးဌာန ၁၁ ခုနှင့် ပညာရေးအဖွဲ့အစည်းများမှ ပြည်တွင်း၊ ပြည်ပပညာရှင် ၄၀ ဦး တို့တက်ရောက်ကြမည်ဖြစ်ကာ Keynote Address (၆) ခု၊ Special Talk (၅)ခုနှင့် ပြည်တွင်း ပြည်ပသုတေသနစာတမ်း (၁၃၃) စောင် ဖတ်ကြားတင်သွင်း သွားမည်ဖြစ် ကြောင်း၊ ယခုကဲ့သို့ညီလာခံကြီးကို ကျင်းပပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် ပညာရေးနှင့်တိုင်းပြည်ကောင်းမွန်တိုးတက်စေရေး နိုင်ငံတော်နှင့်ဒေသတွင်း နိုင်ငံများ ၏ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ လူမှုစီးပွားဘဝ မြင့်မားလာစေရေးတို့အတွက်များစွာ အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Join – https://t.me/MyanmarNationalPost