ဘာလဲဟဲ့ အမေရိကား၊ ဘိုင်ဒင်အထွက်၊ ထရန့်ပြန်အဝင်
နိုင်ငံတကာသာဂိ (မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၅
အမေရိကားနဲ့ ကမ္ဘာကြီးကိုယ်တိုင်ကလည်း ရင်တမမ နဲ့ အမေရိကန်ပြည် နိုင်ငံရေးစင်မြင့်ကို ကြည့်နေကြတယ်။ သက်တမ်း ၁ခုပဲ သက်ဇိုးရှည်တဲ့ သမ္မတကြီး ဘိုင်ဒင်က စင်ပေါ်က အဆင်း၊ ဒုတိယသက်တမ်းပြန် အသက်ဆက်ရတဲ့ သမ္မတကြီး ထရန့်က အတက် ကာလမှာ အနာဂတ်ကို ဘယ်လို မျော်လင့်ထားရမလဲ၊ ပြင်ဆင်ထားရမလဲဆိုတာ လူတိုင်းရဲ့ မေးခွန်းဖြစ်ပါတယ်။
မိတ်ဆွေတဦးကပြောတာကတော့ ထရန့်ပထမသက်တမ်းကလိုပဲ လူတွေဟာ လုပ်ကြံသတင်းတွေ၊ သွေးထိုးလှုံဆော်မှုတွေ၊ အမုန်းတရား ဖြန့်ချိတာတွေ၊ သွေးခွဲကြတာတွေကို ပြန်ရင်ဆိုင်ကြမလားလို့ စိုးရိမ်တယ်။ နောင်တခါ ကိုဗစ်လိုမျိုး သဘာ၀ကပ်ရောဂါတခု ထပ်ရင်ဆိုင်ရရင် ၊ ကာကွယ်ဆေးကို အယုံအကြည်မရှိတဲ့ အစိုးရကြောင့် အမေရိကန်၊ တရုတ်နဲ့ ကမ္ဘာ့သားတွေ ဘာလုပ်ကြမလဲ တွေးမိတယ်။ ကုန်သွယ်ရေးစစ်ပွဲတွေ ပြန်ဖြစ်လာရင် လက်ရှိ စျေးတွေ ဖောင်းပွနေတာ၊ အတိုးတွေ တက်နေချိန်နဲ့ စစ်ပွဲတွေကာလမှာ လူတွေက ဘယ်လို သက်သာရာရမလဲ။ အမေရိကန်က ပြည်ဝင်ခွင့်တွေ တင်းကြပ်တာတင်မက ပြည်တွင်းက နယ်စပ်ဖြတ်ကျော် အထောက်အထားမဲ့နေထိုင်သူတွေကို နှီမ်နှင်းဖမ်းဆီး နှင်ထုတ်လာတဲ့အခါ မိသားစုတွေ ကွန်မြူနီတီတွေမှာ ဘယ်လို ငြိမ်းချမ်းရာကို ရှာဖွေကြမလဲ။ ဒါတွေ မေးခွန်းတွေ ထွက်လာကြပါတယ်။
ထရန့်ကို နယူးယောက်မြို့ တရားရုံးကနေ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တယ်။ သမ္မတမဖြစ်ခင်ကာလက သူ၏ ရာဇဝတ်မှုကျုးလွန်တာကို ဖုံးဖိတာ၊ ငြင်းဆိုတာတွေ ဘယ်လိုလုပ်ခဲ့လုပ်ခဲ့ ဂျူရီတွေက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ အခု သမ္မတပြန်ဖြစ်ဦးမှာ ဆိုတော့ သက်ညှာသော အားဖြင့် အပြစ်ဒဏ်ချတဲ့ တရားသူကြီးက အပြစ်ရှိသော်လည်း ပြစ်ဒဏ်ကို မချတဲ့ ပြစ်ဒဏ်ကို ပေးလိုက်တယ်။ သည်တော့ အမေရိကန်သမိုင်းမှာ ပြစ်မှုကျုးလွန်တဲ့ရာဇဝတ်သားတဦး သမ္မတအဖြစ် ရွေးချယ်ခံရသူအဖြစ် သမိုင်း မှတ်တမ်းဝင်ပါတယ်။
သူ သမ္မတမဖြစ်ခင်ကတည်းက သူ၏ ကြိမ်းဝါးသံတွေ ခြိမ်းချောက်သံတွေ တကမ္ဘာလုံးကို မြည်ဟိန်းသွားတယ်။ ကနေဒါ၊ ပနားမား၊ ဂရင်းလင်းတို့ကို အမေရိကန်က ကိုလိုနီပြုမယ်လို့ ပြောတယ်။ အစ္စရေးနဲ့ ယူကရိန်း စစ်မရပ်ရင် ငါနဲ့ တွေ့မယ် လို့ ပြောတယ်။ ဟားမတ်နဲ့ အစ္စရေးတွေ ငါ သမ္မတမတက်ခင် တိုက်နေတာတွေ ရပ်ကြလို့ ပြောပါတယ်။ အခု ဟားမတ်နဲ့ အစ္စရေး အပစ်ရပ်စာချုပ် ချုပ်ကြပြီ ပြောတယ်။ ပြန်ပေးဆွဲခံထားရတဲ့ အစ္စရေးပြည်သူတွေထဲက ၃၃ ဦးလောက် ပြနလွှတ်မယ်၊ ပါလစ္စတိုင်းအကျဉ်းသား ၁၀၀၀ ကျော် ပြန်လွှတ်ပေးမယ် ဆိုကြတယ်။ တရုတ်ကိုလည်း ကုန်သွယ်ရေးစစ်ပွဲလုပ်မယ် ပြောပေမယ့် တကယ်တန်းကျတော့ သူ့သမ္မတကျမ်းကျိန်ပွဲကို တရုတ်ကို ဖိတ်ထားပြန်တယ်။
ကနေဒါက နိုင်ငံရေးသမား အမျိုးသမီးတဦး သုံးသပ်ပြတာကတော့ သမ္မတထရန့်က အလွန်စျေးဆစ်တတ်၊ စျေးခေါ်တတ်တဲ့ အရောင်းအဝယ်သမား ဖြစ် တယ် တဲ့။ မိုးကဖြင့် မရွာသေးဘဲနဲ့ မိုးခြိမ်းတာကို အရင်လုပ်ပြတယ်။ အဲသည်မှာ လူတွေက ကြိုတင်ပြင်ဆင်ကြတာ၊ ညှိနှိုင်းစျေးခေါ်ကြတာ၊ လက်သိပ်ထိုးကြတာတွေကို သူက လက်ခံပြီးတော့ အကွက်ရွှေ့တာမျိုး လုပ်တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ မက္ကစီကို နယ်စပ်ကို ပိတ်ပစ်မယ်၊ အထောက်အထားမဲ့တွေကို မောင်းထုတ်မယ် ဖမ်းမယ်လို့ အသံပစ်လိုက်တာနဲ့ မက္ကစီကို နယ်စပ်ဟာ တခါတည်း ဝပ်သွားတယ်။ နယ်စပ်ဖြတ်ကျော်တွေ အေးစက်သွားတယ် ပြောပါတယ်။ ကနေဒါအစိုးရကိုယ်တိုင်ကလည်း အမေရိကန်နဲ့ ကုန်သွယ်ရေးဟန်ချက်ညီဖို့ အမေရိကန်ကုန်စည်တွေ ဝယ်ယူမှု တိုးမြှင့်တာ၊ စီမံကိန်းအသစ်တွေ တိုးချဲ့တာတွေ အခုကတည်း လုပ်ပြနေကြသတဲ့။ ဒီလိုမျိူး အခြားသူတွေက သူ့ကို ဖြုံကြပါတယ်။ အီရန်က စစ်ဗိုလ်ချုပ်တဦးကို သူအရင်သက်တမ်းက ဒုံးနဲ့ပစ် ရှင်းလိုက်တာမျိုး သူ လုပ်ပြခဲ့ပြီး ဖြစ်တယ်။ သူက ထင်မထားသလို လက်တုန့်ပြန်တတ်တော့ သူ့ကို ကြောက်ကြတာက အာဏာရှင်ကို ကြောက်ကြသလိုမျိုးလို့ ဆိုပါတယ်။
ကြောက်ကြတာလဲ မပြောပါနဲ့။ ဘိုင်ဒင်၏ အစိုးရအရာရှိကြီးတွေက သမ္မတအသစ်မတက်သေးဘူး၊ ကြိုပြီး အလုပ် ထွက်စာတင်နေကြပြီ။ သူ့ကို အရေးယူဖို့ ကြိုးစားတဲ့ အစိုးရအထူးတရားရေးအရာရှိ ဂျက်စမစ်လည်း ထွက်ပြီ။ သို့သော် သူက မထွက်ခင်မှာ ထရန့်ကို စုံစမ်းစစ်ဆေးရတဲ့ အကြောင်းရင်းနဲ့ တွေ့ရှိချက်တွေကို လူထုထံ ထုတ်ပြန်ခဲ့တော့ အဲသည်ထရန့်၏ လုပ်ဆောင်ချက်တွေကို သတင်းသမားတွေ ပြည်သူတွေ အသေးစိတ် သိခွင့်ရကြမှာ ဖြစ်ပါတယ်။ ထရန့်က နယူးယောက်တရားရုံးမှာ သူသမ္မတမဖြစ်ခင် ငွေလိမ်မှုတွေ အလွဲသုံးစားမှုတွေ နှုတ်ပိတ်လာဘ်ထိုးမှုတွေနဲ့ အပေါ်ကပြောခဲ့သလို အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို ဖျက်ဆီးရန် ကြံစည်မှုတွေကတော့ ပြည်ထောင်စုတရားရုံးက သူသမ္မတအဖြစ် ပြန်လာတဲ့အတွက် ပလပ်ထားလိုက်တယ်။ သို့သော် သူ၏ အာဏာအလွဲသုံးစားမှုတွေ၊ ရွေးကောက်ပွဲကို ဖျက်ဆီးလိုမှုတွေအတွက် ကျုးလွန်တာတွေကတော့ တပြည်လုံးက သိထားပြီး ဖြစ်ပါတယ်။ အခုဟာက သမ္မတပြန်ဖြစ်လာလို့ သူ့ကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရထားတဲ့ သဘောပါပဲ။ ဂေါပကတွေက သူတို့ထဲက သူခိုးကို ဂေါပကချုပ်ခန့်ထားမိတာ လူတွေကတော့ မပြောသာလို့ ခပ်ခွာခွာနေကြရတာမျိုးပေါ့။ အယုံအကြည်မရှိကြတာရယ်၊ မကြည်ညိုကြတာရယ်ကတော့ ထင်ရှားတဲ့အချက်ပါပဲ။ ရွံကြောက်ကြီးကို လူကြီးခန့်ထားမိတာကတော့ သူတို့ထိုက်နဲ့ သူတို့ကံပေ့ါဗျာ။
သမ္မတကြီးဘိုင်ဒင်က သူ့သားကို နောက်အစိုးရအသစ်နဲ့ နောက်တရားရေးဌာ နက အညိုးတကြီး အရေးယူမှာစိုးလို့ နိုင်ငံတော်အဆင့် လွတ်ငြိမ်းခွင့် အမိန့် ထုတ် ရရှာပါတယ်။ အေဘီစီသတင်းဌာနကြီးက ထရန့်ကို ပြောမှားဆိုမှားရှိမိတာကို တောင်းပန်ပြီး မီလျံဒေါ်လာ လက်ဆောင်ပေးပါတယ်။ ဝါရှင်တန်ပို့စ်၊ အယ်လ်အေတိုင်းလို သတင်းတိုက်ကြီးတွေက ထရန့်၏ ကျမ်းကျိန်ပွဲအတွက် အလှူငွေတွေ အလုအယက်ထည့်ကြတယ်။ ဖေ့စ်ဘုတ်က ဇူကာဘတ်က ထရန့်ကို ပြေး ဖူးတွေ့ပါတယ်။ အလှူလည်း ထည့်တယ်။ ပြီးတော့ ဖေ့စ်ဘုတ်က အချက်အလက်မှန်စိစစ်ရေးအလုပ်တွေကို ရုတ်သိမ်းကြောင်း၊ သည်လိုလုပ်တာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်ကြောင်း ပြောပါတယ်။ ထရန့်တို့လို လုပ်ကြံသတင်းတွေ အမှားအယွင်းတွေ ပြောဆိုပြီး လူထုကို မှိုင်းတိုက် ဂုံးတိုက် ချောက်တွန်းတာတွေကို ဆိုရှယ်မီဒီယာကြီးတွေက လက်ပိုက်ကြည့်တော့မယ်လို့ ဆိုလိုက်တာဖြစ်ပါတယ်။ ဝါရှင်တန်ပို့စ်က ကာတွန်းဆရာမက ဒါကို ကာတွန်းရေးလို့ အယ်ဒီတာတွေက တားမြစ်ပါတယ်။ ဆင်ခြေမျိုးစုံနဲ့ ကာတွန်းကို ပြင်ဆင်ခိုင်းလို့ ကာတွန်းဆရာမလည်း အလုပ်က ထွက်ပစ်လိုက်တယ်။ စာနယ်ဇင်းတွေ သတင်းစာလွတ်လပ်ခွင့်တွေ အမှောင်ကျမယ့်သဘောလို့ ဆိုကြတယ်။ ထရန့်ကလည်း သူ့ကို မကောင်းရေးသူတွေအားလုံးကို တရားစွဲပစ်မယ် ပြောထားတယ်။ ထရန့်၏ လက်စွဲ အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်ကလည်း အလွန် နှုတ်စွာတော့ ထရန့်ပေါ်လစီမှန်သမျှ သူက ငွေနဲ့ ပေါက်ပြီး သူ့ဩဇာနဲ့ ပေါက်ပြီး ဖြစ်အောင် လုပ်ပစ်မယ်ဆိုတာမျိုး အတိအလင်းဆိုထားပါတယ်။ သူကိုယ်တိုင်က အစိုးရဖောင်းပွမှု လျော့ချရေးအဖွဲ့ခေါင်းဆောင်လုပ်ဦးမှာကိုး။
ဘိုင်ဒင်ကြီးခင်ဗျာ သူ့၏ နောက်ဆုံးနှုတ်ဆက်မိန့်ခွန်းမှာ အမေရိကန်နိုင်ငံရေးကို အော်လီဂတ်လို့ ခေါ်တဲ့ ထိပ်သီးချမ်းသာသူလူနည်းစုတွေ လူ့မလိုင်တွေ၏ ထိန်းချုပ်မှုအောက် ၊ သူတို့ လက်ခုတ်ထဲကို ရောက်သွားဖို့ ရှိကြောင်း သတိပေးစကား ပြောရုံသာ တတ်နိုင်ပါတယ်။ အော်လီဂတ်တွေကို အော်ဂလီဆန်သော်လည်း အမေရိကန် လူများစု ဆင်းရဲသားတွေက ခေါင်းငုံ့ ခါးစီးခံရဖို့သာ ရှိပါတယ် ။ ငွေအလွဲသုံးစားလုပ်ရင် အခွန်ရှောင်ရင် ပြည်သူတွေက ထောင်ချခံရပြီး ဒေါ်နယ်ထရန့်က သမ္မတ ၂ ကြိမ်တောင် ဖြစ်နိုင်တဲ့ လောကကြီးဆိုတော့ စိတ်ပူမယ်ဆို စိတ်ပူရမှာပေါ့။ တက္ကနိုလိုဂျီကို ခါးစောင်းတင်ထားတဲ့ နည်းပညာလုပ်ငန်းရှင်ကြီးလူနည်းစုကလည်း ထရန့်၏ ဒူး၂ဘက်လုံးကို ကျစ်ကျစ်ပါအောင် ဖက်ပြီး ခစားနေကြပြီ။ တစ်တော့က တရုတ်ပိုင်မို့ ပိတ်ရမယ် ဘယ်လောက် ပြောပြော တစ်တော့စီအီးအိုက ထရန့်ကျမ်းကျိန်ပွဲတက်ဖို့ အဖိတ်ခံထားရပါတယ်။ နိုင်ငံရေးပြိုင်ဘက် တရုတ်၏ ဒုသမ္မတလည်း ကျန်းကျိန်ပွဲ တက်မှာတဲ့။
ပြည်ထောင်စုအဆင့် လူတဦး၏ တနာရီဝင်ငွေက ၇ ကျပ်တမတ် ဒေါ်လာပဲ သတ်မှတ်ချက် ရှိပါတယ်။ ခုထိ မပြင်ပေးတာ နှစ်ပေါင်း ၅၀ လောက် ရှိနေပြီ။ ပြည်နယ်တွေဟာ တခုနဲ့တခု ဆင်းရဲချမ်းသာ ကွာဟကြလို့ အဆင်းရဲဆုံးပြည်နယ်က အဆင့် တနာရီ ၇.၂၅ ဒေါ်လာနှုန်းကို ထားကြတယ်လို့ ဆင်ခြေပေးနိုင်ကြပါတယ်။ သို့သော် ကယ်လီဖိုးနီးယား၊ နယူးယောက်နဲ့ ဝါရှင်တန်စတိတ်တွေမှာ အခြေခံ တနာရီ ၁၅ ဒေါ်လာ ရနေပါပြီ။ တနာရီ ၁၅ ဒေါ်လာဆိုတာ ပြည်နယ်အဆင့် အနည်းဆုံးအေလုပ်သမားတနာရီစာ ခံစားခွင့် သတ်မှတ်ချက်ဖြစ်လာပြီး ပြည်နယ်မှာလည်း လူနေမှု မြင့်လာပါတယ်။ ပညာတတ်သူတွေ အခြေခံနဲ့ အထက်တန်းကျောင်း ပညာတတ်သူတွေ ပေါများပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်ပါတယ်။ အမေရိကားမှာ ၇.၂၅ နဲ့ အောက်မှာ နေရတဲ့ ဆင်းရဲတဲ့ အမေရိကန် ပြည်နယ်ပေါင်း ၂၀ ရှိပါတယ်။ ချွင်းချက်ကတော့ တက္ကဆပ်ပြည်နယ်ပါ။ သူက ချမ်းသာသော်လည်း အလုပ်သမားလုပ်ခကို ခုထိ တရားဝင် မြှင့်မပေးတဲ့ ပြည်နယ် ဖြစ်ပါတယ်။ အဲသည် ဆင်းရဲတဲ့ပြည်နယ်အားလုံးက ရီပတ်ဘလစ်ကန်ပြည်နယ် အများစု ဖြစ်ပါတယ်။ ထရန့်ကို မျက်စိမှိတ်ထောက်ခံကြပါတယ်။ ဘုရားသခင်ကို ယုံသလိုမျိုး ထရန့်၏ နှုတ်ခပတ်တော်က ထွက်သမျှ အမှန်လို့ ထင်ပါတယ်။ ဆင်းရဲမွဲတေမှု မြင့်မားပြီး ကောလိပ်ကျောင်းပညာတတ်မှု အားနည်းပါတယ်။ သူတို့တွေက ထရန့်လိုမျိုး ရန်လိုတဲ့ သွေးခွဲတဲ့ နိုင်ငံရေးသမားတွေကို ပြည်ထောင်စု လွှတ်တော်ကို ပို့ပေးတင်မြှောက်လိုက်ကြပါတယ်။ နိုင်ငံတော်အဆင့်ပေါ်လစီတွေကို သူတို့တွေ ချယ်လှယ်ကြတော့ တိုင်းပြည်က သောာင်းပြောင်းထွေလာ ဖြစ်ကြပါတယ်။
ဥပမာ တခုပေးပါမယ်။ ယခုလအတွင်း ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ တောမီးလောင်တယ်။ အိမ်ပေါင်း သောင်းချီ ဆုံးရှုံးတယ်။ လူပေါင်း သိန်းဂဏန်းနည်းပါး အိုးအိမ်မဲ့ ဖြစ်ကြတယ်။ ဘီလျံပေါင်း ၂၀၀ အထိ စီးပွားရေးအရ ပိုင်ဆိုင်မှုအရ ပျက်စီးပါတယ်။ အဲသည်အတွက် ပြည်ထောာင်စု အဆင့် ကူညီထောက်ပံ့ပေးမှုလို့ပါတယ်။ သဘာ၀တောမီး ကပ်ဘေးတခု ဖြစ်ပါတယ်။ သို့သော် ရီပတ်ဘလစ်ကန်တွေနဲ့ ထရန့်ကတော့ ပြည်နယ်အစိုးရညံ့လို့ မီးလောင်ရတာလို့ အပြစ်တင်ပါတယ်။ သဘာ၀မီးဘေး၏ သားကောင်ပြည်သူတွေကို ကိုယ်ချင်းစာ ကူညီထောက်ပံ့မယ့်အစား သွေးခွဲတာတွေ၊ ပြစ်တင်တာတွေ နိုင်ငံရေးကစားတာတွေ ရှေ့တန်းတင်ပါတယ်။ ကယ်လီဖိုးနီးယားပြည်သူတွေ က သူတို့၏ ညံ့ဖျင်းတဲ့ အစိုးရ တင်မြှောက်ထားလို့ ခံကြရတယ်လို့ စွပ်စွဲပါတယ်။ မီးသတ်အရာရှိချုပ်က အခြောက်မကြီး၊ အယ်အေမြို့တော်ဝန်က လူမည်း အခြောက်မကြီး၊ ဘုရားသခင် ဒဏ်ခတ်တာ၊ တောတွေကို ကောင်းကောင်း မထိန်းသိမ်းတတ်ကြဘူး။ အလကားနေရင်း တောင်တွေပေါ် ပြွတ်သိပ်ပြီး အိမ်ဆောက်နေကြတာကိုး။ သည်လိုအစိုးရမျိုးကို ငွေကြေးကူညီတာ မလုပ်ခင် မင်းတို့ပြည်နယ်အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။ တင်ပြရမယ်။ ဒါမှ ငွေကြေး ထောက်ပို့တာတွေ လုပ်မယ်ဆိုပြီး ရီပတ်ဘလစ်ကန် အမတ်တွေက ပြောကြ ဆိုကြ ဟောပြောကြပါတယ်။ ထရန့်ကလည်း ပြည်နယ်ဝန်ကြီးချုပ် နယူးဆန်ကို လူလိမ်ကောင်လိုမျိုး နာမည်ပြောင်နဲ့ ပျက်ရယ်ပြုပါတယ်။ အဲသည် ဆင်းရဲပြီ ပညာမတတ်တဲ့ ပြည်နယ်အမတ်တွေက သည်လိုမျိုး တပါးသူများတွေ ဘေးဒုက္ခကျသူတွေကို တုန့်ပြန်တာမျိုး ဖြစ်ပါတယ်။
ပညာတွေ တတ်ပြီး ချမ်းသာတဲ့ လူနည်းစု အော်လီဂတ်တွေဖြစ်တဲ့ အီလွန်မတ်၊ ဇူကာဘတ်၊ အမေဇုန်သူဌေး၊ စတဲ့ အစရှိတဲ့ နောက်ကွယ်က နေကြတဲ့ လူနည်းစု သူကြွယ်ကြီးတွေ လူလည်ကြီးတွေကတော့ သည်လို ပညာမတတ် ဆင်းရဲ ဒေါသကြီး မောဟကြီးတဲ့ လူအုပ်စုကြီးကို မြှောက်ပင့် ကြိုးကိုင်ပြီး သူတို့၏ လောဘအကျိုးစီးပွားများကိုသာ ပိုမိုဖြစ်ထွန်းအောင် ထရန့်နဲ့အတူ ဆက်လက် လုပ်ဆောင် ချီတက်ကြဦးမှာကို စောင့်ကြည့်ကြဖို့သာ ရှိကြောင်း တင်ပြလိုက်ရပါတယ်။ ခင်ဗျား။
သည်ဆောင်းပါးကို အေအိုင် ချက်ဂျီပီတီအကူနဲ့ ရေးတာ မဟုတ်ပါ။ ပြည်တွင်းက မိုးမခအယ်ဒီတာက သာဂိကို ဘာသာပြန်ဆောင်းပါးရေးတာ အလွန် ထောင့်ကြောင်း ညံ့ဖျင်းကြောင်း ဝေဖန်ပါတယ်။ သာဂိက ချက်ကြီး၏ အကူနဲ့ ဘာသာပြန်ကြောင်း ဝန်ခံရပါတယ်။ မိုးမခခရိုနီကယ်တွေ နေ့စဉ်ရေးရသူ မိုးမခအယ်ဒီတာအနေနဲ့ ချက်ကြီးကို သုံးရေးတာမဟုတ်ဘူးလို့ သူက ထောက်ပြပါတယ်။ ဒါကြောင့် သည်ဆောင်းပါးကို ကိုယ်တိုင်ရေးဖြစ်ကြောင်း ဝန်ခံစာ ထည့်လိုက်ပါတယ်။ ထရန့်က တရားစွဲရင် သာဂိလည်း ကိုယ်ဖြစ်ကိုယ်ခံပေါ့နော်။ သမ္မတကျမ်းကျိန်ပွဲလည်း အဖိတ်မခံရတော့ အားတော့ ငယ်မိသား။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar