ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Gaite Lyrique ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ရွှေ့ပြောင်းနေထိုင်သူအုပ်စုတစ်ခု ဝင်ရောက်နေထိုင်လျက်ရှိသည်မှာ တစ်လခန့်ရှိလာပြီ ဖြစ်သည်။
ဥရောပ၏ ကြောက်မက်ဖွယ်အေးစက်လှသော ဆောင်းကာလတွင် ၎င်းတို့မှာ ခိုလှုံရာနေရာမဲ့ ဖြစ်နေသည်။
Gaite Lyrique ကဇာတ်ရုံကြီးတွင် ဒီဇင်ဘာလ ၁၀ ရက်က “ပြင်သစ်တွင် ဒုက္ခသည်များကြိုဆိုရေး ပြန်လည်ဆန်းသစ်ခြင်း” ဟူသောအမည်ဖြင့် အခမဲ့ကွန်ဖရန့်တစ်ခု လက်ခံကျင်းပခဲ့သည်။
ထိုကွန်ဖရန့်သို့ တက်ရောက်ခဲ့သော အာဖရိက ရွှေ့ပြောင်းနေထိုင်သူ ၂၅၀ ဦးမှာ ပွဲပြီးချိန်တွင် ကဇာတ်ရုံထဲမှ ပြန်မထွက်ကြတော့။
ထို့အပြင် အိပ်စရာနေရာမရှိသော နောက်ထပ် ၅၀ ဦး ထပ်မံရောက်ရှိလာခဲ့သည်။ ၎င်းတို့အတွက် ပဲရစ်၏ အအေးဒဏ်မှ ခိုလှုံစရာ နေရာမရှိ ဖြစ်နေသည်။
ထိုသူတို့ ဝင်ရောက်နေထိုင်မှု တစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ရာ ကဇာတ်ရုံစီမံခန့်ခွဲရေးအဖွဲ့က ဇန်နဝါရီ ၂၄ ရက်အထိ စီစဉ်ထားသောပွဲများအားလုံးကို ဖျက်သိမ်းလိုက်ရသည်။
ထိုသို့ ပွဲစဉ်များ ဖျက်သိမ်းလိုက်ရမှုကြောင့် ကဇာတ်ရုံမှာ ဒေဝါလီခံရမည့် အခြေအနေသို့ ဆိုက်သွားသည်။
ကဇာတ်ရုံလည်ပတ်သောကုမ္ပဏီ၏ အဓိကဝင်ငွေလမ်းကြောင်း ၇၀ ရာခိုင်နှုန်းမှာ ထိုသို့သော ပွဲလမ်းများကို မှီခိုနေရခြင်းဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းမှာ နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်း ဖြစ်သည်။
“သန့်ရှင်းရေးအခြေအနေက တနေ့တခြားဆိုးရွားလာပါတယ်။ ကဇာတ်ရုံ ထိန်းသိမ်းလည်ပတ်ရေးအဖွဲ့က ဒီပြဿနာကို နေ့စဉ်ရင်ဆိုင်နေရပါတယ်” ဟု ကဇာတ်ရုံလည်ပတ်သည့်ကုမ္ပဏီက ထုတ်ပြန်ထားပြီး ထိုသူများအတွက် ခိုလှုံရာနေရာ စီစဉ်ပေးရန် ဒေသအာဏာပိုင်များထံ တောင်းဆိုထားသည်။
“အခုလို ဝင်ရောက်နေထိုင်တာဟာ အဓမ္မနေထိုင်မှု ဖြစ်ပေမယ့် ဒီလူတွေကို ဆောင်းလယ်ကာလကြီးမှာ လမ်းပေါ်ထားလိုက်ဖို့က မစဉ်းစားဝံ့ပါဘူး” ဟု ကဇာတ်ရုံ လည်ပတ်သည့်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
(ကဇာတ်ရုံ၏ လှေကားထစ်များတွင် ဆန္ဒပြမှုများ နေ့စဉ်ရှိနေသည်)
(ကဇာတ်ရုံတွင် ဝင်ရောက်နေထိုင်သူများ ပိုမိုရောက်ရှိလာသောကြောင့် အခြေအနေများမှာ ပိုမိုဆိုးရွားလာသည်)
(စားပွဲပေါ်၊ စားပွဲအောက်တို့တွင် ရွှေ့ပြောင်းနေထိုင်သူများ အိပ်စက်နေကြပုံ)
(ကဇာတ်ရုံကြီးတွင် ဝင်ရောက်နေထိုင်သော ရွှေ့ပြောင်းဒုက္ခသည်ဦးရေမှာ ၃၀၀ ခန့်အထိ ရှိလာသည်)
(တွန်းလှည်းအတွင်းမှ ကလေးငယ်တစ်ဦး)
(အရွယ်မရောက်သေးသော အထီးကျန် ဆယ်ကျော်သက်တစ်ဦး စားပွဲပေါ်တွင် လက်မောင်းပေါ် မျက်နှာအပ်ကာ အိပ်စက်နေပုံ)
(ကျဉ်းမြောင်းသော အလယ်ခေတ်လမ်းကလေးများ၊ သမိုင်းဝင်အဆောက်အအုံများဖြင့် နာမည်ကျော်သည့် third arrondissement တွင် တည်ရှိပြီး ၁၉ ရာစုခေတ် အဆောက်အအုံဖြစ်ကာ ပဲရစ်မြို့ကောင်စီက ပိုင်ဆိုင်သည်)
ရွှေ့ပြောင်းဒုက္ခသည်တို့ ကဇာတ်ရုံတွင် ဝင်ရောက်နေထိုင်မှုကြောင့် ဇာတ်ရုံကို အမှီပြုရပ်တည်ရသော စီးပွားရေးလုပ်ငန်းများ အထိနာလာသည်။
ကဇာတ်ရုံဘေးရှိ စားသောက်ဆိုင်ငယ်တစ်ခုမှာ ကဇာတ်ရုံသို့လာသူများ ဇာတ်ရုံသို့ မဝင်မီနှင့် ဇာတ်ရုံမှ ပြန်လာချိန်များတွင် စားသောက်ကြရာနေရာအဖြစ် အလွန်ကျော်ကြားသည့်နေရာဖြစ်သည်။
ကဇာတ်ရုံတွင် ပွဲလမ်းများမရှိသောကြောင့် ယူရို ၃၀၀၀၀ ခန့် နစ်နာဆုံးရှုံးနေပြီဖြစ်သည်ဟု ဆိုသည်။
“သူတို့က ကျွန်မရဲ့ စီးပွားရေးကို ဖျက်ဆီးနေတာဖြစ်ပါတယ်” ဟု မန်နေဂျာဖြစ်သူ Elia က တိုင်းမ်မဂ္ဂဇင်းသို့ ပြောသည်။
(ရွှေ့ပြောင်းဒုက္ခသည်အများစုမှာ အာဖရိကနိုင်ငံများမှဖြစ်ပြီး ယခင်က ပြင်သစ်ကိုလိုနီနိုင်ငံများ ဖြစ်သည်)
(Gaite Lyrique ကဇာတ်ရုံကြီးတွင် ဝင်ရောက်နေထိုင်သူတို့မှာ စားပွဲအောက်တွင် အိပ်နေကြပြီး ဖုန်းများကို အားသွင်းထားကြသည်)
ရွှေ့ပြောင်းဒုက္ခသည်အားလုံးမှာ အသက် ၁၈ အောက်သာရှိကြသေးရာ မိဘအုပ်ထိန်းသူ မပါသော အရွယ်မရောက်သေးသူများ စာရင်းတွင် အကျုံးဝင်သောကြောင့် အာဏာပိုင်တို့အနေဖြင့် နေစရာနေရာပေးရန်နှင့် အကူအညီပေးရန် တာဝန်ရှိသည်။
သို့သော် ဒေသအာဏာပိုင်တို့က ပြောသည်မှာမူ ထိုသူတို့မှာ အရွယ်ရောက်ပြီးသူများဖြစ်ကြောင်း၊ ကဇာတ်ရုံထဲတွင် အခြေမချမီ လမ်းပေါ်တွင်နေထိုင်ခဲ့သူများဖြစ်ကာ ဒေသအာဏာပိုင်များနှင့် မျက်မှန်းတန်းမိသူများဖြစ်ကြောင်း ပြောသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: French Theater Faces Bankruptcy After Being Occupied by 300 Homeless Migrants
Photo Credit-dailymail