(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၄
MNDAA တပ် ခေါင်းဆောင်ရဲ့ တရုတ်ပြည် တွေ့ဆုံမှု၊ စစ်ကောင်စီရဲ့ လားရှိုးပြန်ယူဖို့ ရည်မှန်းချက်
၁၀၂၇ စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ရဲ့တပြိုင်နက်ထည်း ထိုးစစ်ဆင်တိုက်ခိုက်မှု တနှစ်တင်းတင်းပြည့်ချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းက အုပ်ချုပ်ရေးအခြေစိုက်ရာမြို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မန္တလေးမြို့ပြီးနောက် အချက်အချာ အကျဆုံးမြို့၊ နယ်စပ်ကုန်သွယ်ရေး တင်မက၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ပြည်သူ့စစ် လို့အမည်ပေးထားတဲ့ ဒေသအလိုက် လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါ်ထင်ထင် တဖုံ၊ တိတ်တဆိတ် ဝင်ထွက်သွားလာတဲ့ မြို့ဖြစ်တဲ့ လားရှိုးမြို့ကို စစ်ကောင်စီအနေနဲ့ ပြန်လည်ရယူဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာ တွေ့ရမှာဖြစ်ပါတယ်။
လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA က သိမ်းယူခဲ့တဲ့ ဇူလိုင်လနောက်ဆုံး သီတင်းပတ်နဲ့ သြဂုတ်လ ပထမပတ်တွေက ရေတွက်ကြည့်ရင် ၃ လ နီးပါးကြာမြင့်လာချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေနဲ့ လားရှိုးမြို့ကို ပြန်ဆုတ်ခွာပေးအောင် သို့မဟုတ် မြေပြင်တိုက်ခိုက်မှုနဲ့ ပြန်လည်ရယူဖို့ စစ်ကောင်စီက ပိုင်းဖြတ်ထားပုံ ရပါတယ်။ MNDAA တပ်ဖွဲ့အနေနဲ့ အခြားသော PDF လက်နက်ကိုင် တပ်ရင်းတွေ အကူအညီယူကာ လားရှိုးမြို့နဲ့ ရမခစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေအကြား ထင်ရှားတဲ့ အောင်မြင်မှုတခု မှတ်တိုင်တခုလည်း ဖြစ်ခဲ့ပါတယ်။
သို့ပေမယ့် တရုတ်နိုင်ငံအနေနဲ့တော့ MNDAA က လားရှိုးမြို့သိမ်းယူတာဟာ အမှားကြီးတခု ကျူးလွန်တဲ့ သဖွယ် ရှုမြင်ထားပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဆီ ဦးတည်နေတဲ့ ထိုးစစ်တွေကနေ မြန်မာနိုင်ငံရဲ့ ဗဟိုထိန်းချုပ်မှုအင်အား ပြိုကွဲမယ့် အခြေအနေကို နိုင်ငံရေး ပထဝီ အနေအထားအရရော မဟာဗျူဟာအရပါ လက်မခံနိုင်တဲ့ သုံးသပ်မှုဆီ ရောက်ရှိစေခဲ့ပြီး မူဝါဒ အပြောင်းအလဲ အခြေအနေတရပ်ကို နှိုးဆော်လိုက်သလို ဖြစ်ခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ ဒီလို သုံးသပ်မှု ချဥ်းကပ်မှုတွေကနေ မူဝါဒအပြောင်းအလဲတွေ သံတမန်ရေးအရ စတင်လုပ်ဆောင်မှုတွေ၊ တွေ့ဆုံမှု၊ သတိပေးမှု နိုင်ငံတကာ သိရှိအောင် အသိပေးမှုတွေ ပေါ်ထွက်လာခဲ့တာ တွေ့ရပါတယ်။ သြဂုတ်လလယ်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီရဲ့ နေပြည်တော် ခရီးစဥ်ဟာ တရုတ်အနေနဲ့ စစ်ကောင်စီကို နှစ်သက်သည် ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ မြန်မာနိုင်ငံ ဗဟိုထိန်းချုပ်မှုအာဏာကို အတိုင်းအတာတခုထိ နောက်ခံရပ်တည်ပေးမယ့် ဆုံးဖြတ်ချက်ကို ထင်ရှားစေသလို အဲဒီခရီးစဥ်အပြီး ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ မဲခေါင်-လန်ချန်း အစည်းအဝေးမှာ မြန်မာနိုင်ငံအရေး ကိစ္စမှာ နိုင်ငံတကာအနေနဲ့ ဝင်ရောက်စွက်ဖက်မှု မပြုဖို့ အများသိအောင် ပြောဆိုခဲ့တာပါ။
ဒီအချက်တွေက စစ်ကောင်စီအဖို့ တရုတ်နိုင်ငံနဲ့ ပြန်လည်နီးကပ်စေဖို့ ဖြစ်လာခဲ့ပြီး ရှမ်းမြောက်ဒေသမှာ ပြန်လည်ထိုးစစ်ဆင်ဖို့ ရည်မှန်းချက်တွေကိ အထောက်အကူဖြစ်စေခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုသာ လက်ရှိ ရောက်နေတဲ့ အနေအထားမှာ ပစ်ခတ်တိုက်ခိုက်မှု၊ ထိုးစစ်ဆင်မှု ရပ်တန့်ဖို့ ဖိအားပေးပြီး စစ်ကောင်စီက ၄င်းလက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်လည်ရယူဖို့ ကြိုးပမ်းမှုတွေထဲက တခုဖြစ်တဲ့ မြို့တွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ တိုက်ခိုက်မှုကိုတော့ ရပ်ဆိုင်းဖို့ ဖိအားပေး ပြောဆိုမှုမျိုး မတွေ့ရပါဘူး။
စစ်ကောင်စီ အနေနဲ့ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေနဲ့ မဟာဗျူဟာကျတဲ့ မြို့၊ စခန်းတွေကို ပြန်ရဖို့ ကြိုးပမ်းခွင့် တိုက်ခိုက်ခွင့်ရှိတဲ့ သဘောမျိုး တရုတ်နိုင်ငံက ရှုမြင်ထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ မြန်မာ့အရေးမှာ စစ်အင်အား ချိန်ခွင်လျှာ ဇောက်ထိုးပြောင်းလဲသွားတာမျိုးကို လက်မခံနိုင်တဲ့ မူဝါဒက စစ်ကောင်စီဘက်က တောင်းဆိုလာရင် လက်နက်ခဲယမ်း ရောင်းချပေးတာ၊ အခြားသော စစ်ပွဲအတွက် အရေးပါတဲ့ လိုအပ်တာတွေ ရောင်းချပေးတာမျိုးလည်း ဖြစ်နိုင်ခြေရှိနေတာပါ။
တရုတ်နိုင်ငံက ဘာကြောင့် အခုလို ဆုံးဖြတ်သလဲလို့ ဆိုရင် တရုတ်နိုင်ငံက နံပါတ် တစ် အချက်အနေနဲ့ နိုင်ငံရေးအရ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံ မဟုတ်သလို၊ အခြားနိုင်ငံတွေမှာ လစ်ဘရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ အားပေးထောက်ခံတဲ့ မူဝါဒမျိုးလည်း ချမှတ်ခြင်း မရှိပါဘူး။ စီးပွားရေးမူဝါဒဆိုင်ရာမှာသာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့အရေးမှာလည်း တရုတ်နိုင်ငံအနေနဲ့ ဒီမိုကရေစီ အင်အားစုနဲ့ အာဏာရှင် စနစ်ကျင့်သုံးတဲ့ စစ်တပ်တို့ကို ဘယ်ဘက်ကို ထောက်ခံရမယ်ဆိုတဲ့ ရွေးချယ်မှုက အဓိကကျတဲ့ အပိုင်းမှာ မရှိပါဘူး။
ဒုတိယ အချက်က ၄င်းရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံထဲမှာ စီးပွားရေး၊ နည်းပညာ၊ ကမ္ဘာကြီးကို စိုးမိုးမှုစတဲ့နယ်ပယ်တွေမှာ အဓိကပြိုင်ဘက် ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ဘယ်အင်အားစုကိုမှ အားပေးထောက်ခံမှာ မဟုတ်သလို မပြတ်စောင့်ကြည့်မယ့် မူဝါဒ ချမှတ်ထားတဲ့ အနေအထားလို့ ကောက်ချက်ချနိုင်ပါတယ်။
တရုတ်နယ်စပ်တလျှောက်က တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေခဲ့ရင် ရှိလာခဲ့ရင် အဲဒီအင်အားစုတွေကို တရုတ်နိုင်ငံအနေနဲ့ ဘယ်လို အကူအညီမျိုး အသိအမှတ်ပြုမှုမျိုးမှ လုပ်ဆောင်မှာမဟုတ်သလို အဲဒီအင်အားစုတွေနဲ့ ဆန့်ကျင်ဘက် အခြားအင်အားစုတွေကို အားပေးခြင်းအားဖြင့် အင်အားချိန်ခွင်လျှာမျှအောင် လုပ်ဆောင်မှာ အသေအချာဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးမှာ တရုတ်နိုင်ငံလောက် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ဖို့ ရည်ရွယ်ချက် မရှိတာ အများသိရှိပြီးသား အနေအထားဖြစ်ပြီး တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ် အရေး၊ ထိုင်ဝမ် အရေးတို့မှာ မျက်နှာချင်းဆိုင်ထားကြတဲ့ အနေအထား အဆိုပါ ခေါင်းစဥ် ၂ ရပ်နဲ့တင် အရှေ့အာရှ အရှေ့တောင်အာရှမှာ တရုတ်အမေရိကန် အားပြိုင်မှုက လိုအပ်တာထက် ပိုနေတဲ့ အနေအထားဖြစ်လို့ မြန်မာနိုင်ငံ ပြည်တွင်းစစ်ပွဲထဲက အင်အားစု ချိန်ခွင်လျှာ၊ အကူအညီကိစ္စတွေမှာ တရုတ်နိုင်ငံက ၄င်းတို့ လိုချင်တဲ့ အနေအထားရောက်အောင် ထိန်းညှိဖို့ မောင်းနှင်ဖို့ အခွင့်သာစေတာလည်း ဖြစ်ပါတယ်။
ဒီအနေအထားတွေ အခင်းအကျင်းတွေက တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်တဲ့ ဒေသတွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအဖို့ နားလည်သဘောပေါက်ပြီး မိမိတို့ နယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်နိုင်ဖို့ လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ မိမိတို့လူမျိုးစုကိုကာကွယ်နိုင်ဖို့ ရည်မှန်းချက် ပြည့်မြောက်အောင်လည်း အဓိကထား ဆုံးဖြတ်ကြရမယ့် အခြေအနေမျိုး ကျရောက်နေတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar