ylliX - Online Advertising Network
အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင်

အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင်


(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨

အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင် 

၄ နှစ်တကြိမ် ကျင်းပတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ခုနှစ် ဒီမိုကရက်တစ် ပါတီက လက်ရှိဒုသမ္မတ ကမ်မလာဟဲရစ် နဲ့ ယခင်က သမ္မတ ၄ နှစ်တာဝန်ထမ်းဆောင်ဖူးသူ ရီပတ်ဗလစ်ကန် ပါတီက ဒေါ်နယ်ထရန့်တို့ ယှဥ်ပြိုင်နေကြပြီး ဒီရွေးကောက်ပွဲရလဒ်က မြန်မာနိုင်ငံရေးကို ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်နေတာပါ။ 

စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေး အရေး နဲ့ ဒီမိုကရေစီအရေး လုပ်ဆောင်နေကြတဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့လည်း အမေရိကန် သမ္မတရွေးကောက်ပွဲက ၄င်းတို့အပေါ် အနည်းနဲ့ အများသက်ရောက်မှုတွေ ရှိနိုင်တာကြောင့် စိတ်ဝင်တစားစောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ 

ယေဘုယျအားဖြင့် မြန်မာနိုင်ငံက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ လူနည်းစုအရေးတွေကို အမေရိကန် ဒီမိုကရက်တစ်ပါတီက ပိုပြီးစိတ်ဝင်စားလေ့ရှိပြီး ရီပတ်ဗလစ်ကန် ပါတီက အနည်းငယ် ရှေးရိုးစွဲ အမြင်ရှိတယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် အချို့သော ရီပတ်ဗလစ်ကင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ယခင် ရီပတ်ဗလစ်ကန် သမ္မတအချို့က မြန်မာ့အရေးမှာ ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ သူတွေအင်အားစုတွေကို တက်တက်ကြွကြွ အားပေးထောက်ခံခဲ့ကြတဲ့ သာဓကလည်း ရှိနှင့်ပြီး ဖြစ်ပါတယ်။ သို့ပေမယ့် အခုလက်ရှိ ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်ကတော့ ချွင်းချက် အနေအထားရှိတာလည်း တွေ့ရမှာဖြစ်ပါတယ်။ အမျိုးသမီး အခွင့်အရေး လူနည်းစု အခွင့်အရေးနဲ့ ပတ်သက်လို့ စိတ်မဝင်စားသူ၊ ရွှေ့ပြောင်းအခြေချသူတွေ ဝင်လာမှာကို မလိုလားသူ အဖြစ်အများက သိရှိထားကြပြီး ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းကိုတော့ ဒီမိုကရက်တစ်ပါတီရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရှုမြင်ထားတဲ့ ရပ်တည်ချက် လမ်းကြောင်းအတိုင်း ဆက်လက်စွဲကိုင်မယ့် သူအဖြစ် မြင်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရေး၊ အချို့သော လက်နက်ကိုင် အင်အားစုတွေက ကမ်မလာဟဲရစ် ကို အနိုင်ရစေချင်ကြတဲ့ သဘောတွေ့ရပါတယ်။ 

သို့ပေမဲ့ အမေရိကန် ပြည်ထောင်စုမှာ အခြေကျနေပြီးသား မြန်မာတွေ၊ နိုင်ငံသားဖြစ်ပြီး မဲပေးခွင့်ရရှိကြတဲ့ မြန်မာနိုင်ငံနွယ်ဖွားတွေထဲမှာ ဒေါ်နယ် ထရန့်ကို ထောက်ခံအားပေးကြတာတွေလည်း အများအပြားတွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ ထရန့်သာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရရင် လူဝင်မှုကြီးကြပ်ရေး နဲ့ ပတ်သက်တဲ့ စည်းမျဥ်းစည်းကမ်း၊ ဥပဒေတွေကို တင်းကြပ်လိမ့်မယ်လို့ သူကိုယ်တိုင်က ထုတ်ပြောဆိုခဲ့သလို အများကလည်း အဲဒီလမ်းကြောင်းဘက်ကို ဦးတည်လိမ့်မယ်လို့ ယူဆထားကြပါတယ်။ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသား အချို့က ဘာကြောင့် ထရန့်ကို သဘောကျ နှစ်ခြိုက်ကြသလဲဆိုတဲ့ အချက်က နားမလည်နိုင်စရာလည်း ဖြစ်နေကြတာဖြစ်ပါတယ်။ ကမ်မလာ ဟဲရစ် အနိုင်ရခဲ့ရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ လက်ရှိ မြန်မာအပေါ် ထားတဲ့ မူဝါဒအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မယ့် အနေအထားဖြစ်ပြီး ထရန့်သာ အနိုင်ရခဲ့ရင်တော့ မြန်မာနဲ့ ပတ်သက်တဲ့ ပေါ်လစီက အပြောင်းအလဲ ရှိနိုင်တယ်လို့ အများက ယူဆထားကြတာလည်း ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန် အနေနဲ့ ယူကရိန်း-ရုရှားစစ်ပွဲ၊ ဂါဇာ၊ လက်ဘနွန်က စစ်ပွဲတွေလို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှာ မဟုတ်သလို မြန်မာ့အရေးကို အမေရိကန်ရဲ့ လက်ဝင်ပါ လာခဲ့ရင် အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ တုံ့ပြန်မှုနဲ့ ပါဝင်ပတ်သက်မှုက အခုထက်ပိုပြီး မြင့်တက်လာမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

ချုံ့ဆိုရရင် အမေရိကန် သမ္မတလောင်း ရွေးကောက်ပွဲရဲ့ သက်ရောက်မှုက အချို့သော ကမ္ဘာ့နိုင်ငံတွေ နည်းတူ မြန်မာနိုင်ငံ အပေါ်လည်း အတိုင်းအတာတခုထိ သက်ရောက်မှုရှိလိမ့်မှာ အသေအချာပင် ဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်ရဲ့ ၅ ရက်ကြာမယ့် တရုတ်နိုင်ငံ ခရီးစဥ်လည်း နိုဝင်ဘာ ၅ ရက်နေ့မှာ စတင်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက တရုတ်နိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ပထမဆုံးအကြိမ် ဖိတ်ကြားတာ ဖြစ်ပါတယ်။ မဟာမဲခေါင်ဒေသ အစည်းအဝေးနဲ့ အခြားအစည်းအဝေးတွေကို အကြောင်းပြုပြီး တရုတ်နိုင်ငံကို ဖိတ်ကြားခြင်းဟာ တဖက်မှာလည်း တရုတ်နိုင်ငံအနေနဲ့ နယ်စပ်တလျှောက် စစ်ပွဲတွေ ရပ်တန့်ရေး၊ BRI လို စီမံကိန်းမှာ မြန်မာနိုင်ငံရဲ့ ပူးပေါင်းပါဝင်မှု ကို အကောင်အထည်ဖေါ်နိုင်ရေး နဲ့ ၄င်းရဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကို ရပ်တန့်ဖို့ ဘယ်လို မဟာဗျူဟာနဲ့ နည်းဗျူဟာ သုံးရသုံးရ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီး စစ်ကောင်စီကို အဓိကနယ်ရုပ်တရုပ်အဖြစ် ယူဆကာ နားချ လုပ်ဆောင်စေလိမ့်မယ်လို့ ကောက်ချက်ချနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာစစ်ကောင်စီတို့ ဘယ်လို သဘောတူညီမှုတွေ ရကြမလဲ၊ ဘာတွေ ရလဒ်ထွက်ပေါ်မလဲ ဆိုတာတော့ မကြာခင် ရက်ပိုင်းအတွင်းအနည်းနဲ့ အများသိရှိနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *