မိုးမခ၊ ဒီဇင်ဘာ ၆၊ ၂၀၂၄
ကချင်ပြည်နယ် ဗန်းမော် နဲ့ မံစီတို့မှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ ပြန်လည်သိမ်းယူဖို့ ကြိုးစားလာတဲ့ မန္တလေးမြို့မြောက်ဘက်ဒေသ
သြဂုတ်လဝန်းကျင်က စတင်ပြောင်းလဲလာတဲ့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒရဲ့ အကျိုးသက်ရောက်မှုကြောင့် ရှမ်းမြောက်ဒေသတွေက တိုက်ပွဲတွေ အရှိန်လျော့ကျလာနေချိန် ကချင်ပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်းတွေမှာတော့ KIA လက်နက်ကိုင် အဖွဲ့က အရှိန်လျော့ကျသွားခြင်း မရှိဘဲ တနေရာပြီးတနေရာ ထိုးစစ်ဆင်တာ နယ်မြေသိမ်းယူတာတွေ လုပ်ဆောင်နေတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း အထူးဒေသ (၁) နယ်မြေထဲက ပန်ဝါ၊ ကန်ပိုက်တည် တို့ကို သိမ်းယူခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် NDA-K အဖြစ်ဖွဲ့စည်းခဲ့ကာ ထိန်းချုပ်ထားခဲ့တဲ့ ဒေသတွေအားလုံးကို KIA က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကချင်အထူးဒေသ (၁) နယ်မြေတွေဟာ ကမ္ဘာ့စျေးကွက်မှာ ဝယ်လိုအားကောင်းပြီး စျေးကောင်းရတဲ့ မြေရှားသတ္တုတွေ ထွက်ရှိတဲ့ နေရာတွေဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ တရုတ်နိုင်ငံဆီကို ဒေါ်လာဘီလီယံချီ တန်ဖိုးရှိတဲ့ ပမာဏအထိ တင်ပို့နေခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဒေသတွေကို ပြီးခဲ့တဲ့ လတွေအတွင်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ KIA လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့ အခုအခါ ကချင်ပြည်နယ် အရှေ့တောင်ဘက် တရုတ်နိုင်ငံနဲ့ နယ်စပ်မြို့နယ် ဒေသဖြစ်တဲ့ မံစီ၊ ဗန်းမော်မြို့တို့ကို သိမ်းယူဖို့လို့ ယူဆရတဲ့ ထိုးစစ်စတင်နေပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ၄င်းနဲ့နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံဘက်မှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တိုက်ပွဲဖော်ဆောင်တာတွေ ရပ်ဖို့နဲ့ အပစ်ရပ်ပြီး ဆွေးနွေးအဖြေရှာဖို့ ပြောဆိုပြီး အဆိုပါ အချက်တွေကို လိုက်နာဖို့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို ပိတ်ပင်တဲ့ နည်းလမ်းအသုံးပြုကာ ဖိအားပေးနေတာ ဖြစ်ပါတယ်။
အဆိုပါ ဖိအားပေးမှုရဲ့ အကျိုးဆက်အနေနဲ့ TNLA နဲ့ MNDAA လက်နက်ကိုင် ၂ ဖွဲ့ကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသမှာ အခြေစိုက်တဲ့ နောက်လက်နက်ကိုင် တဖွဲ့ဖြစ်တဲ့ KIA ကတော့ ထိုးစစ်တွေ၊ နယ်မြေသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်လုပ်ဆောင်နေတာ တွေ့ရပြီး အခုလို ဗန်းမော်၊ မံစီဘက်မှာ မြို့သိမ်းတိုက်ပွဲကို ဆက်လက် ဖော်ဆောင်လာတာ ဖြစ်ပါတယ်။ KIA အနေနဲ့ တရုတ်နိုင်ငံရဲ့ ပိတ်ဆို့မှုကို ကျော်ဖြတ်နိုင်ဖို့ နည်းလမ်း နဲ့ ကြိုတင်ပြင်ဆင်ထားတာမျိုး ရှိကောင်းရှိနိုင်ပြီး အခုလို စစ်ကောင်စီတပ်တွေ အင်အားချိနဲ့နေချိန် အခွင့်အလမ်းကို လက်လွှတ်မခံဘဲ နယ်မြေသိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေတဲ့ အနေအထားဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
KIA အဖွဲ့အနေနဲ့ ကချင်ပြည်နယ်ရဲ့ အချက်အချာကျတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေ ကို သိမ်းယူနိုင်ခဲ့ပြီး ဆက်လက်ထိန်းချုပ်ထားဖို့ ကြိုးစားနေပြီး သိမ်းယူရရှိခဲ့တဲ့ နယ်မြေတွေက တန်ဖိုးကြီးတဲ့ ကျောက်စိမ်း၊ မြေရှားလို သယံဇာတထွက်ရှိတဲ့ ဒေသတွေဖြစ်တာကြောင့် ဒီနယ်မြေတွေကို ထိန်းချုပ်ထားနိုင်ရေးက KIA အတွက် အရေးကြီးတဲ့ တာဝန်တရပ်လည်း ဖြစ် ကောင်းဖြစ်နိုင်ပါတယ်။
စစ်ပွဲကို ဆင်နွှဲနေတဲ့ KIA အနေနဲ့ ကချင်ပြည်နယ် ကချင်လူထုရဲ့ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေး အတွက် တိုက်ခိုက်တာနဲ့ တပြိုင်နက်တည်းမှာပဲ စစ်ပွဲတွေရဲ့ ကုန်ကျစရိတ် စစ်ပွဲအလွန်ကာလ ပြန်လည်ထူထောင်ရမယ့် အချိန်မှာ လိုအပ်တဲ့ ဘဏ္ဍာငွေ အရင်းအမြစ်တွေ လက်ဝယ်ရှိဖို့ လည်းလိုအပ်တာ ဖြစ်ပါလိမ့်မယ်။ စစ်ပွဲတွေကို ငွေကြေးနဲ့ တန်ဖိုးဖြတ်စဥ်းစား ချဥ်းကပ်တာမျိုး မဟုတ်သော်လည်း နိုင်ငံရေးနယ်ပယ်မှာ ပြောဆိုမှုအရဆို စစ်ပွဲတွေက အကျိုးစီးပွားတွေနဲ့ ဆက်နွှယ်နေလေ့ရှိတယ် ဆိုတဲ့အချက်ကိုလည်း လျစ်လျူရှုလို့မရပါဘူး။
အခုလို အခင်းအကျင်း အခြေအနေအောက်မှာ တရုတ်က ဖိအားပေးတဲ့အနေနဲ့ နယ်စပ်ဂိတ်တွေ ပိတ်တာ၊ ကုန်စည်တွေ မဝင်ရောက်အောင် ပိတ်ပင်တာတွေကိုလည်း KIO/KIA က ဒီဘက်က နယ်စပ်ဂိတ်ကို ပြန်ပိတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး မြေရှားသတ္တုတွေ တူးပြီး ရောင်းနေတာကို KIO/KIA က ပြန်ပြီး ကန့်သတ်လိုက်တယ် ဆိုပေမယ့် မြေရှားကို တရုတ်နိုင်ငံဆီ ရောင်းချတဲ့အခါ ဈေးက တကယ်တမ်း ပြင်ပပေါက်စျေးထက် အများကြီး ဈေးလျှော့ပေးပြီး ဝယ်ယူနေခဲ့တာကြောင့် နယ်စပ်ကုန်သွယ်ရေးလို့ ဆိုရာမှာ မြန်မာပြည်ဘက်အတွက် အကျိုးအမြတ် ဆိုတာထက် တရုတ်ပြည်က ကုန်သွယ်ဘက်တွေက အကျိုးအမြတ် ပိုများပြီးသား ဖြစ်တယ်လို့လည်း အကဲခတ်တချို့က သုံးသပ်ကြပါတယ်။ အခုလို စစ်ပွဲတွေကြားမှာ မျှတတဲ့ စဈေးနှုန်း၊ ရသင့်ရထိုက်တဲ့ စျေးနှုန်းမျိုး မရရှိကြတဲ့ အနေအထားလည်း ရင်ဆိုင်နေကြရတာမျိုးဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း သယံဇာတခွဲဝေ အသုံးပြုကြရာမှာ သာတူညီမျှ ခွဲဝေမှုမရှိခဲ့တဲ့ အချက်ကလည်း ပြည်တွင်းစစ် ဖြစ်ပွားရခြင်းရဲ့ အဓိကကျတဲ့ အချက်တချက်ဖြစ်ပြီး သယံဇာတနဲ့ စစ်ပွဲတွေက အကျိုးအကြောင်း ဆက်နွယ်နေကြတဲ့ အရာလို့ဆိုကောင်း ဆိုနိုင်ပါတယ်။
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေ နယ်မြေ၊ စစ်စခန်းနဲ့ မြို့တွေလက်လွှတ်ဆုံးရှုံးနေရချိန်မှာ ကချင်ပြည်နယ် တောင်ဘက် မန္တလေးမြို့ မြောက်ဘက်မှာတော့ TNLA နဲ့ မဟာမိတ် ဖြစ်တဲ့ MDY-PDF တွေ သိမ်းယူထားတဲ့ ရွာ၊ နယ်မြေအချို့ကို စစ်ကောင်စီဘက်က ပြန်လည်သိမ်းယူဖို့ အပြင်းအထန် ကြိုးစားနေတာတွေ့ရပါတယ်။ မတ္တရာ မြို့နယ်ထဲမှာ၊ သပိတ်ကျဥ်းမြို့နယ်ထဲမှာ စစ်ကောင်စီက ထိုးစစ်ဆင်နေပြီး မကြာခင် သီတင်းပတ်တွေက မန္တလေးမြို့နဲ့ နီးကပ်တဲ့နေရာတွေ အထိ ဝင်ရောက်လာနေတဲ့ MDY-PDF တွေသိမ်းထားတဲ့ နေရာတွေကို ပြန်လည် ရယူနိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုရဲ့ တောင်ဘက် ကျတဲ့ တောင်ခမ်းဘက်မှာ လအနည်းငယ်ကြာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားပြီးနောက် အခုအခါ စစ်ကောင်စီဘက်က အနည်းငယ် ပြန်လည်အင်အားဖြည့်လာနိုင်တဲ့ အနေအထားရောက်ရှိလာပြီး မန္တလေးမြို့ မြောက်ဘက် မတ္တရာနယ်၊ သပိတ်ကျဥ်းနယ်ဘက်ကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar