(မိုးမခ) ဒီဇင်ဘာ ၃၀ ၊ ၂၀၂၄
“မောင်းပြန်လေညှင်း သေခြင်းဖြည်းဖြည်းကို”
ဒီရက်ပိုင်း မင်းကြောင်လှိုင် အဲသီချင်းကြီးနဲ့ အဖီးလ်တလိုင်း လုပ်နေပြီ။ သူ့စကားအတိုင်းလက်နက်နဲ့ ငြိမ်းချမ်းရေး လဲသွားကြတော့ မဖီးလ်လို့ မရ။ သူ ပြောတာက AA TNLA MNDAA။ လဲသွားတာက သူ့ကောင် ဗိုလ်မှူးချုပ်တွေ။ သူမှ မဖီးလ် ဘယ်သူ ဖီးလ်မလဲ။ စစ်ဌာနချုပ်နှစ်ခု သေကွက်မလှ ရေစက်ချလိုက်ရပြီ။
“မောင်းပြန်လေညှင်း သေခြင်းဖြည်းဖြည်းကို”
ခေါကြူမကို လောပူထတုန်းကလို ဖီးလ်းကောင်းကောင်းနဲ့ တညလုံး ဖီးလ်ချင်ပေမယ့် ပီဒက်တွေရဲ့အပေါ်က ဒရုန်းထက် တပ်ထဲက ကောင်တွေက ထဝုန်းလိုက်မှာ ကြောက်လို့သာ လစ်ခဲ့ရတာ။
အဖီးလ်ပြေမလား မှတ်ပြီး ရေတပ်ပွဲ ဒိုးပါမှ အဖီးလ်ရယ် ဘယ်မပြေ ဖြေပါနိုင် ဖြစ်ရပြန်သလေ။ ရေချုပ်က အသေအုပ်လွှတ်လိုက်လို့ “မောင်းပြန်လေညှင်း သေခြင်းဖြည်းဖြည်းကို” ဘဲ ထပ်ဖီးလ်ရပြန်ရော။ ရေတပ်သင်္ဘော ရေချမယ်ဆိုပြီး ဖောတာ အဟုတ်မှတ်လို့ ငါကွ သာဝဆို သွားလိုက်တာ၊ ဟိုရောက်မှသိ ငပိလောက်တက် မရှိတဲ့ အရှက်ထပ်ကွဲတာက သင်္ဘောက အခွံကြီး၊ ထိပ်မှာစည်းထားတာက ကရင်နီအလံ၊ ရေချတယ် ဆိုတာ အမှန်က ဘုရင်တွေ ရေနှစ် သတ်ခံရတာလေ။ အဲသမှာ သင်္ဘောအခွံကို မအလကို ဘာမဆို ရှုံးလွန်းလို့ သူ့တပ်ထဲက အထာနဲ့ ပြောင်ခေါ်တဲ့သာလွန်မင်း ဆိုတဲ့ နာမည်ပေးပြီး ရေချတာဟာ သူ ရေနှစ်သတ်ခံရမယ့် ယတြာအစီအရင်လေ။
ဖီးလ်စိတ်တွေ တလိမ့်လိမ့်တက်လာပြန်
“မောင်းပြန်လေညှင်း သေခြင်းဖြည်းဖြည်းကို”
ထပ်ဖီးလ်လိုက်ပြန်နဲ့ ဖီးလ်မဝနိုင် အရီးလှမြိုင်။
မဝဆို ဟိုကောင် နပခ စစ်ဦးစီးကောင်။ သံခြေချင်းနဲ့ စောက်ရှက်ခွဲတဲ့ကောင်။ အဲကောင်က
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ကျွန်းမှာ ရှိနေကြတဲ့ အရာရှိတွေ စစ်သည်တွေအကုန် အမြန်ဆုံး လက်နက်ချ အလံဖြူထောင်ကြတဲ့၊ ပြောပုံက။ သူ့ရုပ်ကြီးနဲ့ ထွက်လာတော့ တပ်ထဲမှာ မပြတ်ဆဲ။ ဆဲတာက မင်းကြောင်လှိုင်ကို။ တပ်တခုလုံး ဝုန်းဒုန်းကြဲတော့မယ့် အခြေ။ ကျော်ကျော်သန်း မွှေချက်၊ သူ့ကို ဟယ်ရီကော်ပတာနဲ့ဆွဲမထုတ်လို့ အုပ်တာလေ။
ပိုဆိုးတာက တပ်တခုလုံးရဲ့ လီးဒါးရှစ်စကေးလ်အမြင့်ဆုံးကောင်ကိုမှ “မင်းတို့တွေအနေနဲ့ ခေါင်းဆောင်မှု မပီသသူတွေရဲ့ အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်ခြင်း မပြုကြဖို့နဲ့ အာရက္ခတပ်တော်နဲ့ အမြန်ဆက်သွယ်ပြီးတော့ လက်နက်ချ အလင်းဝင်ကြပါ။ တိုက်ပွဲတွေမှာလည်းပဲ အမြန်ဆုံး အလံဖြူထောင်ပြီးတော့ လက်နက်ချကြပါ။ အာရက္ခတပ်တော် အနေနဲ့ လက်လွတ်စပယ် မလုပ်ပါဘူး။ ဥပဒေနဲ့အညီပဲ ဆက်ဆံပါတယ်။ အာရက္ခတပ်တော်က ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းထားရှိပါတယ်” လို့ ပြောတဲ့အချက်။ ပြီးတော့ ထမင်းကို ခုနစ်ဘဝလောက် မမြင်ဖူးသလို ကြည့်ပြီး အငမ်းမရ ဆွဲနေတဲ့ စစ်သားတွေ ဗီဒီယိုနဲ့ တက်လာတာ။
သူ့အောက်က ကောင်တွေတင် သူ မပြောဘဲ နေပူတော်ပါ လှမ်းကစ်သွားသေးတာ၊ ဘာတဲ့၊ “နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ၊ ဘဝတွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ် ဆိုတာကို လက်ခံပေးပါ” တဲ့။ အရှုံးကို လက်ခံပါတဲ့။ အရှုံးများ လက်ခံဖို့ လွယ်မှတ်နေလား။ မြန်မာ့တပ်မတော်ကို မန်ယူ မှတ်နေလား။
သူတို့ကို အစာငတ်ရုံမက ရေငတ်ပါ ပစ်ထားကြောင်းတွေ ခဲယမ်းမရှိတာတော့တာတွေပါ နတ်သံနှောသွားသေးတာ။ အမယ် အာရက္ခတပ်တော်ရဲ့ လက်အောက်မှာ ကျန်းမာပကတိ ချမ်းသာစွာရှိနေပါတယ်လို့ မိသားစုကိုပါ အမှာတော် လှမ်းပါးလိုက်သေး။ အင်း တွေ့ကြသေးတာပေါ့။
ဒင်းက ဒီလောက်နဲ့မပြီးဘူး။ မြှောက်ပေးစရာ ဒါလေးပဲ ရှိမှန်းသိရက်နဲ့ လေဘဲတွေကို တရားရေအေး တိုက်ကျွေးသွားသေးတယ်။
“ပြည်သူလူထုကို ဗုံးကြဲနေတာတွေ၊ အကြမ်းဖက်တာတွေ ရပ်တန့်ပေးပါ။ ဆက်လက်လုပ်ဆောင်မယ် ဆိုရင် တပ်မိသားစုတွေ ပြည်သူတွေရဲ့ အမုန်းတရားတွေ ၊ နာကြည်းမှုတွေကိုပဲ မျိုးဆက်လိုက် ရရှိခံစားရလိမ့်မယ် ဆိုတာကို သိစေချင်ပါတယ်” တဲ့။ မျိုးဆက်လိုက် ဆိုတာပါ သေချာထည့်ပြောသွားသေးတာ။ ဒင်းတော့လား။ ဒင်းမျိုးဆက်ပါ ချိုးဖျက်လိုက်ရရင် ဖျင်ထဲ ဒူးရင်းသီးဝင်သွားသလို ဖြစ်တော့မယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar