စစ်တွေ , ဇန်နဝါရီ ၄
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကလေးပြိုင်ပွဲနှင့်အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက လွတ်လပ်ရေးနေ့ကို နှစ်စဉ်နှစ်တိုင်း သတိရစေရန် နှစ်စဉ်လွတ်လပ်ရေးနေ့ရောက်ရှိတိုင်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ကြကြောင်း၊ နိုင်ငံတော်အစိုးရကလည်း နိုင်ငံ၏တာဝန်ကို ထူးချွန်စွာထမ်းဆောင်ခဲ့သူများကို လွတ်လပ်ရေးနေ့တွင် ဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပခဲ့သည့် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများဖြစ်သည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးအပြေးပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကလေးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပခဲ့သည့်အတွက် ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သည့်အခမ်းအနားကို ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအနေဖြင့် ယခုနှစ်တွင်ထူးချွန်ဆုများရရှိအောင် ကြိုးစားဆောင် ရွက်ခဲ့သကဲ့သို့ နောင်နှစ်များတွင်လည်း ယခုကဲ့သို့ထူးချွန်ဆုများ ရရှိအောင်ပိုမိုကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က အသက်(၁)နှစ်မှ (၆)လအထိကလေးပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် အမွှာကလေးပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က မွေးကင်းစမှ (၆)လအထိကလေးပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အသက်(၆)လမှ (၁)နှစ်အထိကလေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ၊ ဆုရအသင်းများနှင့် ဆုရအားကစားသမားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတာဝန်ရှိသူများသည် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် လွန်ဆွဲပွဲတွင် ဆုရရှိသောအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း
https://t.me/MyanmarNationalPost