ylliX - Online Advertising Network

ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ် – iMyanmarHouse.com


ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း Tregastel အရပ်ရှိ ပန်းရောင် နှမ်းဖတ်ကျောက် ကျောက်ဆောင်ကြီး များနှင့် သဲသောင်ကမ်းခြေတို့က ကမ္ဘာလှည့်ခရီးသွားများကို ဖမ်းစားထားသည်။

အကယ်၍ သင့်အနေဖြင့် အဆိုပါ ဒေသတွင် ခြေချရာနေရာတစ်ခု ရှာဖွေနေသည်ဆိုပါက ဖိတ်ဖိတ်လက် နေသော စိမ်းပြာရောင် ရေပြင်တို့က ကျောက်ဆောင်ထူသော ကမ်းခြေတို့ကို ရိုက်ပုတ်လျက်ရှိနေသည့် ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်မှ ၁၉ ရာစု ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေမှု ရှိသည်။

အရောင်းဈေးကွက်တင်ပေးသူမှာ Sotheby’s International Realty အိမ်ခြံမြေကုမ္ပဏီမှ Peter Bos ဖြစ်သည်။

ရဲတိုက်ကြီးကို Chateau de Costaeres ဟု အမည်ပေးထားပြီး နီယိုး ဂေါ့သစ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။

Ploumanac’h တံငါရွာလေးအနီးတွင် တည်ရှိပြီး ပန်းရောင် နှမ်းဖတ်ကျောက်ဆောင်များရှိသည့် ကမ်းရိုးတန်းဆီသို့ မျက်နှာမူထားသည်။

အရောင်းကြော်ငြာတွင် ဖော်ပြချက်အရ ရဲတိုက်ကြီးကို ဆောက်လုပ်ခဲ့သူမှာ လစ်သူယေးနီးယားဇာတိ ပိုလန်နိုင်ငံသား သင်္ချာပညာရှင်၊ အင်ဂျင်နီယာ-တီထွင်သူတစ်ဦးဖြစ်သည့် Bruno Abdank-Abakanowicz ဖြစ်ပြီး ၁၈၉၅ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မူလက ပိုလန်အနုပညာရှင်များ တွေ့ဆုံရာနေရာအဖြစ် အသုံးပြုခဲ့သည်။

ဤရဲတိုက်ကြီးသို့ လာရောက်လည်ပတ်ခဲ့သူများတွင် နိုဘယ်ဆုရ စာရေးဆရာ ဟိန်းနရစ် ရှင်ကျယ်ဗစ် (Henryk Sienkiewicz) လည်း ပါသည်။

((မှတ်ချက်။ ရှယ်ကျယ်ဗစ်၏ အကြောင်းကို ဆရာဇော်ဂျီက ၁၉၆၁ ခုနှစ်၊ မတ်လထုတ် ငွေတာရီမဂ္ဂဇင်းတွင် ရေးသားဖူးသည်။ ရှယ်ကျယ်ဗစ်၏ ဘဝဇာတ်ကြောင်းသည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ဘဝနှင့် ဆင်တူသည်ဟု ဆရာဇော်ဂျီကဆိုသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် မြန်မာနိုင်ငံလွတ်လပ်ရေး အတွက် ကလောင်ထမ်း၍ ပါဝင်ခဲ့သလို ရှင်ကျယ်ဗစ်သည်လည်း ပ်ိုလန်လွတ်လပ်ရေးအတွက် ကလောင်ထမ်း ကာ ပါဝင်ခဲ့ကြောင်း ဆရာဇော်ဂျီက ရေးသားဖော်ပြသည်))

စာရေးဆရာကြီး ရှင်ကျယ်ဗစ်သည် ယခုရဲတိုက်ကြီးသို့ လာရောက်လည်ပတ်ပြီးနောက် သူ၏ အရောင်းရဆုံး ဂန္ထဝင် ဝတ္ထုကြီးဖြစ်သော Quo Vadis ကို ရေးသားရန် စိတ်ကူးစိတ်သန်း ရသွားသည်ဟု ဆိုသည်။

((မှတ်ချက်။ Quo Vadis ကို မြန်မာနိုင်ငံတွင် ဆရာအောင်ခန့်က မီးလျှံနှင့် ကြာဖြူဟု မြန်မာပြန်ဆိုထားသည်။ တန်ခိုးအာဏာစည်းစိမ်ကို မက်မောကာ လူလူချင်းညှင်းပန်းနှိပ်စက်သောလမ်းနှင့် လူသားကောင်းကျိုး ဆောင်ရွက်သော လမ်းနှစ်သွယ်တွင် မည်သည့်လမ်းကို လျှောက်ကြမည်နည်းဟူသော ပုစ္ဆာကို စာဖတ်သူအား အဖြေရှာခိုင်းထားသည်))

(ရဲတိုက်ကြီးအနီးရှိ တောအုပ်မှာ လျှို့ဝှက်မှုနှင့် ညို့ငင်ဓာတ်တို့ ရှိနေသည်။ ဓာတ်ပုံ-Bretagne Sud Sotheby’s International Realty)

ကျွန်းမှာ အကျယ်အဝန်း ၁ ဟက်တာရှိပြီး မြောက်ဘက်နှင့် တောင်ဘက်တို့တွင် သဲသောင်ကမ်းခြေများ ရှိသည်။

အရှေ့နှင့် အနောက်ဘက် ကမ်းစပ်များတွင် ကျောက်ဆောင်ကြီးများရှိသည်။

ကျွန်း၏ အတွင်းပိုင်းသို့ ဝင်သွားလျှင် သစ်ပင်မျိုးစိတ်ပေါင်း ၂၀၀ ခန့်၊ ခြုံနွှယ်များ၊ ပန်းပင်များဖြင့် စိမ်းလန်းစိုပြည်သော အခင်းအကျင်းက ဆီးကြိုနေမည်ဖြစ်သည်။

သစ်ပင်အုပ်များကြားမှလာရင်း တဖြည်းဖြည်းချင်း ကျွန်းအလယ်ရှိ ရဲတိုက်၏ မျက်နှာစာကို တွေ့လာမည် ဖြစ်သည်။ ပြအိုးများပါဝင်သော ရဲတိုက်ကြီးတွင် အထပ် ၄ ထပ်ပါဝင်သည်။

၁၉၈၀ ပြည့်နှစ်အတွင်း အနုစိတ်ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ မူရင်းလက်ရာများကိုလည်း ထိန်းသိမ်းထားခဲ့သည်။

(ရဲတိုက်ကြီးအတွင်း အမိုးခုံး စင်္ကြန်လမ်းများနှင့် ကျောက်တုံးမီးလင်းဖိုကြီးများ ရှိသည်။ ဓာတ်ပုံ-Bretagne Sud Sotheby’s International Realty)

 

(ဓာတ်ပုံ-Bretagne Sud Sotheby’s International Realty)

 

(တောအုပ်အတွင်း လူသွားလမ်းလေးမှတဆင့် ရဲတိုက်ကြီးဆီသို့ တွေ့မြင်ရပုံ။ ဓာတ်ပုံ-Bretagne Sud Sotheby’s International Realty)

 

(ကျောက်တုံးများ ခင်းထားသော အဝင်ခန်းမ။ ဓာတ်ပုံ-Bretagne Sud Sotheby’s International Realty)

 

(အမိုးခုံး အဝင်ခန်းမမှတဆင့် ဧည့်ခန်းနှင့် ညစာစားခန်းတို့ဆီ ရောက်သည်။ ဓာတ်ပုံ-Bretagne Sud Sotheby’s International Realty)

 

(လင်းလင်းချင်းချင်းရှိသော ညစာစားခန်းတွင် မီးလင်းဖိုကြီးတစ်ခုလည်း ရှိသည်။ ဓာတ်ပုံ-Bretagne Sud Sotheby’s International Realty)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A 19th-Century Castle on a Private Island in France Lists for $9.8 Million Photo Credit- Bretagne Sud Sotheby’s International Realty



Source link

Leave a Reply

Your email address will not be published. Required fields are marked *