ylliX - Online Advertising Network
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၀ )

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၀ )


(မိုးမခ) ဒီဇင်ဘာ ၁၃ ၊ ၂၀၂၄

13/12/24

Diary in the darkness 

သတင်းကောင်းတွေက ကျွန်တော်တို့အတွက် ၉၆ ပါး ရောဂါပျောက်ဆေး၊ အစွမ်းထက် အားဆေးတွေပါ။ 

ဒီမနက် ဆွမ်းခံကြွတဲ့ သံဃာတွေထဲမှာ အရွယ်ကောင်း သံယာတော်တွေပါမလာတော့ဘူး။

သက်ကြီးသံဃာတော် လေးငါးပါးသာ ဆွမ်းခံကြွလာပါတယ်။ ယခင်နေ့များက ဆိုလျှင် အရွယ်စုံ သံဃာ ဆယ့်လေးငါးပါး ကြွနေကြ။ ဒီအကြောင်းအရာကို တနေ့က ရပ်ကွက်ထဲမှာ ဧည့်စာရင်းစစ်ခြင်း၊ စစ်မှုထမ်းဥပဒေကို အကြောင်းပြုကာ ‌တအိမ်လျှင် သိန်းချီ ငွေကောက်ခံခြင်း ၊ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်တွေ ရခိုင်တွင် လက်နက်ချခြင်းတို့နဲ့ ဆက်စပ်ကာ ရပ်ကွက်ထဲကလူတွေ က စိုးရိမ်စိတ်တွေ ပွားများ၊  တစ်ယောက်နဲ့တစ်ယောက်လည်း အထိတ်တလန့်  ပြောဆိုနေကြတယ်။

ဆီရီးယား အာဏာရှင် အာဆပ် တစ်ယောက် တော်လှန်ရေးတပ်တွေကို အချိန်တိုအတွင်း အရှုံးပေးကာ ရုရှားကို ထွက်ပြေးခြင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ခုံရုံးသို့ လျှောက်ထားခြင်း၊ မြန်မာနိုင်ငံ တနံတလျှားတွင် စစ်ကောင်စီတပ်တွေ ခွက်ခွက်လန်အောင်စစ်ရှုံးနေခြင်း စသော အကြောင်းအရာများကြောင့် တော်လှန်ရေးကို ထောက်ခံသော လူထုကြီးမှာ အားတက်နေကြတယ်။ သူတို့ ဆန်တအိတ်ကို နှစ်သိန်းကျော် နေခြင်း ၊ ရွှေဈေး တကျပ်သားကို သိန်းခြောက်ဆယ် ကျော်နေခြင်း၊ ကန်စွန်းရွက်တစ်စည်းကို တစ်ထောင်၊ ကြက်ဥတစ်လုံးငါးရာ၊ ဆီတပိသာ နှစ်သောင်းဝန်းကျင်၊ တနေ့ကို လျှပ်စစ်မီးလာချိန် လေးနာရီခန့်သာ ရှိနေခြင်း စသော နိစ္စဓူဝ ဒုက္ခများကို ခဏမေ့ထားကြတယ်။ 

ဖေါ့ဖြူပြားကို ခေါင်းပေါ်တင်ကာ ခြေထော့ကျိုးလျှောက်လျှက် AA ထံတွင် လက်နက်ချ လာကြတဲ့ စစ်ကောင်စီတပ်သားတွေ၊ လူယုတ်မာ စစ်ဗိုလ်ချုပ်သူရိန်ထွန်း ဒူးထောက်အညံ့ခံနေတဲ့ ဓာတ်ပုံတွေကို ထပ်ဖန်တလဲလဲကြည့်ကာ ကျွန်တော်တို့ စကားတွေ ဖောင်ဖွဲ့နေမိကြ။ 

ကျွန်တော် သောက်နေကျ ဆီးချိုဆေး၊ သွေးတိုးဆေး၊ ကျောက်ကပ်ဆေးတွေ ဈေးတွေ ခုန်တက်၊ အချို့ ဝယ်မရ။ 

ဒါပေမဲ့ စိတ်မပူ။ သတင်းကောင်းတွေက ကျွန်တော်တို့အတွက် ၉၆ ပါး ရောဂါပျောက်ဆေး၊ အစွမ်းထက် အားဆေးတွေပါ။ 

မသေခင် နွေဦးတော်လှန်ရေး အောင်ပွဲကို မြင်ရမယ်လို့ ယုံကြည်မိ။ 

အောင်ပွဲ ခံနိုင်ဖို့ အသက်ရှည်အောင် နေရပါဦးမယ်။

အန်ကယ် တူမီး

13/12/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *