ylliX - Online Advertising Network
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၂ )

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၂ )


(မိုးမခ) ဒီဇင်ဘာ ၃၀ ၊ ၂၀၂၄

29/12/24

Diary in the darkness 

ဗမာလူမျိုးကြီးဝါဒီ စစ်ကောင်စီ ကျဆုံးခန်းကို စစ်တပ် ထောက်ခံသူတွေက ဗမာလူမျိုးတွေ ကျဆုံးနေသယောင် ပြောပြီး တော်လှန်ရေးအင်အားစုကို သပ်လျှိုလိုက်တာ မနက်လင်းလင်းချင်း သတင်းတက်လာတယ်။ ဂွမြို့ AA လက်အောက် လုံးဝ ကျရောက်သွားပြီတဲ့။ သံချပ်ကာကားတွေ ဆယ်စီးထက်မနည်း လမ်းဘေးရပ်ထားပြီး စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ 

ဧရာဝတီတိုင်းကို AA က ခြိမ်းခြောက်နေပြီ။ တော်လှန်ရေး အင်အားစုတွေ အောင်စိတ် တက်ကြွနေကြတယ်။ စစ်ကောင်စီတပ်သားတွေကတော့ AA ဘက်က သေနတ်သံပေးလိုက်တာနဲ့ လက်နက်ချ အလင်းဝင်မယ်လို့ အသံပေးနေတယ်။ စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းမှုတွေ ပိုကြမ်းလာတယ်။ အိမ်တွေထဲအထိ ဝင်ဆွဲနေကြတယ်။ လမ်းလယ်ကောင်တွေ အိမ်ရာဝင်းတွေ၊ ကားဂိတ်တွေ၊ သ‌င်္ဘောဆိပ်တွေမှာလည်း လူတွေကို ပေါ်တင်ဆွဲကြတယ်။ စက်ရုံ အလုပ်ရုံက လူငယ်တွေလည်း အဓမ္မ စစ်သားစုဆောင်းခံနေရလို့ ထိတ်လန့်နေကြတယ်။ လူငယ် အလုပ်သမားတွေ ရှားပါးသွားတယ်။ လူပျောက်ရှာသူတွေ များလာတယ်။ လူငယ်တချို့ taxi ငှားစီးရာမှာ ဒလန်တွေရဲ့ taxi ကို ငှားမိလို့ အဓမ္မ စစ်သားစုဆောင်းတဲ့ တပ်ထဲ အရောက်ပို့ခံလိုက်ရတဲ့ သတင်းတွေ တက်နေတယ်။ ရန်ကုန်မြို့လယ်ကောင်မှာ ည ၇ နာရီဆို လူရှင်းသွားပြီ။ အသွားအလာနည်းသွားပြီ။ မြောက်ဒဂုံလို မြို့စွန်ရပ်ကွက်တွေမှာတော့ မီးထိန်ထိန်လင်းနေတဲ့ KTV တွေ မှိုလို ပေါက်လာကြတယ်။ လူသတ်မှု၊ လုယက်မှု၊ ခိုးမှုတွေကတော့ လူထုနဲ့ အသားကျနေပြီ။ ကျွန်တော့် နှမ ကုန်စုံဆိုင်ကလေးကတော့ တစ်ရက် သုံးသောင်းဖိုး‌လောက် နေ့စဉ် အလစ်သုတ်ခံနေရကြောင်း သိရပါတယ်။ တရက် အမြတ်ငွေဟာ အလစ်သုတ်ခံရတာနဲ့ ကုန်နေကြောင်း ပြောပြပါတယ်။ အလစ်သုတ်နေတာ တွေ့ပေမယ့် မအော်ရဲဘူး။ လူကိုပါ ရန်ရှာမှာစိုးလို့တဲ့။ သူတို့က အုပ်စုလိုက်လာကြတာ။

ဘောမ လို့ လူထုက ခေါ်တဲ့ စစ်ကောင်စီလော်ဘီတွေ မင်းအောင်လှိုင်ကို ပြန်ဆဲနေကြတယ်။ သူတို့ ရဲ့ ဗမာတွေနဲ့ တိုင်းရင်းသား သွေးခွဲရေး ဝါဒဖြန့်ချိမှုဟာ မအောင်မြင်ဘူး။ မြန်မာပြည်က တော်လှန်ရေး လိုလားတဲ့သူတွေဟာ AA က ထွန်းမြတ်နိုင်၊ KIA က ဂွမ်မော် တို့ကို အားကျနေကြတယ်။ 

၈၈ ဦးကိုကိုကြီးနဲ့ စစ်တပ်ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေက ဗမာတွေ ကျဆုံးနေပြီလို့ သုံးသပ်ပါတယ်။ တကယ်တော့ ဗမာ အပါအဝင် တော်လှန်ရေးအင်အားစုတွေ အောင်ပွဲဆင်နေပြီး ဗမာလူမျိုးကြီးဝါဒီ စစ်ကောင်စီတွေ ကျဆုံးနေတာဖြစ်တယ်လို့ နိုင်ငံရေးစိတ်ဝင်စားသူတွေက သုံးသပ်ပါတယ်။ ဗမာလူမျိုးကြီးဝါဒီ စစ်ကောင်စီ ကျဆုံးခန်းကို စစ်တပ် ထောက်ခံသူတွေက ဗမာလူမျိုးတွေ ကျဆုံးနေသယောင် ပြောပြီး တော်လှန်ရေးအင်အားစုကို သပ်လျှိုလိုက်တာလို့  လူတိုင်းနားလည်ကြပါတယ်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးဟာ လူထုအသည်းမှာ စွဲနေပြီမို့ စစ်ကောင်စီရဲ့ လှည့်စားမှုဟာ အရာမထင်တော့ပါဘူး။ 

တနေ့က သရုပ်ဆောင် ဖြူဖြူထွေးကို ဒေါ်စု ဆန့်ကျင်ရေးအတွက် စောင်းမြောင်း သရုပ်ဆောင်ဖို့ ခိုင်းခဲ့တဲ့ ကြော်ငြာကုမ္ပဏီဟာ စစ်ကောင်စီအမာခံ ကုမ္ပဏီတွေ ဖြစ်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ပေါ်ပေါက်ခဲ့ပြီနောက် စစ်ကောင်စီ ထောက်ခံသူ သရုပ်ဆောင်တွေ အကြား ထိတ်လန့်တကြားဖြစ်သွားခဲ့တယ်။ ဒေါ်စု သိက္ခာကျဖို့ ရည်ရွယ်ရိုက်ကူးခဲ့တဲ့ ကြော်ငြာကြောင့် ဒေါ်စုကို လူထုက ဘယ်လောက်ထောက်ခံနေသလဲဆိုတာ ဘွားဘွားကြီး ပေါ်သွားစေပါတယ်။ စစ်ကောင်စီရဲ့ ဒေါ်စုဆန့်ကျင်ရေး ဝါဒဖြန့်မှုဟာ ဆန့်ကျင်ဘက် သက်ရောက်မှုဖြစ်သွားပါတယ်။ သင်ခန်းစာပါပဲ။

စစ်တပ်က အာဏာသိမ်ပြီး လေးနှစ်အကြာမှာ တော်လှန်ရေးတပ်တွေဟာ မြို့ပေါင်းရာနဲ့ချီ သိမ်းပိုက်ခဲ့ကြတယ်။ စစ်ကောင်စီ အရာရှိကြီများနဲ့ ထောင်ချီတဲ့ တပ်သားတွေဟာ ဒူးထောက် အလင်းဝင်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးဖို့ နိုင်ငံတကာရဲ့တောင်းဆိုသံတွေ ပိုမိုကျယ်လောင်လာတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပွဲကြိုက်သူကြီး၊ ဝရမ်းပြေး အလောင်းအလျာကြီး၊ သမ္မတရူးကြီးလို့ လူတွေက လှောင်ပြောင်ခေါ်နေကြပါပြီ။

ကျွန်တော်ကတော့ မီးလာတဲ့အချိန် ထမင်းချက်၊ ရေတင်၊ သတင်းနားစွင့်၊ စစ်ကောင်စီရဲ့ စစ်ရှုံးသတင်းတွေကို တအိမ်တက် တအိမ်ဆင်း တိုးတိုးတိတ်တိတ် လိုက်ပြောလိုက်နဲ့ မနားရပါဘူးဗျာ။ 

အာဏာရှင်လက်အောက်က အဘိုးကြီးတစ်ယောက်ရဲ့ နေဝင်ချိန်ဟာ ဒီလိုနဲ့ပဲ ကုန်ဆုံးရပါတော့မယ်။ 

အန်ကယ် တူမီး

29/12/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *